သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးတိုးတက်မှုနဲ့ ပျက်စီး ဆုတ်ယုတ်မှု


တိုင်းပြည်တွေကို တိုးတက်ဖွံ့ဖြိုးတဲ့နိုင်ငံနဲ့ ပျက်စီးဆုတ်ယုတ်တဲ့နိုင်ငံဆိုပြီး အကြမ်းအားဖြင့် (၂) ပိုင်း ခွဲခြားနိုင်ပါတယ်။ တိုင်းပြည်အချင်းချင်း ယှဉ်ပြိုင်ရင်း တိုးတက်ဖွံ့ဖြိုးလာကြပုံကို Harvard Business School က ပါမောက္ခ Richard Vietor က ၂၀၀၇ မှာ စာအုပ်ထုတ်ထားပါတယ်။ ပြည်တွင်းလုပ်ငန်းကို အစိုးရမြေတောင်မြှောက်ပေးလို့ တိုင်းပြည်တိုးတက်ဖွံ့ဖြိုးလာပုံကို How Countries Compete ဆိုတဲ့ စာအုပ်မှာ ကွင်းကွင်းကွက်ကွက် ဖော်ပြထားပါတယ်။ ဘာမှမရှိတဲ့ စင်္ကာပူကျွန်းလေး ပြိုင်ဆိုင်မှုစွမ်းရည်ထက်မြတ်လာလို့ အရှေ့တောင်အာရှမှာ ထိပ်တန်းရောက်လာပုံကို တခမ်းတနား ဖော်ပြပါတယ်။

နောက် (၅) နှစ်ကြာတော့ MIT ဘောဂဗေဒပါမောက္ခ Daron Acemoglue နဲ့ Harvard တက္ကသိုလ်နိုင်ငံရေးသိပ္ပံ ပါမောက္ခ James Robinson တို့က တိုင်းပြည်တွေ ပျက်စီးဆုတ်ယုတ်ရတဲ့ အကြောင်းရင်းနဲ့ တိုးတက်ဖွံ့ဖြိုးရတဲ့ အကြောင်းရင်းတွေကို လေ့လာသုံးသပ်တဲ့ Why Nations Fail ဆိုတဲ့ စာအုပ်ကို ထုတ်ဝေပြန်ပါတယ်။ တိုင်းပြည်တွေ ဆင်းရဲချမ်းသာ ကွဲပြားရတာဟာ ယဉ်ကျေးမှု၊ ဘာသာရေး၊ အတွေးအခေါ် ပထဝီ စတာတွေကြောင့် မဟုတ်ဘဲ ကျင့်သုံးတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ရေခံမြေခံမကောင်းလို့ ဆင်းရဲတာမဟုတ်ဘဲ ကျင့်သုံးတဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

အရှင်းဆုံး ဥပမာဟာ မြောက်နဲ့တောင် ကိုရီးယား ဖြစ်ပါတယ်။ ဂျပန့် ကိုလိုနီ ကိုရီးယားဟာ ဂျပန်စစ်ရှုံးတဲ့အခါ ၁၉၄၅ မှာ နှစ်ပိုင်းကွဲသွားပါတယ်။ မြောက်ပိုင်းကို ရုရှားက အုပ်ချုပ်ပြီး တောင်ပိုင်းကို အမေရိကန်အုပ်ချုပ်ပါတယ်။ မြောက်ပိုင်းမှာ တပါတီအာဏာရှင်စနစ်နဲ့ ခြယ်လှယ်ထုတ်ယူတဲ့ စနစ်ကျင့်သုံးတာ အနှစ် (၇၀) နီးပါးရှိပြီဖြစ်လို့ ယိုယွင်းပျက်စီးနေပါတယ်။ အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးတဲ့တောင်ပိုင်းဟာ အဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာလာပါတယ်။ မြောက်ကိုရီးယား မှာ စစ်အင်အားနဲ့ ကြီးကျယ်ခမ်းနားတဲ့ အဆောက်အဦးတွေ ရှိပေမယ့် တိုင်းသူပြည်သားဟာ ဆင်းရဲငတ်ပြတ်နေပါတယ်။

မြောက်ပိုင်းရဲ့ လူနေမှုအဆင့်အတန်းဟာ တောင်ပိုင်းရဲ့ ဆယ်ပုံတစ်ပုံသာ ရှိပါတယ်။ ဂြိုလ်တုက ညဘက်ရိုက်ထားတဲ့ ဓါတ်ပုံမှာ တောင်ပိုင်းက ထွန်လင်းနေပြီး မြောက်ပိုင်းက မဲမှောင်နေပါတယ်။ မြောက်ကိုရီးယားမှာ လျှပ်စစ်ဓါတ်အား မလုံလောက်လို့ မဲမှောင်နေတာ ဖြစ်ပါတယ်။ မြောက်ပိုင်းမှာ တသွေးတသံတမိန့်ကို အဓိကထားပြီး ခြယ်လှယ်သွေးစုပ် ထုတ်ယူတဲ့စနစ်ကို ကျင့်သုံးတာမို့ ဆင်းရဲမွဲတေနေတာ ဖြစ်တယ်လို့ ဆိုပါတယ်။ တောင်ပိုင်းကတော့ တရားဥပဒေအတိုင်း အများပါဝင်နိုင်တဲ့ နိုင်ငံရေး၊ စီးပွားရေးစနစ်ကို ကျင့်သုံးလို့ ချမ်းသာကြွယ်ဝနေပါတယ်။

ကမ္ဘာ့သမိုင်းကိုကြည့်ရင် ခြယ်လှယ်သွေးစုပ်ထုတ်ယူတဲ့စနစ် ကျင့်သုံးတဲ့ဒေသဟာ အချိန်ကြာလေ ယိုယွင်းပျက်စီးဆုတ်ယုတ်လေ ဖြစ်လာပြီး အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးတဲ့ဒေသမှာတော့ အချိန်ကြာလေ တိုးတက် ဖွံ့ဖြိုးလေ ဖြစ်ပါတယ်။ ခြယ်လှယ်ထုတ်ယူတဲ့စနစ်အောက်မှာ တိုးတက်တာမျိုး ရှိပေမယ့် ရေရှည်မခံပါဘူး။ နိုင်ငံရေးမှာရော စီးပွားရေးမှာရော အများပါဝင်နိုင်မှသာ ရေရှည်ဖွံ့ဖြိုးတိုးတက်နိုင်တယ်လို့ ဆိုပါတယ်။

ဈေးကွက်ရှိတာကို အများပါဝင်နိုင်တဲ့ ဖွဲ့စည်းတည်ထောင်မှုလို့ မပြောနိုင်ပါဘူး။ ဈေးကွက်ကို လွှတ်ထားရင် သြဇာကြီးမားတဲ့ အခွင့်အထူးခံတစု ကြီးစိုးသွားပါလိမ့်မယ်။ အခွင့်ထူးခံသူမရှိဘဲ အားလုံးတန်းတူရည်တူ ယှဉ်ပြိုင်ခွင့်ရှိတာဟာ အားလုံးပါဝင်တဲ့ ဖွဲ့စည်းတည်ထောင်မှု ဖြစ်ပါတယ်။ လူတစုကြီးစိုးမှု မရှိဘဲ အများအတွက် အခွင့်အလမ်း ဖန်တီးပေးနိုင်အောင် လွတ်လပ်တဲ့ သတင်းမီဒီယာက ကူညီနိုင်ပါတယ်။ ဥပမာ အခွင့်ထူးခံ လက်ဝါးကြီးအုပ်စိုးမှုတွေကို ထောက်ပြနိုင်ပါတယ်။ မြန်မာပြည်မှာ လွတ်လပ်မှု အနည်းအကျဉ်း ရှိလာပေမယ့် နိုင်ငံရေး၊ စီးပွားရေးမှာ အခွင့်ထူးခံမှုနဲ့ ခြယ်လှယ်ထုတ်ယူမှု ရှိနေသေးတာမို့ မရေရာမသေချာတာတွေ အများကြီးရှိနေတယ်လို့ ဆိုပါတယ်။ စီးပွားရေးစနစ်ဟောင်းကို စွန့်လွှတ်လို့ တရုတ်ပြည်တိုးတက်လာပေမယ့် နိုင်ငံရေးမပြုပြင်နိုင်ရင် ရေရှည်မခံနိုင်ဘူးလို့ ဆိုပါတယ်။

IMF အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့လို အဖွဲ့အစည်းကြီးတွေကတော့ စီးပွားရေကဏ္ဍကို ကြံဖန်ပြီး ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရ် တိုးတက်လာမယ်လို့ ယူဆပြီး ကျင့်သုံးရမယ့် ပေါ်လစီတွေ ချပေးလေ့ရှိပါတယ်။ ဒါပေမဲ့ အမည်ခံ ပြုပြင်ရေးသာဖြစ်နေပြီး လက်တွေ့မှာ အနာတခြား ဆေးတခြား ဖြစ်နေတတ်ပါတယ်တဲ့။

အကြောင်းကတော့ ပြုပြင်ရေးလုပ်ပေမယ့် နိုင်ငံရေးစနစ်ဟာ အရင်ပုံစံအတိုင်း ဆက်သွားနေလို့ ဖြစ်ပါတယ်။ တရုတ်ပြည်စီးပွားရေးမှာ အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးလို့ ဖွံ့ဖြိုးတိုးတက်လာပေမယ့် နိုင်ငံရေးမှာတော့ လူတစုခြယ်လှယ်တဲ့စနစ်ကို ဆက်သုံးနေတာမို့ နိုင်ငံရေးစနစ်မပြောင်းရင် ဆက်လက်တိုးတက်ဖို့ အခက်အခဲတွေ အများကြီးရှိနိုင်ပါတယ်။

မြန်မာပြည်ဟာ Daron Acemoglu နဲ့James Robinson တို့ထောက်ပြတဲ့ ပျက်စီး ဆုတ်ယုတ်တဲ့ လမ်းကြောင်းနဲ့ ပိုပြီးနီးစပ်တယ်လို့ ပညာရှင်အချို့က သုံးသပ်ပါတယ်။ အနှစ် (၅၀) ကျော် ပျက်စီးဆုတ်ယုတ်ခဲ့တာကို ဟန့်တားနိုင်အောင် ကြံဖန်ပြီးပြုပြင်ရေး လုပ်လာတဲ့ မြန်မာပြည်ဟာ ၂၀၁၃ ကစပြီး နောက်ပြန်ဆုတ်နေပြီလို့ အမေရိကန်သုတေသီ Joshua Kurlantizick က မကြာမီက ဝေဖန်ပါတယ်။ ဒါပေမဲ့ ခြယ်လှယ်သွေးစုပ်ထုတ်ယူတဲ့ အခွင့်ထူးခံစနစ် နိဂုံးချုပ်ပြီး အားလုံးပါဝင်နိုင်တဲ့စနစ် ကျင့်သုံးနိုင်ရင်တောင် အသီးအပွင့် ခံစားနိုင်ဖို့ နှစ်ပေါင်းအတော်ကြာနိုင်တယ်လို့ သုံးသပ်ထားပါတယ်။

XS
SM
MD
LG