သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပုဂ္ဂလိက သတင်းစာများ၏ အခန်းကဏ္ဍ


ပြန်လည်ထုတ်လွှင့် -- ဒီတပတ် မျက်မှောက်ရေးရာ သတင်းသုံးသပ်ချက် အစီအစဉ်မှာ မြန်မာနိုင်ငံမှာ အသစ်ပေါ်ထွက်လာတဲ့ ပုဂ္ဂလိကသတင်းစာတွေဟာ ဘယ်လောက်အထိ ခိုင်လုံစိတ်ချရပြီးတော့ လူထုအပေါ်မှာ သြဇာသက်ရောက်နိုင်မှုကကော ဘယ်အတိုင်းအတာအထိ ရှိနိုင်ပါသလဲ။ နောက် ဘယ်လို အခက်အခဲတွေကော ရှိနေပါသလဲဆိုတာကိုတော့ မြန်မာနိုင်ငံက ဝါရင့်မီဒီယာသမားတွေ ဖြစ်ကြတဲ့ ဦးကျော်ရင်မြင့်၊ မောင်သွေးသစ်တို့နှင့်အတူ ဦးကျော်ဇံသာက ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုမြန်မာနိုင်ငံမှာ ပုဂ္ဂလိကသတင်းစာတွေ ပေါ်ထွက်လာတဲ့အချိန် အဲဒီအခါမှာ ဒီသတင်းစာတွေ ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေကတော့ အများကြီးရှိနေမှာပါ။ ဒီအထဲမှာ အခုနောက်ဆုံး ရန်ကုန် ဗိုလ်တထောင်မှာ ဗလီဘုရားကျောင်း မီးလောင်တဲ့အထဲမှာ ကလေးတွေ သေဆုံးသွားရတဲ့ကိစ္စ အင်မတန် စိတ်မကောင်းဖွယ်ရာသတင်း ဖြစ်ပါတယ်။ ဒီလို သတင်းမျိုးဟာ မြန်မာမီဒီယာ လွတ်လပ်တယ်ဆိုတဲ့ မြန်မာမီဒီယာ ပုဂ္ဂလိကမီဒီယာ လောကအတွက် အရေးကြီးဆုံး စိန်ခေါ်မှုတရပ်လို့ ကျနော်မြင်ပါတယ်။ တခြားစိန်ခေါ်မှုတွေအထဲမှာ။ အဓိကအားဖြင့် ဒီအုပ်စုလိုက် တင်းမာမှုတွေ ဖြစ်နေတဲ့အချိန်မှာပေါ့လေ တင်းမာတဲ့အခြေအနေတွ ဖြစ်နေတဲ့အချိန်မှာ ဒီလိုသတင်းမျိုး ဖြစ်လာတော့ ဒီသတင်းနှင့်ပတ်သတ်ပြီးတော့ လူတွေကတော့ ကောလဟာလအမျိုးမျိုးနှင့် ထင်ကြေးအမျိုးမျိုး ပြောနေကြမှာပါ။ဆိုတော့ ဒီကောလာဟာလတွေဟာ မကောင်းတဲ့ဘက်ကို ဦးတည်စေတဲ့ ကောလာဟာလတွေ ဖြစ်နိုင်ဖို့လည်း အလားအလာ ရှိပါတယ်။ ဒီလိုအချိန်မှာ အဖြစ်မှန်က ဒီလိုပါဆိုပြီးတော့ မီဒီယာကရေးလိုက်ရင် သြော် မီဒီယာတွေကို ဖတ်ပြီးတော့ ဒီလိုပါလားဆိုပြီးတော့ ကောလာဟာလကို ချုပ်ငြိမ်းနိုင်လောက်အောင် စွမ်းအားထက်တဲ့ မီဒီယာတွေ ဖြစ်လာနိုင်ပြီလို့ ဆရာထင်ပါလား ခင်ဗျ။

ဦးကျော်ရင်မြင့် ။ ။ ဟုတ်ကဲ့ ထင်ပါတယ် ခင်ဗျ။ ဒီ ပုဂ္ဂလိကသတင်းစာတွေ ထွက်လာမယ်ဆိုတာကို ပြည်သူလူထုက တော်တော်လည်း မျှော်လင့်ကြပါတယ်။ နောက်တခုကတော့ ဒီပုဂ္ဂလိကသတင်းစာတွေကို လူတွေက ပိုပြီးတော့ ယုံတယ်ဗျ။ ဟို နိုင်ငံပိုင်သတင်းစာတွေမှာ ရှေးတုန်းကတော့ သူတို့ အကြောင်းကြောင့်မို့လို့ ထည့်ခဲ့တဲ့ မမှန်တဲ့ သတင်းတချို့လည်း ရှိခဲ့တော့ လူတွေရဲ့ ယုံကြည်တာနည်းခဲ့ပါတယ်။ အခု ပုဂ္ဂလိကသတင်းစာတွေ ပေါ်လာတော့ ပုဂ္ဂလိကသတင်းစာတွေရဲ့ ရေးသားချက်တွေကို လူတွေက ပိုပြီးတော့ ယုံကြည်တယ်။ ပိုပြီးတော့လည်း မျှော်လင့်တယ်။ ပုဂ္ဂလိကသတင်းစာ ထွန်းကားလာတာနှင့်အမျှ ချက်ချင်းပဲ ကောလာဟာလကို ဖုံးလွှမ်းနိုင်လိုက်အောင် သတင်းမှန်တွေပေးနိုင်တဲ့ အနေအထားရောက်လာမယ်လို့ ကျနော်တော့ ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခုလက်ရှိ ကြုံနေရတဲ့ ဒီ ဘာသာရေးအသွင်ကို ဆောင်စေတဲ့ ဘာသာရေးပဋိပက္ခ မဟုတ်သော်လည်းဘဲ အဲဒီအသွင်မျိုးကိုဆောင်စေတဲ့ ဖြစ်ရပ်တွေ ကောလာဟာလတွေ အခုနောက်ဆုံး ဗလီမီးလောင်တဲ့ကိစ္စတွေနှင့် ပတ်သတ်ပြီးတော့ ပြောနေကြတဲ့ ကောလာဟာလတွေ သံသယတွေဟာ အခု ပုဂ္ဂလိကသတင်းစာရဲ့ ရေးသားချက်ကြောင့် ပျက်ပြယ်သွားပါသလား ဆရာ။

ဦးကျော်ရင်မြင့် ။ ။ အခုလောလောဆယ်မှာတော့ ပုဂ္ဂလိကသတင်းစာကလည်း သိပ်များများစားစားလည်း မထွက်သေးပါဘူး။ နောက်တခုကတော့ သူတို့ရဲ့လုပ်နိုင်တဲ့အင်အား လက်လှမ်းမှီမှု အတိုင်းအတာကလည်း အင်မတန်မှ နည်းပါသေးတယ်။ နည်းသေးတော့ အခုတော့ သိပ်ပြီးတော့ အဲဒီဟာကို ချေဖျက်နိုင်လောက်အောင် ဖုံးလွှမ်းနိုင်လောက်အောင် အင်အားမရှိသေးပါဘူး။ ဒါပေမယ့် ပုဂ္ဂလိကသတင်းစာတွေ အများကြီးပေါ်လာမယ်။ အင်နှင့်အားနှင့် တကယ်လုပ်လာကြတဲ့ အနေအထားကို ရောက်လာပြီဆိုရင်တော့ အားထားရလောက်မယ့် အနေအထားကို ရောက်မယ်လို့ ကျနော်ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆရာ မောင်သွေးသစ် ခင်ဗျ။

မောင်သွေးသစ် ။ ။ ကျနော်တို့ စာနယ်ဇင်းဖက်က အယူအဆ ထင်မြင်ချက်ကတော့ နှစ်ဖက်ပဋိပက္ခ ကြီးထွားမှုမရှိအောင် ကျနော်တို့က အမြဲပေါ့ ကြားကနေ စောင့်ထိန်းချက် ရှိတယ်ပေါ့။ ဒါပေမယ့် သတင်းတခုရလာပြီဆိုရင်လည်း တစ်ဘက်ကပြောတဲ့အပေါ်မှာ မူမတည်ပဲ သတင်းအဆင့်ဆင့်ကို ကျနော်တို့က အခိုင်အမာ တည်ဆောက်ပြီးမှ ကျနော်တို့ ထုတ်ဖော်ရေးတဲ့အကျင့်တော့ ကျနော်တို့မှာ ရှိပါတယ်။ ဒါပေမယ့် အခုဟာကတော့ ရှင်းရှင်းပြောရရင်တော့ အခုဖြစ်သွားတဲ့ ကလေး (၁၃) သေတဲ့ကိစ္စကတော့ ကျနော့်ရပ်ကွက်ထဲမှာ ဖြစ်တာကိုး ရေကျော်ထဲမှာ ဖြစ်တာကိုး။ အမှန်အတိုင်းပြောရရင် ကိုကျော်ဇံသာရယ် real ကတော့ Shock ဖြစ်တာတော့ အမှန်ပဲ။ ဒါပေမယ့် ကောလာဟာလဖြစ်တယ် ဆိုတာလည်း အမှန်ပဲ။ သို့သော် ဒီကောလာဟာလတွေကို ပုံကြီးချဲ့နေရင်တော့ မဖြစ်သင့်တာတွေ ပိုဖြစ်ပြီးတော့ မလိုလားအပ်တဲ့ သဘောတွေဆောင်ပါတယ်။ အဲဒါကတော့ ကျနော့် အယူအဆပဲ။ တစ်ဦးချင်း အယူအဆပဲ။

ဦးကျော်ဇံသာ ။ ။ ကျနော်မေးချင်တာကတော့ အဲဒီလို ကောလာဟာလတွေ ပေါ်ထွက်နေတယ်။ မယုံသင်္ကာမှုတွေ ရှိနေတာကို မီဒီယာတွေ လွတ်လပ်တဲ့ ပုဂ္ဂလိကသတင်းစာတွေရဲ့ ရေးသားချက်က ပယ်ဖျက်နိုင်ပါသလား။ အဲဒီ ကောလာဟာလတွေကို သတင်းစာတွေ ဖတ်ပြီးတော့ ဒီလိုမဟုတ်ပါလား လူထုက လက်ခံသွားရမလား။ သတင်းစာတွေအပေါ်မှာ အဲဒီလောက်အထိ ယုံကြည်မှုရှိကြပြီလား ဗမာတွေ ပြည်သူတွေက။

မောင်သွေးသစ် ။ ။ အဲဒါကတော့ သတင်းစာထွက်တာကတော့ သက်တမ်းကတိုသေးတာပေါ့။ ထွက်တဲ့စာစောင်ကလည်း လေးစောင်ပဲရှိသေးတာပေါ့။ ဒါပေမယ့် ကျနော်ယူဆတာတော့ အဲဒီသတင်းစာတွေကလည်း အမှန်တရားဘက်ကပဲ ဘက်လိုက်ရမယ်လို့ထင်တယ်။ သို့မဟုတ် ကောလာဟာလဆိုတဲ့ အခြေအမြစ်မရှိတဲ့ သတင်းတွေကို ဖော်ပြရင်တော့ အဲဒီသတင်းစာရဲ့ သြဇာဟာ ကျဆင်းသွားနိုင်တယ်။ နောက်တခုက စာဖတ်သူရဲ့ အယုံအကြည်ကင်းလင်းမှုကိုလည်း ဖြစ်သွားနိုင်တယ်။ ဒီထက်ပိုပြီးပြောရရင်တော့ မလိုလားအပ်တဲ့ ဘာသာရေးကိုးကွယ်မှု ပုဂ္ဂိုလ်တွေရဲ့ အထင်အမြင် လွဲမှားမှုကိုလည်း ခံသွားရနိုင်တယ်။ အဲဒီတော့ ကျနော် အယူအဆကတော့ အခု မနက်ဖြန်ထွက်မယ်ပေါ့ သတင်းစာတွေအားလုံက လေးစောင်ပေါ့ နိုင်ငံပိုင်သတင်းစာတွေက ဘယ်လိုရေးမလဲတော့ မသိဘူး ပုဂ္ဂလိက လေးစောင်ကတော့ အမှန်အတိုင်း ပကတိအရှိတရားကိုပဲ ဖော်ပြလိမ့်မယ်လို့ ထင်ပါတယ်။ နောက် ဦးကျော်ဇံသာကို ပြောချင်တာကတော့ ကောလာဟာလ ချေဖျက်ဖို့ဆိုတာက လူတွေရဲ့ အသိတရားရှိမှုရယ်၊ သတိရှိမှုရယ်၊ ဆင်ခြေတုံတရားရှိမှုရယ် အရေးကြီးပါတယ်။ ဒီပေါ်လာတဲ့ကောလာဟာလက တကယ်ဖြစ်သင့်ဖြစ်ထိုက်တာလား ဆိုတာလည်း သုံးသပ်ဆင်ခြေနိုင်ဖို့ အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဆိုတော့ ဒီနေ့အဲဒီဖြစ်တဲ့ သတင်းနှင့်ပတ်သက်ပြီးတော့ အဲဒီပုဂ္ဂလိကသတင်းစာတွေရဲ့ ရေးသားချက်ဟာ အာဏာပိုင်တွေပြောကြားချက်ထက် ဘာများပိုမိုပြီးတော့ Investigative လုပ်ပြီးတော့ ပိုမိုပြီးတော့ စူးစူးစမ်းစမ်း ထဲထဲဝင်ဝင် ရေးသားနိုင်တာ ဆရာ တွေ့ရပါသလဲ။ အာဏာပိုင်တွေ ပြောတာတော့ ဆရာလည်း ကြားမယ်ထင်ပါတယ်။ ဒါ Transformer က သိပ်ပူလာလို့ အထဲမှာ လောင်သွားတာ ဖြစ်တယ် ဘာညာဆိုပြီးတော့ ပြောတာတွေရှိပါတယ်။ ဒါထက်အပြင် သတင်းစာတွေက ဘယ်လောက်များ ကျယ်ကျယ်ပြန့်ပြန့် နက်နက်ရှိုင်းရှိုင်း ရေးနိုင်ကြတာ တွေ့ရပါသလဲ။

မောင်သွေးသစ် ။ ။ ကျနော်လည်း သေသေချာချာတော့ ဖတ်ကြည့်ပြီးပြီဗျ။ ဖတ်ကြီးပြီးတော့ အာဏာပိုင်တွေပြောတာရယ် ပုဂ္ဂလိကသတင်းစာတွေ ဖော်ပြချက်က ကွဲလွဲမှုမရှိဘူးပေါ့။

ဦးကျော်ဇံသာ ။ ။ ဆရာ ကျော်ရင်မြင့် ခင်ဗျာ။

ဦးကျော်ရင်မြင့် ။ ။ ဖတ်တဲ့သတင်းစာ ကျနော်တွေ့တဲ့ သတင်းစာတွေအထဲမှာတော့ သိပ်ပြီးတော့ နက်နက်ရှိုင်းရှိုင်း သူတို့ ရေးနိုင်တဲ့အနေအထားကိုတော့ ကျနော် မတွေ့သေးပါဘူး။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အာဏာပိုင်တွေ ပြောတဲ့လိုင်းကိုကော လူတွေ ယုံပါ့မလား။ ကျနော်ပြောတာ အဓိကက အာဏာပိုင်တွေဟာ အမှန်ကိုပြောတာ ဖြစ်ကောင်းဖြစ်မယ်။ တာဝနှ်ရှိတဲ့သူအနေနှင့်။ သို့ပေမယ့်လည်း စောစောက ဆရာပြောခဲ့သလို မယုံကြည်တဲ့ အစဉ်အလာမှု ကင်းမဲ့စရာတွေက နှစ်ပေါင်းများစွာ ရှိလာခဲ့တော့ လူတွေက ယုံပါရဲ့လား အဲဒီတော့။ ဒီကိစ္စက တကယ် သွေးရိုးသားရိုး ဖြစ်တဲ့ကိစ္စပါဆိုတာ။
ကျော်ရင်မြင့် ။ ။ အဲဒါကတော့ ကျနော်တို့ ဒီပုဂ္ဂလိက သတင်းစာတွေရဲ့ တာဝန်ပေါ့လေ။ တကယ်ကို နက်နက်ရှိုင်းရှိုင်း လိုက်ရမှာပါပဲ။ နောက်တခုက အာဏာပိုင်တွေက လာပြီးတော့ သတင်းစာ ရှင်းလင်းသွားတယ်။ ရှင်းလင်းသွားရင်လည်း ပြန်ပြီး မေးခွန်းတွေ ထုတ်ရပါမယ်။ အာဏာပိုင်တွေမှာလည်း ဖြေကြားရမယ့်တာဝန် ရှိပါတယ်။

သိပ်မကြာခင်တုန်းကကိုပဲ မန္တလေးမှာ သာသနာရေးဝန်ကြီးဌာန ဝန်ကြီး လာပါတယ်။ လာတဲ့အခါမှာ ဒီ မန္တလေးက သတင်းထောက်တွေ မေးခွန်းတွေအများကြီး ပြင်ဆင်ပြီးတော့ မေးကြမလို့ ပြင်ဆင်ထားပေမယ့် ဝန်ကြီးက သူဘာမှ ဖြေမသွားပါဘူး။ မေးခွန်းတွေကို သူငြင်းပယ်သွားပါတယ်။ အာဏာပိုင်တွေဟာ အဲဒီလိုတော့ လုပ်လို့မရဘူးလို့ မြင်ပါတယ်။ သတင်းထောက်တွေကလည်း မေးကြမှာပဲ။ မေးတာကိုလည်း သူတို့ ဖြေဖို့ တာဝန်ရှိပါတယ်။ အဲဒီလိုမဟုတ်ဘဲနှင့် ကိုယ်ပြောချင်တဲ့ ကိုယ်ထုတ်ပြန်ချင်တဲ့ သတင်းကလေးတင် ပြောနေတယ်ဆိုရင်တော့ ဒီအာဏာပိုင်တွေရဲ့ ပြောကြားချက်အပေါ်မှာ လူတွေရဲ့ယုံကြည်မှုဟာ လျော့ပါးသွားမှာပါ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဒီအခု ပေါ်ထွက်လာတဲ့ ပုဂ္ဂလိကသတင်းလောက သတင်းမီဒီယာလောက ကကော ဘယ်လောက် ပွင့်ပွင့်လင်းလင်း ရေးနိုင်ခွင့် ရှိမယ်လို့ ထင်ပါသလဲ ဒီလိုကိစ္စမျိုးမှာ။ အာဏာပိုင်တွေက ငါတို့ကို ငြိုငြင် နေမလား။ ငါဒါကို ရေးလိုက်ရင် အမှန်ရေးလိုက်ရင်ဆိုတဲ့ စိုးရိမ်စရာများ ရှိနေပါသေးလား။
ကျော်ရင်မြင့် ။ ။ ပုဂ္ဂလိကသတင်းစာ လုပ်နေတဲ့သူ တော်တော်များများကတော့ တကယ်ကို လုပ်ချင်တဲ့ စိတ်ဆန္ဒရှိလို့ လုပ်နေကြတာပါ ဆရာ။ အာဏာပိုင်တွေ ငြိုငြင်မှာကိုလည်း မကြောက်တဲ့သူတွေ ပိုများပါတယ်။ အဲဒီတော့ တကယ်လုပ်ခွင့် ချပေးတယ်ဆိုရင်တော့ လုပ်ကြမှာပဲ။ ဒီကြားထဲမှာ အခုနက Press Laws တို့ ဘာတို့နှင့် အရေးယူခံရတာတွေလည်း ကြားလာချင်လည်း ကြားလာရမှာပေါ့။ ဒါပေမယ့် ကျနော်ကတော့ ဒီပုဂ္ဂလိကကို လုပ်မယ့်သူတွေက တကယ်ကို အားနှင့်မာန်နှင့် တကယ်ကိုလုပ်မယ့်သူ အများစုလို့ မြင်ပါတယ်။ လုပ်လည်းလုပ်ကြမှာပါ။ အာဏာပိုင်အကြိုက် လိုက်ရေးတဲ့သူတွေလည်း ရှိချင်တော့ရှိပါမယ်။

ဦးကျော်ဇံသာ ။ ။ နောက်တခုက တချို့သတင်းစာ ထုတ်ဝေတဲ့သူတွေဟာ အာဏာပိုင်တွေ အဆက်အသွယ်တွေ crony တွေနှင့် သိပ်သံယောဇင် မကင်းဘူး။ သူတို့ရဲ့ ကျောထောက်နောက်ခံ သူတို့ရဲ့ ပံ့ပိုးမှုနှင့်ထုတ်တယ်ဆိုတဲ့ သတင်းတွေလည်း ရှိပါတယ်။ ဒါ ပါတီသတင်းစာတွေကို ဖယ်လိုက်ပေါ့ ဆရာရယ်။ နိုင်ငံရေးအဖွဲ့အစည်းက ထုတ်တာမဟုတ်ဘဲနှင့် ပုဂ္ဂလိက အမည်ခံထုတ်တဲ့ ဟာမှာလည်းပဲ အဲဒီလိုမျိုးရှိတယ်လို့ ကြားပါတယ်။ အဲဒီ သတင်းစာတွေကော ဘယ်လောက်များနေပါသလဲ။ အဲဒီ သတင်းစာတွေက အဲဒီလို သက်ဆိုင်တဲ့လူတွေရဲ့ အာဏာရှိသူတွေရဲ့ ပံ့ပိုးမှုနှင့် ကင်းဝေးပြီးတော့ တကယ်လွတ်လွတ်လပ်လပ် ရပ်တည်နိုင်တဲ့ သတင်းစာ အနေအထားတွေကော ရှိကြပါသလား။

ဦးကျော်ရင်မြင့် ။ ။ ကျနော်တော့ ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ အခုနက ဆရာပြောသလိုပဲ အာဏာပိုင်တွေနှင့် ပတ်သက်ဆက်နွှယ်နေတဲ့သူတွေ ဒီသတင်းစာထုတ်စားတာလည်း ရှိနိုင်ပါတယ်။ ဒါပေမယ့် သတင်းစာဖတ်တဲ့သူတွေက မအဘူး ဆရာ။ အခုကိုပဲ နေ့စဉ်သတင်းစာ လေးစောင်လောက် ထွက်လာတဲ့အချိန်မှာ ဘယ်သတင်းစာကို သူတို့ ယူရမယ်ဆိုတာ သူတို့ ရွေးချယ်နေပါပြီ။

ဦးကျော်ဇံသာ ။ ။ နောက်တခု ကျနော်သိချင်တာက အခုသတင်းစာအားလုံးဟာ ရန်ကုန်ကို အခြေစိုက်ပြီးတော့ ထွက်ကြတာလား။ နယ်တွေ အထူးသဖြင့် မန္တလေးလို မြို့ကြီးတွေက သီးခြား ဟိုတုန်းကလို ‘လူထု’ တို့လို သီးခြားထွက်တဲ့ ‘ဟံသာဝတီ’ တို့လို ထွက်လာတဲ့သတင်းစာကော ရှိပါသလား ဆရာ။
ကျော်ရင်မြင့် ။ ။ မရှိသေးပါဘူး။ ဒါပေမယ့် မန္တလေးက လူငယ်တချို့လည်း သတင်းစာ ထုတ်လုပ်ဖို့အတွက် ပြင်ဆင်နေကြပါတယ်။ လျှောက်ထားပြီးတော့ သူတို့လည်း ထုတ်ကြမှာပါ။ အလားတူပဲ မြစ်ကြီးနား က ကချင်လူငယ်တွေကလည်း ခွင့်ပြုမယ် ဆိုလို့ရှိရင်တော့ သူတို့က ထုတ်ဖို့အတွက် ပြင်ဆင်နေပါတယ်။ ခွင့်သာပြုမယ်ဆိုရင်တော့ အများကြီးဖွံ့ဖြိုးလာမှာပါ။

ဦးကျော်ဇံသာ ။ ။ သတင်းစာတွေမှာ အခုနက ကျနော်တို့ပြောတဲ့ Credibility သတင်းသိက္ခာရှိမှု။ လူထုယုံကြည်လက်ခံမှု လုပ်နိုင်စွမ်းအပြင် လောလောဆယ်ဆယ်မှာ ဘယ်လိုစိန်ခေါ်မှုတွေ ရင်ဆိုင်နေရတယ်လို့ ဆရာမြင်ပါသလဲ။ မြန်မာနိုင်ငံသတင်းလောကအနေနှင့် လွတ်လပ်တဲ့ ပုဂ္ဂလိက သတင်းလောက ထွန်းကားလာဖို့အတွက်။

ဦးကျော်ရင်မြင့် ။ ။ လောလောဆယ် စိန်ခေါ်ခံနေရတာကတော့ အလွယ်ဆုံး ဆရာ အမြင်သာဆုံး ပြောရလို့ရှိရင် တန်ဖိုးနည်းဖုန်းကို ကျနော် ဥပမာပေးရမှာပဲ။ တခြားနိုင်ငံတွေမှာ လမ်းဘေးမှာ အလကားပေးနေတဲ့ ဒီတန်ဖိုးနည်းဖုန်းကို အခုထိ ဘယ်နေ့ရောင်းမလဲ ဆိုတာလည်း ကျနော်တို့ မသိရသေးဘူး။ ဘယ်လောက်နှင့် ရောင်းမလဲဆိုတာလည်း မသိရသေးဘူး။ သမ္မတကြီး၊ ဒုသမ္မတကြီှး နှစ်ယောက်၊ ဝန်ကြီးတွေအများကြီး အစည်းအဝေးကြီးထိုင်ပြီးတော့မှ ဒီကိစ္စကြီးကို အစည်းအဝေး လုပ်နေရတယ်။ နောက်တခါ ဒီတန်ဖိုးနည်းဖုန်းနှင့် ပတ်သက်ရင် မီဒီယာတွေကလည်း သိပ်ဖော်ပြချင်တယ်။ ကြိုးစားပြီး မေးကြတယ်။ တရားဝင်ဖြေနိုင်တဲ့သူ မရှိဘူး။ ဖြေတဲ့အခါလည်း တခါဖြေတစ်မျိုး တစ်သိန်းလို့ပြောလိုက် တစ်သိန်းအောက်လို့ ပြောလိုက် ငါးသောင်းလို့ပြောလိုက် ဂဏန်းလေးလုံးလို့ ပြောလိုက်နှင့်။ အဲဒီတော့ မီဒီယာတွေရဲ့ စိန်ခေါ်မှုက သတင်းအမှန်ရဖို့ Source တွေက ခိုင်မာဖို့။ နောက်တခါက အစိုးရပြောရေးဆိုခွင့် ရှိတဲ့သူတွေဟာ သူတို့ကိုယ်တိုင် ပြတ်ပြတ်သားသား သတင်းအချက်အလက်တွေ ရှိပြီးတော့ ရဲရဲဝင့်ဝင့် ထုတ်ပြောရဲဖို့။ အခုတော့ အစိုးရတာဝန်ရှိတဲ့သူတွေကလည်း မပြောရဲဘူး။ ဒီ တန်းဖိုးနည်းဖုန်း သိန်းတန် ရောင်းရမယ့် ကိစ္စတောင်မှ အလွန်ကြီးမားတဲ့ နိုင်ငံတော်လျှို့ဝှက်ချက်ကြီးလို လုပ်နေရတယ်ဆိုတော့ အဲဒါတွေက ကျနော်တို့အတွက် သတင်းရဖို့ စိန်ခေါ်မှုပါ။

ဒုတိယ စိန်ခေါ်မှုတခုကတော့ ကျနော်တို့အတွက် မျှတတဲ့ Fair Ground မရှိသေးတာပါ။ ဒီနေ့ပဲ ဥပမာပြောရလို့ရှိရင် တန်ဖိုးနည်းဖုန်းနှင့် ပတ်သက်လို့ရှိရင် အစိုးရသတင်းစာထဲမှာ ဒီနေ့ပါလာပြီ။ ဒါပေမယ့် အဲဒီသတင်းမျိုးကို ပုဂ္ဂလိက သတင်းစာတွေက မရကြဘူး။ အဲဒီတော့ အစိုးရက သတင်းကို မျှမျှတတ၊ ညီညီမျှမျှ သတင်းသမားတွေကို ထုတ်မပေးသေးဘူး။ အဲဒါလည်း စိန်ခေါ်မှုတခု။ နောက်တခုကတော့ အဲဒီသဘောမျိုးပါပဲ ဥပမာ လွန်ခဲ့တဲ့ရွေးကောက်ပွဲကာလမှာ Skynet တို့လို အစိုးရနှင့် နည်းနည်ပတ်သက်တယ်လို့ လူအများက သတ်မှတ်ထားတဲ့ ရုပ်သံတွေက မဲရုံအထဲထဲထိ ဝင်ပြီးတော့ Television Camera နှင့် ရိုက်လို့ရတယ်။ သတင်းထောက်တွေက မဲရုံအပြင်ဘက်က ကြိုးတားထားတဲ့ အထဲတောင် ဝင်ခွင့်မရဘူး။ အဲဒီလို မညီမျှတဲ့ Ground တွေကိုတော့ ကျနော်တို့က အခုတော့ ကျော်ဖြတ်ဖို့ ကြိုးစားနေရတုန်းပါ။

ဦးကျော်ဇံသာ ။ ။ တန်ဖိုးနည်းဖုန်းဆိုတာ နိုင်ငံတကာမှာ အင်မတန် လွယ်လွယ်ကူကူကိစ္စ။ မြန်မာနိုင်ငံမှာ ဘာဖြစ်လို့ ဒီလောက်တောင် ခက်ခဲနေရသလဲ။ သူတို့နှင့် ရင်းနှီးတဲ့ crony ကို လက်ဝါးကြီးအုပ်ပေးထားတာကို အခုထိ မဖြတ်နိုင်လို့လား။ ဆရာ ဘယ်လိုတွေးရပါလဲ။

ဦးကျော်ရင်မြင့် ။ ။ အဲဒါတော့ ကျနော် မသိဘူး။ အခု ဆရာနှင့် ကျနော်နှင့် ပြောနေတဲ့ဖုန်းတော့ ကျနော် (၁၇) သိန်း (၁၈) သိန်းလောက် ရန်ပုံငွေတွေ အလှူငွေတွေ နှင့် ထည့်ပြောထားရတဲ့ဖုန်းပဲ။ သူတို့က ဒီအပေါ်မှာများ အကျိုးအမြတ် ခံစားရတာ လက်မလွတ်ချင်သေးဘူးလားတော့ မသိပါဘူး။ ပေးလိုက်စမ်းပါ ဆရာရယ် အလကား ပြည်သူလူထုကို သူများနိုင်ငံတွေမှာလည်း ဒီလိုပဲ။ အဲဒီလို စေတနာမျိုးတော့ ရှိသင့်တယ်ထင်ပါတယ်။ အဲဒါ စေတနာနှင့် ဆိုင်တယ်လို့ ကျနော်တော့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ နောက် ဆရာက သတင်းသမားတစ်ယောက်အနေနှင့် နိုင်ငံတကာနှင့် ဆက်သွယ်ရမယ်။ လူပေါင်းစုံနှင့် ဆက်သွယ်ရမယ်။ အဲဒီအခါ ဆရာ့ တယ်လီဖုန်း ဆက်သွယ်မှုဟာ လွတ်လွတ်လပ်လပ် ရှိပါရဲ့လား။ သူတို့တွေ ခိုးနားထောင်တယ်။ ပွင့်ပွင့်လင်းလင်း ပြောကြပါစို့။ အဲဒါမျိုးတွေကော ကြုံရသေးလားဆရာ။

ဦးကျော်ရင်မြင့် ။ ။ အခုပဲ ဆရာနှင့် ကျနော်နှင့် ပြောနေတာကို ကျနော်ဘက်က အသံတိုးတိုးလေးပဲ ကြားရတယ်ခင်ဗျ။ မျှပြီးနားထောင်နေရသလို ကျနော်တော့ ခံစားရပါတယ်။ ကျနော်တို့ စကားပြောတိုင်း အဲဒီ သတိကတော့ ရှိနေရတုန်းပဲ။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ကျနော်တော့ တက်နိုင်သလောက် Volume ကို အစွမ်းကုန်မြှင့်ပြီး အော်ပြောနေတာပဲ။
XS
SM
MD
LG