သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချိန်ကိုက်လုပ်ဆောင်မှုလား၊ စေတနာမှန်လား


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ နိုင်ငံရေးအကျဉ်းသားဆိုတာ သူတို့နိုင်ငံမှာ မရှိပါဘူးလို့ အာဏာပိုင်တွေက အကြောက်အကန် ငြင်းဆန်နေကာ၊ သမ္မတဦးသိန်းစိန် အာဆီယံ ထိပ်သီးအစည်းဝေး သွားတက်ချိန်နှင့် အချိန်ကိုက် အကျဉ်းသား (၅၀) ကျော်ကို လွှတ်ပေးလိုက်ပါတယ်။ ဒါဟာ တိုက်ဆိုင်မှု သက်သက်ပါပဲလား။ ဒီလိုမျိုး အကျဉ်းသားတွေကို လွှတ်ပေးချင်တဲ့ မေတ္တာစေတနာတွေဟာ အစိုးရအနေနှင့် နိုင်ငံတကာမှာ မျက်နှာပြရမဲ့ကြားမှာ ဘာကြောင့်များ တဖွာဖွာ ပေါ်ပေါက်လာရသလဲဆိုတာကို ဦးကျော်ဇံသာက နိုင်ငံရေးအကျဉ်းသားဟောင်းတွေ မီဒီယာသတင်းသမားတွေနှင့် ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် အဓိက ဒီနေ့ ဆွေးနွေးချင်တာကတော့ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသမားတွေ လွှတ်ပေးတဲ့ကိစ္စ ဖြစ်ပါတယ်။ အင်မတန် ကြိုဆိုပါတယ်။ ဝမ်းသာစရာ ကောင်းတဲ့ကိစ္စလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလွှတ်ပေးလိုက်တဲ့ အချိန်တိုင်းအချိန်တိုင်းဟာ မြန်မာနိုင်ငံအကြီးအကဲတွေ နိုင်ငံတကာမှာ မျက်နှာပြရမဲ့အချိန်မှာ မျက်နှာပန်းလှအောင်လို့ တမင်တကာ တိုက်တိုက်ဆိုင်ဆိုင် သူတို့ လွှတ်ပေးနေသလားဆိုတာကို ကျနော် စမ်းစစ်လိုတာဖြစ်ပါတယ်။ ဒီကနေ့ ဆွေးနွေးရတဲ့ အကြောင်းက။ ဆိုတော့ ပထမဦးဆုံး ကိုတိတ် ဘယ်လိုသဘောရပါလဲ။ အခုလွှတ်ပေး တာကကော နိုင်ငံတော်သမ္မတကြီး အာဆီယံမှာသွားတွေ့ရမယ်။ APEC မှာ သွားပြီး စကားပြောရမယ်ဆိုတော့ ဒီဟာနှင့် လွှတ်ပေးမှုနှင့်ဟာ တိုက်ဆိုင်မှုလား။ သူတို့ တမင်တကာ လွှတ်ပေးနေတယ်လို့ ထင်ပါသလား

ကိုတိတ်နိုင် ။ ။ ကျနော် ဦးကျော်ဇံသာပြောသလိုပဲ တိုက်ဆိုင်လွန်းအားကြီးပါတယ်ဆိုပြီးတော့ အဲ့ဒီအပေါ်မှာ သံသယရှိပါတယ်ဆိုတဲ့ ကိစ္စမျိုးတွေ ကျနော် အင်တာဗျူးတွေ အများကြီးှလုပ်ခဲ့ဖူးပါတယ်။ ဆိုတော့ အခုနောက်ပိုင်းမှာတော့ ဒီလိုရှိပါတယ်။ မြန်မာပြည်က အကြီးအကဲတွေကလည်း နိုင်ငံတကာကို တသီးသီးသွားနေတဲ့ ကိစ္စမျိုးတွေ ရှိတယ်။ နောက်တခါ နိုင်ငံတကာက သြဇာကြီးမားတဲ့သူတွေလည်း ဗမာပြည်ကိုလာနေတဲ့ အချိန်မျိုးတွေ ရှိတယ်။ ဆိုတော့ အဲ့ဒီအချိန်မျိုးတွေနှင့် ဒီတိုက်တိုက်ဆိုင်ဆိုင်ပဲ လွှတ်တဲ့ကိစ္စမျိုးတွေ ရှိပါတယ်။ ဒါပေမယ့် ကြားထဲမှာ သတင်းကျွတ်လပြည့်နေ့တို့ ဘာတို့ လွှတ်တာမျိုးတွေ ရှိပါတယ်။ ဒီလိုမျိုး အသွားအလာတွေ စိတ်နေတဲ့အခါမျိုးတွေလည်း ရှိနေတဲ့အချိန် တိုက်ဆိုင်တာလည်း ဖြစ်နိုင်တယ်။ စေတနာကောင်းတာ လည်း ဖြစ်နိုင်တယ်ပေါ့။ သို့ပေမယ့် နိုင်ငံရေး လုပ်တယ်ဆိုတာကတော့ ကိုယ်အကောင်အထည်ဖော်တဲ့ ကိစ္စကိုတော့ ဒီအကျိုးအမြတ်များများ ရနိုင်မယ့် နည်းလမ်းတွေကိုတော့ ဘယ်သူမဆို ရွေးကြမှာပဲ။ ဒါကိုတော့ ကျနော်တို့ နားလည်ပေးလို့ရမှာပါ။

ဦးကျော်ဇံသာ။ ။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ကိုရဲအောင်ကကော ဒါဟာ တိုက်ဆိုင်မှုသက်သက်လား သို့မဟုတ် တမင်တကာ တိုက်တိုက်ဆိုင်ဆိုင် လွှတ်နေသလားဆိုတာ ဘယ်လို သဘောရပါသလဲ။

ကိုရဲအောင် ။ ။ အခုဆိုရင် ၅၆ ဦးလုံး လွှတ်လိုက်တာ လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီက စီစစ်ပြီးပေးလိုက်တဲ့ ပုဂ္ဂိုလ်တွေကို အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာ ပဲ ဖြစ်ပါတယ်။ ကျနော်တို့ စီစစ်ပေးလိုက်တဲ့အချိန်ကတော့ ကြာသွားပြီပေါ့။ ဒါပေမယ့်လည်း ဒီရက်ပိုင်းအတွင်းမှာ ကျနော်တို့ သိရတာက သမ္မတဆီကို တင်ပြလိုက်တာ ဒီရက်ပိုင်းအတွင်းမှာ သိရပါတယ်။ လွှတ်လာတဲ့အခါမှာလည်း တဖက်မှာ အခုနပြောသလို အကြောင်းအရာပေါင်းစုံ တိုက်ဆိုင်နေပါတယ်။ တမင်သက်သက်များ ဒီအပေါ်မှာ ခုတုံးလုပ်ပြီး နိုင်ငံရေး အမြတ်ထုတ်တာမျိုးလား ဆိုတာတွေကို ကျနော်တို့ ဆွေးနွေးခဲ့တာ ရှိပါတယ်။ ဒါပေမယ့် တဖက်က တာဝန်ရှိတဲ့သူတွေကတော့ ဒါမျိုးတော့ မဟုတ်ဘူးလို့ ငြင်းပါတယ်။ နောက်ပြီးတော့ သူတို့အနေနှင့် ဒါကို အမြတ်ထုတ်စရာ မလိုဘူးပေါ့။ ဒီမိုကရေစီ ပြောင်းလဲရေးကာလမှာ ဒါဟာ ဘာပဲပြောပြော အသွင်ကူးပြောင်းရေးကာလမှာ ဒါ လုပ်ပေးရမဲ့ကိစ္စတခု ဖြစ် တယ်။ ကျန်တဲ့ ကိစ္စတွေကလည်း သူ့ Process နှင့်သူ ရှိပြီးသားလို့ ပြောပါတယ်။ ဒါပေမယ့်လည်း အခုနက ပြောသလိုပါပဲ မြန်မာပြည်မှာ ပြောင်းလဲနေတဲ့အခြေအနေတွေ ကျနော်တို့ နိုင်ငံတကာနှင့် ဆက်ဆံရမဲ့ အခြေအနေတွေကလည်း နေ့စဉ်နှင့် မပြတ်ဖြစ်နေတဲ့အခါကြတော့ အခုလိုလွှတ်ပေးလိုက် တာကလည်း အဲဒီဟာတွေထဲက တခုမဟုတ်တခု သွားပြီးတော့ ဖြည့်စွက်တာလို့လည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ သတင်းကျွတ်တို့ဘာတို့ ခါကြီးနေ့ကြီးမှာ လွှတ်ပေးတယ်ဆိုတာ ဒါလက်ခံနိုင်စရာ ဟုတ်ပါတယ်။ ဒါက ငါးလွှတ်တာ ငှက်လွှတ်တာ ရှိကြတာ ဒါက မြန်မာဗုဒ္ဓဘာသာ ထုံးတမ်းစဉ်လာအတိုင်း။ ဒါပေမယ့် ဒီနိုင်ငံရေးကိစ္စနှင့် ပတ်သက်ပြီးတော့ သူတို့သွားရမဲ့အခါမှာ လွှတ်တယ်။ လူ့အခွင့်အရေး ကိုယ်စားလှယ်လာတဲ့အခါ လွှတ်တယ်။ အဲဒါမျိုးတွေကြတော့ လွှတ်ပြီးခံရတဲ့ နိုင်ငံရေးသမား တော်တော်များများက နိုင်ငံရေးအကျဉ်းသား တော်တော်များများ တချိန်ကပြောခဲ့ဖူးတယ် သူတို့ကို ဒါ Bargaining Chip ပေါ့လေ နိုင်ငံရေးကစားကွက်မှာ အသုံးပြုတဲ့ ဖဲချပ်တွေလို သူတို့ အနိုင်လိုတဲ့အခါ ချချကစားနေတာကို ခံပြင်းတယ်လို့ ပြောကြပါတယ်။
ကိုတိတ်နိုင် ။ ။ နိုင်ငံရေးအကျဉ်းသားတွေကို ဓါစားခံ ဖြစ်ထားပြီးတော့ အပေးအယူများ လုပ်နေသလား ဆိုတဲ့ သံသယတွေ ကျနော်တို့ဆီမှာ ရှိပါတယ်။ အဲဒီတော့ သို့ပေမယ့် အခု ဒီနေ့ လွှတ်လိုက်တဲ့ (၅၆) ဦး ဆိုလို့ရှိရင်တော့ ပထမအသုတ်အနေနှင့် ဒါလွှတ်ပေးဖို့အတွက် နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီကနေပြီးတော့ သမ္မတဆီကို တင်ထားတဲ့ ၅၆ ယောက်ဖြစ်တယ်။ သို့ပေမယ့် ဒါကတော့ ဒီရက်ပိုင်း ဒီရက်ပိုင်းတွေမှာ လွှတ်လာလိမ့်မယ်ဆိုတာကတော့ ကျနော်တို့က မျှော်လင့်ထားပြီးသား ဖြစ်ပါတယ်။ သို့ပေမယ့် အခုလို တိုက်ဆိုင်နေတဲ့ သွားပြီးတော့ တိုက်ဆိုင်တယ်ဆိုတဲ့ အခါတော့လည်း တခြားဖက်ကကြည့်ရင် ဒါသံသယ ဖြစ်စရာအနေနှင့် ရှိပါတယ်ပေါ့။ သို့ပေမယ့် ကျနော်ပြောချင်တဲ့ဟာကတော့ အခုနက ကျနော်ပြောခဲ့တဲ့အတိုင်းပဲ။ ဆိုတော့ လူတွေကတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ ကိုယ့်အောင်မြင်မှုအတွက် ကိုယ့်အကျိုးဖြစ်ထွန်းမှုအတွက် အထိရောက်ဆုံး နည်းလမ်းကိုတော့ သုံးကြမှာပဲ။ အဲဒါမျိုးကိုတော့ ကျနော် နားလည်လို့ရတယ်လို့ ပြောချင်တာပါ။

ဦးကျော်ဇံသာ ။ ။ သူတို့ကတော့ သူတို့အတွက် လွှတ်ပေးရမဲ့အတူတူ သူတို့အတွက်အကျိုးအရှိဆုံး အချိန်မှာ လွှတ်တယ်ဆိုတဲ့ စကားမှန်ပါတယ်။ ဒါပေမယ့် တဖက်ကနေပြီးတော့ စဉ်းစားကြည့် ကျနော်တို့ သတင်းသမားတွေတောင်မှ သူတို့ တမင်တကာ တိုင်ဆိုင်ပြီး လွှတ်ပေးနေပါလား ဆိုပြီးတော့ သူတို့ကို လွှတ်ပေးဖို့ တိုက်တွန်းနေတဲ့ နိုင်ငံတကာကလည်း မြင်မှာပေါ့။ သူတို့ကလည်း ဒီလို မပါးမနပ် ရှိပါ့မလား။ ဒီပုဂ္ဂိုလ် ငါတို့ဆီလာတော့ လွှတ်ပေးခဲ့ပြန်ပြီ။ ဒါကို အမှတ်ယူပြီးတော့ ပြောတော့မှာပဲ ဆိုပြီးတော့ သူတို့ တဖက်ကလည်း တွေးမယ်။ အဲဒီ တချက်လည်းရှိမယ်။ နောက်တချက်ကတော့ လွှတ်ပေးခံရတဲ့ နိုင်ငံရေးသမားတွေရဲ့ ခံစားချက်ကိုကော နိုင်ငံရေးသမားတွေရဲ့ ခံစားချက်ကော ဘယ်လိုနေမလဲ အဲဒီတော့။ ငါတို့ကို သူတို့အတွက် အသုံးချပြီးလွှတ်လိုက်ပြန်ပြီးဆိုတဲ့ အသိမျိုး ပြန်မဝင်ဘူးလား။ ဒီနှစ်ချက်ကို မေးချင်ပါတယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ ကိုရဲအောင် ဆက်ပြီးပြောပါ။ ဘယ်လို သဘောရပါသလဲ။

ကိုရဲအောင် ။ ။ အဲဒီလို အမှတ်ယူတဲ့အနေနှင့် သူတို့တကယ်လို့ အဲလို ပုံစံမျိုးနှင့်သာ လွှတ်ပေးနေတယ်ဆိုရှိရင်တော့ ဒါဟာ တော်တော်ကို ပြောရမယ်ဆိုလို့ရှိရင် ညံ့ဖျင်းတဲ့ ပုံစံလို့ပဲ ကျနော် မြင်ပါတယ်။ ဘာဖြစ်လို့လဲဆို တော့ လက်ရှိ ဒီအစိုးရအဖွဲ့အနေနှင့် အဲ့လောက်ကတော့ သူတို့လည်း မြင်မယ်လို့ ယူဆပါတယ်။ ယူဆပါတယ်။ ဒါပေမယ့် အခုဖြစ်နေတဲ့ ပြဿနာကလည်း ခုနကပြောသလို ကျနော်တို့ ဒါကော်မတီနှစ်ခုရဲ့ နောက်မကြာခင်မှာ ကော်မတီတစ်ခုရဲ့ အစည်းအဝေး ကျင်းပတော့မှာ ဖြစ်တဲ့အတွက် ပထမကော်မတီ အစည်းအဝေးကနေ ကျနော်တို့ သဘောတူညီထားတဲ့ဟာကို အခု နောက်အစည်းအဝေး မတိုင်ခင်လေးမှာ လွှတ်ပေးလိုက်တဲ့ သဘောပါပဲ။ ဒီအပေါ်မှာ အခုနလို တွေးကောင်းလည်း တွေးမှာပေါ့။ အဲဒီလို တွေးမယ်ဆိုလို့ ရှိရင်တော့ ဒါဟာအလွန်ကို ဆိုးဝါးတဲ့ အတွေးအခေါ်မျိုးပဲ ဖြစ်ပါလိမ့်မယ်။ နောက်တခုက ဒီမှာရှိတဲ့ အကျဉ်းသားတွေအနေနှင့်လည်း ဒါဟာသူတို့ကို ဒီလို ချပြတယ်၊ ဒီလိုဟာမျိုးတွေနှင့် လုပ်ပြီးတော့ အပေးအယူ လုပ်ပြီးတော့ လွှတ်တယ်လို့လည်း ခံစားရတာတော့ ခံစားရကောင်း ခံစားနိုင်ပါတယ်။ ဒါကတော့ ရှိပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ဒီလိုတိုက်ဆိုင်မှုတွေက အမြဲတမ်းတိုက်ဆိုင်မှုတွေ ဖြစ်နေတာကို ကျနော်တို့ သိနေရတာ ပဲလေ။ ဒါပေမယ့် လက်ရှိကာလမှာကလည်း မြန်မာပြည် အနေအထားအရ အခုအချိန်အပိုင်းအရ ဘယ်လို အချိန်မျိုးမှာပဲလွှတ်လွှတ် တခုမဟုတ်တခုတော့ တိုက်ဆိုင်နေတာတွေကတော့ ကျနော်တို့ တွေ့နေရပါတယ်။

ဦးကျော်ဇံသာ ။ ။ ကိုတိတ်ရဲ့ သဘောထားလည်း ပြောပါ။ ဒီကိစ္စနှစ်ရပ်နှင့် ပတ်သက်ပြီးတော့။

ကိုတိတ်နိုင် ။ ။ နိုင်ငံတကာအနေနှင့်ကတော့ နိုင်ငံတကာက အဲဒီလို တိုက်ဆိုင်မှု များလာလေလေ သူတို့အနေနှင့် သံသယစိတ်က ကြီးလာလေလေ ဖြစ်မှာပဲ။ အဲဒီတော့ အဲဒီလိုမျိုး တိုက်ဆိုင်နေတဲ့ ကိစ္စမျိုးတွေဖြစ်တယ်။ တကယ်တမ်းပဲ ကြီးကြီးမားမား နိုင်ငံရေး အပြောင်းအလဲဖြစ်နေတဲ့ အချိန်မျိုးမှာ လွှတ်ပေးတယ်ဆိုလို့ရှိရင်တော့ နိုင်ငံတကာက သံသယ ဝင်မယ်ဆိုလို့ရှိရင်တော့ ဒါအကျိုးဆက်အနေနှင့် ဒါပြုတဲ့သူကပဲ ခံရမှာဖြစ်ပါတယ်။ ကျနော်တို့ကတော့ ကြားထဲကနေ ဝင်ပြောလို့ သိပ်တော့အဆင်မပြေဘူး ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်မြောက်ရေးအတွက် လုပ်ဆောင်နေတဲ့အခါမှာ သမ္မတဦးသိန်းစိန်ကလည်း ဒီနှစ်ကို zero level ပေါ့ နိုင်ငံရေး အကျဉ်းသားတယောက်မှ မရှိရတော့ဘူးဆိုတော့ ကတိမျိုးပေးပြီးတော့ ဆောင်ရွက်နေတဲ့အခါကြတော့ ကျနော်တို့က ဒီနှစ်အကုန်မှာ နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်မြောက်ရေးကိုပဲ လတ်တလောကာလမှာ ရှေ့ရှုနေရတာ ဖြစ်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခုက အခုလဲပဲ ပုဒ်မ ၁၈ နှင့် ထပ်ပြီးဖမ်းတဲ့သူတွေ ဒီနေ့ပဲ စစ်တွေမှာ ပုဒ်မ ၁၈ နှင့် လူနှစ်ယောက်ကို ထောင်ဒဏ်သုံးလစီ ချလိုက်တယ်ဆိုတာ ကျနော်တို့ သိရပါတယ်။ ဆိုတော့ ဒီလူတွေကို ထပ်ပြီးတော့ ဖမ်းနေတယ်၊ တဖက်က လွှတ်နေတယ် ပိုတောင် ထင်စရာရှိလာတယ် ဒီကိစ္စတွေဟာ။ ဆိုတော့ အခု စီစစ်နေတဲ့အပိုင်းမှာ ကိုရဲအောင်တို့ စီစစ်ရေးအဖွဲ့ထဲမှာ ပါတယ်ထင်ပါတယ်။ စီစစ်ပြီးတော့ တင်ပြတဲ့အထဲ။
ကိုရဲအောင်။ ။ ဟုတ်ကဲ့။ ပါပါတယ်။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ အခု အသစ်ဖမ်းတဲ့သူတွေကို မစီစစ်ဘူးလား။ စီစစ်တယ်ဆိုတာ ဘယ်လို လူတွေကိုပဲ စီစစ်လဲ။ ဒီကနေ့ပဲ ဖမ်းပြီးတော့ ထောင်ချလိုက်တဲ့ လူမျိုးတွေကော ကိုရဲအောင်တို့ ထည့်သွင်းစီစစ်တဲ့အထဲမှာ ပါမလား။

ကိုရဲအောင် ။ ။ ဒီကိစ္စနှင့်ပတ်သက်ပြီးတော့ တောက်လျှောက် ကော်မတီ သက်တမ်းကာလမှာ ကျနော်တို့ ဆွေးနွေးနေတာ ရှိပါတယ်။ အခုလက်ရှိ ကျတဲ့လူတွေပေါ့။ ဒါပေမယ့်လဲ ကျနော်တို့ ကော်မတီအတွင်းမှာ ဘာဆွေးနွေးမှု အခက်အခဲဖြစ်နေလဲဆိုတော့ တဖက်ကလည်း လက်ကျန် နိုင်ငံရေးအကျဉ်းသား တွေဖြစ်နေတယ်။ အခုနောက်ပိုင်းကတော့ Rule of Law အရ ချတာတွေ ဖြစ်တယ်ဆိုပြီးတော့ တဖက်က နိုင်ငံရေးတာဝန်ရှိသူတွေကလည်း ဒီအတိုင်း ဆွေးနွေးပါတယ်။ ကျနော်တို့ကလည်း ဒါဟာ Rule of Law အရ ချတာပဲဖြစ်ဖြစ်၊ ဘယ်လိုပဲဖြစ်ဖြစ် ဒါဟာ ထောင်ထဲမှာ ရှိနေတဲ့အတွက်ကြောင့် လက်ကျန်နိုင်ငံရေးအကျဉ်းသားတွေပဲဖြစ်တယ်။ ဒီဟာ နိုင်ငံရေးအကျဉ်းသားတွေ၊ ကျနော်တို့က ပုဒ်မ ၁၈ နှင့် ၅၀၅ (ခ) နှင့် ချတဲ့သူတွေ သတ်မှတ်ထားတယ်ဆိုတဲ့ အပိုင်းနှင့် ဆွေးနွေးနေပါတယ်။ ဒါပေမယ့် အခုထက်ထိ အဲဒါနှင့် ပတ်သက်တဲ့ ပြတ်သားတဲ့ အဖြေတခု ကျနော်တို့ ကော်မတီထဲမှာကို မဆုံးဖြတ်နိုင်သေးဘူး ဖြစ်နေပါတယ်။

ဦးကျော်ဇံသာ ။ ။ကိုရဲအောင် နောက်တခုက ကျနော်ပြောချင်တာက အခု ဖမ်းတဲ့အခါကြတော့ ပုဒ်မ တက်ပြီးတော့ဖမ်းတယ်။ ၁၇ (၁)၊ ၁၈ တို့။ နောက် အရေးပေါ်စီမံချက်တို့ ဘာတို့နှင့် သူတို့ ဒါ ၅(ည)တို့ ဘာတို့နှင့် ဖမ်းတယ်။ လွှတ်တဲ့အခါကြတော့ သူတို့ကို ဘယ်လိုတပ်ပြီး လွှတ်ပါသလဲ။ နိုင်ငံရေးအကျဉ်းသား ယုံကြည်မှုကြောင့်ကျနေတဲ့ အကျဉ်းသားလို့ ပြောပါလား။ အဲဒီ ရာဇဝတ်သားပေါ့လေ နိုင်ငံတော့ ဥပဒေချိုးဖောက်တဲ့ လူတွေလို့ပြောပါလား။ ဘယ်လိုပြောပါလဲ။

ကိုရဲအောင် ။ ။ ဒီကိစ္စနှင့် ပတ်သက်ပြီးတော့ နိုင်ငံရေးအကျဉ်းသားလို့တော့ အခုချိန်ထိသုံးပြီး လွှတ်တာတော့ မရှိသေးပါဘူး။ ပြီးခဲ့တဲ့တခေါက် နောက်ဆုံးလွှတ်တဲ့ အချိန်တုန်းကတော့ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားလို့ သုံးမယ်အစား၊ နိုင်ငံသားအကျဉ်းသားလို့ သုံးသွားတာ တွေ့ရပါတယ်။ ဒါနှင့် ပတ်သက်လို့ ကျနော်တို့က ကော်မတီအစည်းအဝေးပွဲမှာ ဒါကို ကျနော်တို့ ပြောဆို ဆွေးနွေးခဲ့ပါတယ်။ တကယ်တော့ လက်ကျန်နိုင်ငံရေးအကျဉ်းသား စီစစ်ရေးကော်မတီက စီစစ်တင်ပြပြီးတော့ လွှတ်ပေးလိုက်တဲ့ လူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေပဲ ဖြစ်ရမယ်။ ဒါကို ကျနော်တို့ နိုင်ငံတော်သမ္မတအနေနှင့်ကလည်း နိုင်ငံတကာမှာလည်း ပြောနေတယ်။ Public speech တွေမှာလည်း ပြောနေပါတယ် နိုင်ငံရေးအကျဉ်းသား ဆိုတာကို။ ဒါကြောင့်မို့ ဒီအသုံးအနှုန်းနှင့် သုံးပြီးတော့ လွှတ်ပေးသင့်ပါတယ်။ ဒါပေမယ့် အခု ဒီ ၅၆ ယောက်လုံး လွှတ်ပေးတဲ့အချိန်မှာတော့ အခုချိန်ထိ ကျနော်တို့ဟာ ဒီဟာနှင့် ပတ်သက်ပြီး လွှတ်ပေးတဲ့ဟာကို သူတို့ ဘယ်လို ထုတ်ပြန်ကြေငြာလည်းဆိုတာကို ကျနော်တို့ မသိရသေးပါဘူး။

ဦးကျော်ဇံသာ ။ ။ တကယ်လို့သာ အဲဒီလို လုပ်ခဲ့ရင် ကိုတိတ်ရယ် ဒီအစိုးရ မလိမ့်တပတ် လုပ်နေသလို မဖြစ်ဘူးလား။ ဖမ်းချင်တဲ့အခါကြတော့ သူတို့ ပုဒ်မအမျိုးမျိုးတပ်တယ်။ နိုင်ငံတကာကြတော့ ငါတို့ဆီ မှာ နိုင်ငံရေးအကျဉ်းသား မရှိတော့ဘူးဆိုတဲ့ သဘောမျိုးနှင့် လွှတ်ပြနေတယ်။

ကိုတိတ်နိုင် ။ ။ ဆိုတော့ ဒီမြန်မာပြည်မှာ နိုင်ငံရေးအကျဉ်းသား မရှိဘူးဆိုတဲ့ကိစ္စက တောက်လျှောက်ပြောနေခဲ့တဲ့ကိစ္စက သမ္မတဦးသိန်းစိန်က နေပြီးတော့ ဒီပါတီမှာ ပြောခဲ့တဲ့ကိစ္စက နောက်ဆုံးမှာ ဆိုတော့ နောက်ပိုင်းမှာတော့ ဒီနိုင်ငံရေးအကျဉ်းသားဆိုတဲ့ စကားလုံးတွေ သုံးလာတယ်။ ယုံကြည်ချက်အကျဉ်းသားဆိုတဲ့ စကားလုံးတွေ သုံးလာတယ်။ ဆိုတော့ ကျနော်တို့အနေနှင့်ကတော့ ဘာပဲဖြစ်ဖြစ် နိုင်ငံရေး အကျဉ်းသားတွေ အားလုံးလွှတ်မြောက်ရေးအတွက် ကြိုးစားနေကြရတဲ့အခါကြတော့ ကျနော်တို့က တိုက်တွန်းရင်၊ ပြောရင်၊ ဆွေးနွေးရင် ရန်ဖြစ်ရေး၊ ဖြစ်ရေးနှင့်ပဲ ကျနော်တို့က ဒီနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်မြောက်ရေးအထိ ကြိုးစားဆောင်ရွက်သွားရမဲ့ လူတွေ ဖြစ်တယ်။

ဦးကျော်ဇံသာ။ ။ ဆရာကျော်ရင်မြင့် ကြားတဲ့အတိုင်းပါပဲ နိုင်ငံရေးအကျဉ်းသားဟောင်းတွေ နိုင်ငံရေးအကျိုးဆောင်နေတဲ့ ပုဂ္ဂိုလ်တွေရဲ့ ပြောကြားချက်တွေပါ။ ဆိုတော့ ဆရာကျော်ရင်မြင့် သတင်းသမားတယောက်အနေနှင့် ဘယ်လို မြင်သလဲ။ နိုင်ငံရေး အကျဉ်းသားတွေကို မြန်မာနိုင်ငံအာဏာပိုင်တွေက များသောအားဖြင့် အချိန်ကိုက်လိုလို လွှတ်ပေးနေတာ တိုက်ဆိုင်မှု လား သူတို့အတွက် အမြတ်ထုတ်နေသလား ဆိုတာနှင့် ပတ်သက်ပြီးတော့ မှတ်ချက်ပေးပါဦး။ နောက် ပြီးတော့ ဒီလိုသတင်းမျိုးကို ဆရာတို့က အတွင်းကျကျ ဝေဖန်သုံးသပ်ပြီးတော့ မြန်မာနိုင်ငံမှာ ရေးသားတင်ပြခွင့်ကော ရှိရဲ့လားဆိုတာ တဆက်တည်းပြောပါ။

ကိုကျော်ရင်မြင့် ။ ။ ကျနော်ကတော့ အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို တော်တော် တန်ဖိုးထားပုံရတယ်လို့ ထင်ပါတယ်။ သူလက်ထဲမှာ ထားတာတာ လွှတ်လိုက်ရမှာကို တော်တော် နှမြောပုံရတယ်။ သူတို့တန်ဖိုးထားသလို တန်ဖိုးရှိတာလည်း အမှန်ပဲ၊ အရေအတွက် နည်းနည်းလေးပဲ လွှတ်လွှတ် နိုင်ငံရေးအကျဉ်းသား လွှတ်တယ်ဆိုရင် မစ္စတာဘန်ကီမွန် က အစ လက်ခုပ်တီးသြဘာပေးတာ ခံရတာကိုး။ နိုင်ငံခြားမှာလည်း ဒီလိုလွှတ်လိုက်လို့ရှိရင် နည်းနည်းလွှတ်လွှတ် တယ်မျက်နှာရတာပဲဗျ။ ကျနော်တို့ကတော့ ဒီသမ္မတကြီးကို နိုင်ငံခြား ခဏခဏ ဖိတ်ပေးကြဖို့ တိုက်တွန်းပေးစေချင်ပါတယ်။ ဒါမှ ထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသမားတွေ မကျန်တော့အောင်ပါ။ တခုလည်း ပြောကြပါဦး ထပ်လွှတ်ဖို့တော့ ထပ်မဖမ်းဖို့လေ။ ကျနော်တို့ ပြည်တွင်းက သတင်းမီဒီယာသမားတွေကတော့ ဒီကိစ္စကို မေးဖို့ရော ပြောဖို့ရော အလှမ်းကွာပါတယ်။ အစိုးရဌာနက ပြောရေးဆိုခွင့် ပေးထားတဲ့သူတွေကိုတောင်မှ မေးချင်ရင်တော့ စာနှင့်တင်ရတာတို့ Fax နှင့် မေးခွန်းတွေပို့ပါဆိုတော့ ကျနော်တို့တော့ မေးရတာခက်တယ်။ ဖြေလည်းပြန်လာလေ့မရှိဘူ။ အဲဒီတော့ ဦးကျော်ဇံသာတို့ပဲ မေးလည်းမေးပေးကြပါဦး။ ပြောလည်းပြောပေးကြပါဦး။
XS
SM
MD
LG