သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား မြန်မာပြည်ခရီး အကျိုးရလဒ်


အမေရိကန်သမ္မတ အိုဘားမား မြန်မာနိုင်ငံကို အချိန်အခါမသင့်ဘဲ သွားရောက်ခဲ့တာဖြစ်တယ်လို့ ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။ တချိန်တည်းမှာဘဲ ဒီခရီးစဉ်ဟာ တရုတ်အဖို့ စိုးရိမ်စရာဖြစ်လိမ့်မယ်လို့ တွက်စမှုတွေကလည်း ရှိနေတာပါ။ ဒီကိစ္စတွေနှင့် ပတ်သက်ပြီးတော့ အမေရိကန်ပြည်ထောင်စုက မြန်မာ့အရေးကျွမ်းကျင်သူ ပါမောက္ခ David Steinberg နှင့် ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ်တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ပါမောက္ခ စတိုင်ဘတ် ခင်ဗျာ။ သမ္မတ အိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ဘယ်လောက်ထူးခြားမှု ရှိပါသလဲ။

Prof. Steinberg ။ ။ သိပ်ကိုထူးခြားပါတယ်။ ၂၀၀၉ ခုနှစ်မှာ သမ္မတ အိုဘားမား တက်လာပြီးတဲ့နောက် ပြောင်းလဲလာတဲ့ နိုင်ငံခြားရေးဝါဒနှင့် ၂၀၁၁ မှာ နိုင်ငံခြားရေးဝန်ကြီး ဟယ်လရီ ကလင်တန် ရဲ့ ခရီးစဉ်တွေ ပေါင်းပြီး ဖြစ်ထွန်းလာတဲ့ ရလဒ်ပါ။ မြန်မာနိုင်ငံ ပွင့်လင်းလာဖို့ အမေရိကန်ရဲ. ကြိုးပမ်းမှုနှင့် မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲမှုတွေ အရှိန်မြှင့်မားလာတာလဲ ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမယ့် ဝေဖန်သူတချို့ကတော့ သမ္မတ အိုဘားမား ရဲ့ မြန်မာနိုင်ငံခရီးစဉ်ဟာ အချိန်မတန်သေးဘဲ သွားတဲ့ခရီးစဉ် ဖြစ်တယ်၊ Premature ဖြစ်တယ်လို့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံမှာ အမေရိကန် သမ္မတကြီး တစ်ယောက်လုံး သွားရလောက်အောင် အခြေအနေက တိုးတက်ပြောင်းလဲလာမှု မရှိသေးဘူးလို့ ဆိုကြပါတယ်။

Prof. Steinberg ။ ။ ဒါမှန်တယ်လို့ ကျနော်တော့ မထင်ပါဘူး။ ဒီခရီးစဉ်ဟာ သွားဖို့မတန်သေးတဲ့ ခရီးစဉ်လို့လဲ မထင်ပါဘူး။ ဒီဝေဖန်ချက်တွေကို ကျနော် အများကြီးကြားရပါတယ်။ မြန်မာနိုင်ငံဟာ အာရှနိုင်ငံတွေအနက်မှာ အလျင်မြန်ဆုံး၊ အတွက်လက်ဆုံး ပြုပြင်ပြောင်းလဲမှုတွေအတွက် လုပ်ဆောင်နေတဲ့ နိုင်ငံဖြစ်တယ်ဆိုတာကို သတိပြုသင့်ပါတယ်။ ဒါကြောင့် သမ္မတ အိုဘားမားရဲ့ ခရီးစဉ်ဟာ ဒီပြုပြင်ပြောင်းလဲမှုတွေကို ပိုပြီး ရှေ့တိုးသွားစေမှာတာ ဖြစ်တယ်လို့ ကျနော်တော့ ထင်ပါတယ်။ ဒါကြောင့် ဒီလိုသွားတာဟာ သိပ်ကို ကောင်းမွန်တဲ့လုပ်ရပ်ပါ။

ဦးကျော်ဇံသာ ။ ။ တချို့ ထောက်ပြကြတာကတော့ မြန်မာနိုင်ငံဟာ သမ္မတ အိုဘားမားရဲ့ နိုင်ငံခြားရေးမူဝါဒ တစ်ခုလုံးမှာ တစ်ခုတည်းသော အောင်မြင်မှု။ ဒါ Only Success Story လို့ ဆိုကြပါတယ်။ ဒါကြောင့် အိုဘားမားဟာ သူ့ရဲ့အောင်မြင်မှုကို ပိုပြီး မီးမောင်းထွန်းပြချင်လို့ Highlight လုပ်ပြချင်လို့ မြန်မာနိုင်ငံကို သွားခဲ့တာဖြစ်တယ်။ တကယ်တော့ မြန်မာနိုင်ငံဘက်က အခြေအနေက သမ္မတ တစ်ယောက်သွားရလောက်အောင် ဘာမှတိုးတက်တာ မရှိသေးဘူးလို့ ပြောနေကြတာပါ။

Prof. Steinberg ။ ။ မြန်မာနိုင်ငံ အပြောင်းအလဲဟာ အိုဘားမားအဖို့တော့ အရှေ့အာရှဒေသမှာ အောင်မြင်တစ်ရပ်ဖြစ်တယ် ဆိုတာ မှန်ပါတယ်။ အပြောင်းအလဲတွေ အမြဲတမ်းရှိနေတဲ့အတွက် နိုင်ငံခြားရေးဝါဒ တစ်ရပ်ဟာ အကြွမ်းမဲ့အောင်မြင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် ဒီခရီးစဉ်ကတော့ အိုဘားမား အစိုးရရဲ့ စစ်မှန်တဲ့ အောင်မြင်မှုတစ်ရပ်ဖြစ်ပါတယ်။ ချက်ချင်းလက်ငင်း အကျိုးသက်ရောက်မှုရှိနိုင်တဲ့ လုပ်ရပ်လည်းဖြစ်ပါတယ်။ အာရှတိုက်ဆိုင်ရာ မူဝါဒ အလည့်အပြောင်းရဲ. အောင်မြင်မှုလို့ ပြောဖို့တော့ သိပ်စောနေပါသေးတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကတော့ အမှန်တကယ် အောင်မြင်မှုပါ။ နိုင်ငံခြားရေးဝန်ကြီးဌာနက ဂရုတစိုက်နှင့် သေသေချာချာ ချမှတ်ဆောင်ရွက်ခဲ့တဲ့ မူဝါဒလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါကတော့ အမေရိကန်ဘက်က ကြည့်တာပေါ့ ပါမောက္ခ ခင်ဗျာ။ သူတို့ဘက်က ကြည့်ပြီးတော့၊ တိုင်းတာပြီးတော့ သွားလိုက်တဲ့ ခရီးစဉ်လို ဖြစ်နေပါတယ်။ မြန်မာနိုင်ငံ အခြေအနေကကော လုံလောက်တဲ့ ကောင်းမွန်မှု ရှိရဲ.လားဆိုတာကိုကော ထည့်မတွက်သင့်ဘူးလား ခင်ဗျာ။

Prof. Steinberg ။ ။ ဒီ လုံလောက်တဲ့ အခြေအနေကောင်း ဆိုတာက မှန်ကန်တဲ့ အသုံးအနှုန်းလို့ ကျနော်တော့ မထင်ပါဘူး။ ဒီနေရာမှာ တွေ့ရတဲ့ သဘောကတော့ မြန်မာပြည်သူတွေရဲ. ဘဝတွေ တိုးတက်ကောင်းမွန်ဖို့အတွက်၊ သူတို့ရဲ. နိုင်ငံရေးဘဝ၊ စီးပွားရေးဘဝ သာယာဖြစ်ထွန်းဖို့ လုပ်နေတဲ့ အပြောင်းအလဲတွေကို အမေရိကန်ပြည်ထောင်စုက အပြုသဘော တုန့်ပြန်နေတာဖြစ်ပါတယ်။ ဒီအတွက် အိုဘားမား ခရီးစဉ်လို စိတ်ဓာတ်အင်အား မြှင့်တင်ပေးတဲ့ လုပ်ရပ်မျိုး၊ ရုပ်ပိုင်းဆိုင်ရာ ပံ့ပိုးမှုဖြစ်တဲ့ ပြည်ပအထာက်အပံ့ အစီအစဉ်မျိုး။ နိုင်ငံတကာ အကူအညီတွေ ဝင်လာခွင့်ပြုတာမျိုးတွေက ကောင်းတဲ့လုပ်ရပ်ပါ။ ဆိုတော့ ကျနော်ဟာ ဒီခရီးစဉ်ကို ထောက်ခံအားပေးတဲ့သူ တစ်ယောက်ပါ။

ဦးကျော်ဇံသာ ။ ။ သမ္မတ အိုဘားမားကတော့ အခုသူ မြန်မာနိုင်ငံကို သွားတဲ့ ခရီးစဉ်ဟာ စစ်အစိုးရကို ထောက်ခံလို့ သွားတာမဟုတ်ဘူး။ "Not to endorse the military regime, but to acknowledge the reform process" ဆိုပါတယ်။ ဒါဟာ ပြုပြင်ပြောင်းလဲနေတယ်ဆိုတဲ့ ဖြစ်စဉ်ကို အသိမှတ်ပြုတဲ့ သဘောနှင့် သွားတယ် ဆိုတာ တွေ့ရပါတယ်။

Prof. Steinberg ။ ။ စစ်အစိုးရတွေကို ဘယ်နေရာမှ အမေရိကန်ပြည်ထောင်စုက မထောက်ခံပါဘူး။ ကျနော်တို့က ပြုပြင်ရေးဖြစ်စဉ်တွေကိုဘဲ ထောက်ခံပါတယ်။ ဒါက မှန်ပါတယ်။ ဒီမိုကရေစီ ဆိုတာဟာ ထုတ်ကုန် Product တစ်ရပ် မဟုတ်ပါဘူး။ ဒါက Process ဖြစ်စဉ်တစ်ရပ်တာ ဖြစ်ပါတယ်။ ဒီဖြစ်စဉ်တွေကို ကျနော်တို့ မြန်မာနိုင်ငံမှာ တွေ့နေရပါပြီ။ ဒါဟာ အမြဲ အရှေ့ကို ရွေ့နေရပါလိမ့်မယ်။ လုပ်ဆောင်စရာ အသစ်အသစ်တွေ စိန်ခေါ်မှု အသစ်တွေနှင့် ရင်ဆိုင်နေရမှာပါ။ အိုဘားမား အစိုးရဟာ မှန်ကန်တဲ့ လုပ်ရပ်ကို လုပ်နေတာပါ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့ ပါမောက္ခ ခင်ဗျာ။ ဒီနေရာမှာ ကျနော် စောဒက တက်ပါရစေ။ သမ္မတ အိုဘားမား ကိုယ်တိုင်က "Not to endorse military regime " လို့ဆိုထားလေတော့ မြန်မာနိုင်ငံမှာ အုပ်စိုးနေတာဟာ လူထုက ရွေးကောက်တင်မြှောက်တဲ့ အစိုးရတစ်ရပ်မဟုတ်ဘဲ military regime ၊ ဒါဟာ စစ်အစိုးရတစ်ရပ်တာဖြစ်တယ်ဆိုတာ ၊ ဖြစ်နေသေးတယ်ဆိုတာကို သိရှိလက်ခံထားတဲ့ သဘောမျိုး သက်ရောက်မနေဘူးလား။

Prof. Steinberg ။ ။ စစ်တပ်က သူတို့ ထိန်းချုပ်ချင်တယ်လို့ အမြဲတမ်းပြောနေတဲ့ မူဝါဒတချို့ကိုတော့ ထိထိရောက်ရောက်င့် ဆက်ပြီးထိန်းချုပ်ထားနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒီမူဝါဒတွေကတော့ အမျိုးသားစည်းလုံးညီညွတ်ရေးကိစ္စ၊ အမျိုးသားလုံခြုံရေးကိစ္စနှင့် အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုကိစ္စ၊ နောက် စစ်တပ်ကို လွတ်လပ်စွားထားရှိရေး ကိစ္စတွေ ဖြစ်ပါတယ်။ ဒါတွေဟာ စစ်တပ်က ထိန်းထားချင်သေးတဲ့ ကိစ္စတွေပါ။ ပါလီမန်မှာ စစ်တပ်က ၂၅ ရာခိုင်နှုန်း ရယူထားသင့် မသင့် ဆိုတာတွေကိုတော့ ဆက်ပြီး ဆွေးနွေးကြရပါလိမ့်ဦးမယ်။ အင်ဒိုနီးရှား နမူနာမျိုးပါ။ ပြောင်းလဲမှုကိုတော့ တဖြည်းဖြည်း တွေ့လာရလိမ့်မယ်လို့ ထင်ပါတယ်။ ကျနော် ပြောခဲ့သလိုပါဘဲ ဒါဟာ ဖြစ်စဉ်ပါ။ အချိန်ယူရမှာပါ။ ဒါပေမယ့် အခုအခါမှာ အစပျိုးလာတာတွေကို တွေ့နေရပါပြီ။ အခုအချိန်အထိတော့ ထူးခြားတဲ့ အစပျိုးမှုပါ။ ဒီအချိန်မှာ သမ္မတ အိုဘားမား သွားရောက် ဂုဏ်ပြုခဲ့တာ မှန်ပါတယ်။ အစတုန်းကတော့ အိုဘားမား ခရီးစဉ်ကို လက်ခံဖို့ တွန့်ဆုတ်ခဲ့ပုံ ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒါကိုလက်ခံလိုက်တာဟာ သိပ်ထူးခြားတယ်လို့ ထင်ပါတယ်။ အိုဘားမားအဖို့ သွားနိုင်တဲ့ အခြေအနေတစ်ရပ်ကိုလည်း ရောက်သွားပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီခရီးစဉ်နှင့် ပတ်သက်ပြီး နောက်ဝေဖန်စရာတစ်ခုကတော့ တရုတ်နိုင်ငံနှင့် ဆက်စပ်မှုဘဲ ဖြစ်ပါတယ်။ တချို့ကအမေရိကန်ပြည်ထောင်စုဟာ မြန်မာနိုင်ငံနှင့် ကမ္ဘောဒီယားနိုင်ငံတို့ကို အနိုင်ကျင့်ပြီး တနည်းအားဖြင့် လက်လိမ်ချိုးပြီးတော့ တရုတ်နိုင်ငံနှင့် လမ်းခွဲခိုင်းတယ်။ သူတို့နှင့်ဘဲ ဆက်ဆံခိုင်းတဲ့ သဘောမျိုး ဖြစ်တယ်လို့ ဆိုနေကြပါတယ်။ အထူးသဖြင့် စစ်ရေးအရ ဒီလိုသဘောမျိုးထားရှိပြီး လုပ်ဆောင်နေတယ်လို့ ထောက်ပြကြတာတွေ့ပါတယ် ခင်ဗျာ။

Prof. Steinberg ။ ။ မဟုတ်ပါဘူး။ ဒါအမေရိကန်ပြည်ထောင်စုရဲ့ အခြေအနေအမှန် ရပ်တည်ချက်အမှန် မဟုတ်ပါဘူး။ ကျနော်တို့ဟာ ဘယ်သူ့ကိုမှ အနိုင်မကျင့်ပါဘူး။ တရုတ်နိုင်ငံကိုလည်း အနိုင်မကျင့်ပါဘူး။ အနိုင်ကျင့် လက်လိမ်ချိုးတယ် ဆိုတာဟာ ကောင်းမွန်မှန်ကန်တဲ့ မူဝါဒတစ်ရပ်မဟုတ်ပါဘူး။ ကျနော်တို့က ဘာလုပ်နေသလဲဆိုရင် မြန်မာနိုင်ငံအနေနှင့် သူရဲ့ အစဉ်အလာမူဝါဒကို ပြန်လည် ဖော်ဆောင်နိုင်ဖို့ ကူညီနေတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ လွတ်လပ်ရေးရပြီးကတည်းက ဘက်မလိုက် နိုင်ငံခြားရေးဝါဒကို ကျင့်သုံးနေတာပါ။ ဒီလို ဘက်မလိုက် မူဝါဒဟာ အထူးသဖြင့် တရုတ်နိုင်ငံကို ရည်ရွယ်ချမှတ်ရတာပါ။ ခင်ဗျာတို့ နိုင်ငံဟာ တရုတ်နှင့် မိုင်ပေါင်းထောင့်နှစ်ရာကျော် ရှည်လျားတဲ့နယ်နိမိတ်မှာ အတားအဆီးကင်းမဲ့စွာနှင့် တည်ရှိနေတာပါ။ တရုတ်ကလည်း လူဦးရေ အင်မတန်ထူထပ်တဲ့ နိုင်ငံပါ။ ဆိုတော့ ဒါဟာ မြန်မာနိုင်ငံအဖို့ အမြဲတမ်း စိုးရိမ်နေရတဲ့ အလေးထားနေရတဲ့ ကိစ္စပါ။ ဒါကြောင့် နိုင်ငံခြားဆက်ဆံရေးမှာ ချိန်ခွင်ရှာထိန်းညှိနိုင်ဖို့ကလည်း အမြဲကြိုးစားနေရပါတယ်။ ဒီလို ဝါဒနှင့် ရပ်တည်ချက်ကြောင့်လည်း ဦးသန့်ဟာ ၁၉၆၁ ခုနှစ်မှာ ကုလသမဂ္ဂ အတွင်းရေးမှုချုပ် ဖြစ်လာခဲ့တာပါ။ မြန်မာနိုင်ငံဟာ ဘက်မလိုက်နိုင်ငံဖြစ်တယ်ဆိုတာ အရှေ့အုပ်စုကရော အနောက်အုပ်စုကပါ လက်ခံ အသိအမှတ်ပြုခဲ့တဲ့ သဘောလည်း ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ပါမောက္ခ ခင်ဗျာ။ အဲဒီတုန်းက ဦးသန့် ကုလသမဂ္ဂ အတွင်းရေးမူးချုပ် ဖြစ်ခဲ့တဲ့ အချိန်အခါတုန်းကကော မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနှင့် အခုလောက်အထိ နီးကပ်တဲ့ ဆက်ဆံမှု ရှိခဲ့လို့လား။

Prof. Steinberg ။ ။ မရှိခဲ့ပါဘူး။ မြန်မာနိုင်ငံဟာ အမေရိကန်ပြည်ထောင်စုနှင့် အခုအခါမှာ ပိုမိုပြီးတော့ နီးကပ်မှု ရှိလာပါတယ်။ ၁၉၄၈ လွတ်လပ်ရေး ရပြီးကတည်းက ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံဟာ အမေရိကန်နှင့် အခုအခါမှာ အရင်းနှီးဆုံး ကာလလည်းဖြစ်ပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံ ပေါ်ပေါက်လာပြီးတဲ့နောက် တရုတ်အမျိုးသား ကွန်မြူနစ်တပ်ဖွဲ့တွေ မြန်မာနိုင်ငံကို ဝင်ရောက်လာတယ်။ သူတို့ကို အမေရိကန်က လျှို့ဝှက်ကူညီကြပြီး မြန်မာနိုင်ငံက ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ တင်ပြပါတယ်။ ပြီးတော့ အမေရိကန်ရဲ့အကူအညီ အထောက်အပံ့ရေး အစီအစဉ်ကိုလည်း ကန်ထုတ်လိုက်ပါတယ်။ ဗိုလ်ချုပ်နေဝင်းခေတ် ဆိုရှယ်လစ်ခေတ်မှာလည်း အမေရိကန်အကူအညီတွေ ရပ်ဆိုင်းခဲ့ပြီး အနောက်နိုင်ငံတွေနှင့် ဆက်ဆံရေးဆိုတာတွေလည်း ထိထိရောက်ရောက် မရှိခဲ့တော့ပါဘူး။

ဦးကျော်ဇံသာ ။ ။ တခါ မကြာသေးခင်လတွေတုန်းက အမေရိကန် ကာကွယ်ရေးဝန်ကြီး Leon Panetta က စင်ကာပူမှာ ပေါ်ပေါ်တင်တင်ပြောလိုက်ပါတယ်။ အဲအခါက ပါမောက္ခလည်းဘဲ ညီလာခံမှာ ဆွေးနွေးတက်ရောက်ခဲ့မယ်လို့ထင်ပါတယ်။ မြန်မာနိုင်ငံနှင့် အမေရိကန်ပြည်ထောင်စုဟာ
Military to Military Relation ဆိုတာ စစ်တပ်နှင့်စစ်တပ်ချင်း ဆက်ဆံရေးကို တိုးမြှင့်ဆောင်ရွက်ဖို့ ရည်ရွယ်တယ်လို့ ပြောခဲ့ပါတယ်။ ဒါကိုကော ဘယ်လို အဓိပ္ပာယ်ဖွင့်မလဲ။

Prof. Steinberg ။ ။ အမေရိကန်ပြည်ထောင်စုမှာ IMAT ဆိုတဲ့ အစီအစဉ်တစ်ရပ်ကို အပြင်းအထန်ဖော်ဆောင်ခဲ့တဲ့ အစဉ်အလာရှိပါတယ်။ International Military Training Program နိုင်ငံတကာ စစ်လေ့ကျင့်သင်တန်းပေးရေး အစီအစဉ်တစ်ရပ် ဖြစ်ပါတယ်။ ဒါဟာ မြန်မာစစ်တပ်အတွက်လည်း အကျိုးရှိစေတဲ့ အစီအစဉ်ပါ။ လူ့အဖွဲ့အစည်းတစ်ရပ်မှာ စစ်တပ်ဟာ သိပ်အရေးကြီးတဲ့ အခန်းကဏ္ဍကပါဝင်နေတယ်ဆိုရင် ဒီစစ်တပ်ဟာ ပြင်ပလောကနှင့် အဆက်အသွယ်ရှိနေတာက သိပ်ကောင်းပါတယ်။ အခုအခါမှာ မြန်မာစစ်တပ်ဟာ တရုတ်နှင့်ဘဲ ဆက်ဆံလေ့ကျင့်မှုတွေ ရှိနေသေးတော့ အမေရိကန် အနောက်နိုင်ငံတွေ၊ အင်ဒီယား၊ စင်ကာပူ စတဲ့ နိုင်ငံတွေမှာ လေ့ကျင့်နိုင်မယ်ဆိုရင်တော့ အကောင်းဆုံးပါဘဲ။ စစ်တပ်အချင်းချင်း ဆက်ဆံရေးဆိုတာ လိုအပ်တယ်လို့ ကျနော်ပြောချင်ပါတယ်။ စစ်တပ်တွေကြားမှာ Professionalism ဝန်ထမ်းပီသမှု၊ စစ်မှုထမ်း ပီသမှု ဆိုတာတွေ ရှိပါတယ်။ စစ်တပ်အချင်းချင်း နားလည်မှု။ အပြန်အလှန် သင်ယူမှုတွေ လုပ်ကြရင်းအားဖြင့်နှင့်လည်း နှစ်နိုင်ငံဆက်ဆံရေးကို တိုးမြှင့်သွားနိုင်မှာဖြစ်ပါတယ်။

ဦးကျော်ဇံသာ။ ။ ဒါကတော့ အမေရိကန်ဘက်ကပေါ့။ ပါမောက္ခ အနေနှင့် အမေရိကန်ပညာရှင် တစ်ဦးဘက်က အမြင်ပေါ့။ တရုတ်နိုင်ငံကကော ဒီလို မြင်ပါ့မလား။

Prof. Steinberg ။ ။ မမြင်ပါဘူး။ သူတို့က တရုတ်နိုင်ငံကို ထိန်းချုပ်ပိတ်ပင် အားထုတ်မှုဖြစ်တယ်လို့ မြင်ကြပါတယ်။ ဒါတရုတ်တော်တော်များများက ကျနော့်ကို ပြောကြပါတယ်။ အမေရိကန်နှင့် မြန်မာ့နှင့် ဆက်ဆံရေး မူဝါဒကို အမေရိကန်ရဲ့ တောင်တရုတ်ပင်လယ်ပေါ် ထားရှိတဲ့ မူဝါဒနှင့် ထပ်တူလို့မြင်ကြပါတယ်။ သြစတေးလျ မှာ အမေရိကန် Marine တပ်တွေထားတဲ့ ကိစ္စ။ ဂျပန်၊ တောင်ကိုးရီးယားတို့နှင့် အမေရိကန် မဟာမိတ်ဖွဲ့တဲ့ ကိစ္စတွေနှင့်အတူ တရုတ်ကို ထိန်းချုပ်ဖို့ ကြိုးစားတဲ့ မူဝါဒလို့ဘဲ မြင်နေကြတာပါ။ ဒါပေမယ့် အမေရိကန်မြန်မာ မူဝါဒဟာ ဒီလို ပုံစံနှင့် စတင်လာတာမျိုး မဟုတ်ပါဘူး။ ၂၀၀၉ ခုနှစ် မတ်လတုန်းက မြန်မာ အစိုးရဟာ အမေရိကန်နှင့် ဆက်ဆံရေး ကောင်းမွန်ချင်ပါတယ်ဆိုတာ အထင်အရှား ပြသလာတာကြောင့် အမေရိကန်ဘက်က လက်တုံံ့ပြန်ခဲ့တာပါ။ အရင်တုန်းက မြန်မာနိုင်ငံကြောင့် ငြင်းဆန်ခဲ့တဲ့ အာဆီယံနှင့် မိတ်ဆွေဖြစ်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေး Treaty of Amity and Cooperation စာချုပ်ကို လက်မှတ်ရေးထိုးဖို့ သဘောတူထားတာပါ။

ဦးကျော်ဇံသာ ။ ။ ဒီလိုဆိုတော့ မြန်မာနိုင်ငံအပေါ်မှာ အမေရိကန်က အမြင်တစ်မျိုးမြင်တယ်။ တရုတ်က အမြင်တစ်မျိုးမြင်တယ်ဆိုတော့ ဒီအမြင်နှစ်မျိုးကြားမှာ မြန်မာနိုင်ငံ ရပ်တည်သွားရမယ်ဆိုတော့ မြန်မာနိုင်ငံ အနာဂတ်အတွက် ကောင်းမွန်တဲ့အလားအလာ ဖြစ်ပါ့မလား။

Prof. Steinberg ။ ။ မြန်မာနိုင်ငံကတော့ ဒါကို ထိန်းညှိသွားနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ နိုင်ငံတကာ ဆက်ဆံရေး အခြေအနေအရ အမေရိကန်၊ တရုတ်၊ အင်ဒီယား၊ ဘင်္ဂလားဒေ့ရှ်၊ အာဆီယံ၊ ထိုင်းနိုင်ငံတွေ ကြားမှာ ဒီလိုဘဲ အရင်တုန်းကလည်း ထိန်းညှိ ဆက်ဆံလာခဲ့တာပါ။ ဒီလိုဘဲ ဆက်လုပ်သွားနိုင်မယ်လို့ ကျနော်ထင်ပါတယ်။ ဒီနိုင်ငံအားလုံးနှင့် သင့်မြတ်အောင် ဆက်ဆံနိုင်ဖို့ဆိုတာဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရး အကျိုးစီးပွားလည်း ဖြစ်ပါတယ်။
XS
SM
MD
LG