သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မတူကွဲပြားမှု နဲ့ ငြိမ်းချမ်းစွာ နေထိုင်ရေး


ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ သုံးသပ်ချက်အစီအစဉ်မှာ မတူကွဲပြားမှုကို အခြေခံသော စည်းလုံးညီညွတ်ရေး Unity in Diversity ဆိုတဲ့ ပင်လုံရဲ့အခြေခံသဘောတရားကို ဘယ်လောက်အထိ ဖော်ဆောင်နိုင်ကြပြီလဲ ဆိုတာကို မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ဦးလှထွန်း၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က ဦးစိုင်းလိတ်တို့ နှင့် ဦးကျော်ဇံသာ ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ နယ်ချဲ့ဗြိတိသျှတို့လက်အောက်က လွတ်လပ်ရေးယူပြီးတော့ မြန်မာနိုင်ငံကို ပြည်ထောင်စုမြန်မာနိုင်ငံအဖြစ် ဖွဲ့စည်းကြမယ်ဆိုတော့ တိုင်းရင်းသားခေါင်းဆောင်တွေ၊ လွတ်လပ်ရေးခေါင်းဆောင်တွေ အဓိကထား စဉ်းစားခဲ့ကြ ရယူခဲ့ကြတဲ့ မူဝါဒသဘောတရားကတော့ Unity in Diversity ဆိုတဲ့ သဘောတရား ဖြစ်ပါတယ်။ မတူကွဲပြားမှုတွေအထဲမှာ စည်းလုံးညီညွတ်ရေး ဆိုတဲ့စကား ဖြစ်ပါတယ်။ အဓိပ္ပာယ်ကို သေချာစဉ်းစားကြည့်မယ်ဆိုရင် Unity ဆိုတဲ့ စည်းလုံးညီညွတ်မှုရှိရမယ်။ ဒါပေမယ့် မတူကွဲလွဲတဲ့ဟာတွေကို အကုန်လုံး ဖြတ်ပစ်ပြီးတော့ တစ်မျိုးတည်းဖြစ်ရမယ်ဆိုတဲ့ Unification မျိုး မဟုတ်သလို Diversity ဆိုတာကလည်း Fragmentation လို့ခေါ်တဲ့ အစိတ်စိတ်အမွှာမွှာ ကွဲလွဲခြင်းမရှိဘဲနှင့် မတူကွဲလွဲမှုကိုလက်ခံပြီးတော့ ညီညွတ်ရေးတည်ဆောက်မယ်ဆိုတဲ့ သဘောတရားဖြစ်ပါတယ်။

အခု လွတ်လပ်ရေးရပြီးတော့ နှစ်ပေါင်း ၆၀ ကျော်ကြာလာခဲ့ပြီဖြစ်ပါတယ်။ လွတ်လပ်ရေး ခေါင်းဆောင်တွေ တိုင်းရင်းသားတွေက Unity in Diversity ဆိုတဲ့ အယူအဆကိုသဘောတူညီပြီး လက်မှတ်ရေးထိုးခဲ့ကြတာလည်း နှစ်ပေါင်း ၆၆ နှစ်ကျော်ခဲ့ပြီဖြစ်ပါတယ်။ ဒီအချိန်မှာ အဲဒီသဘောတရားကို ဘယ်လောက်ထိ လက်တွေ့ အကောင်ထည်ဖော်နိုင်ပြီလဲဆိုတာ ကျနော်တို့ ကြည့်ရအောင်ပါ။ ပထမဦးဆုံး မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်က ရှေ့နေကြီးတစ်ဦးဖြစ်တဲ့ ဦးလှထွန်း ပြောပါ ခင်ဗျာ။

ဦးလှထွန်း ။ ။ ကျနော် သတိထားမိသလောက်ကတော့ ကျနော်တို့ ပင်လုံစာချုပ်ကို ချုပ်တဲ့အနေအထားတုန်းက ဗိုလ်ချုပ်အောင်ဆန်းအနေနှင့်က ကျနော်တို့ တိုင်းရင်းသားတစ်ဦးချင်းရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ကို လုံးဝကြီးကို အသိအမှတ်ပြုပြီးတော့ တိုင်းရင်းသားတွေရဲ့ ကျေနပ်မှုကို ရယူဖို့ ကြိုးစားပြီးတော့မှ တည်ဆောက်ခဲ့ရတာ ဖြစ်ပါတယ်။ အဲဒီတော့ ခုနတုန်းက ပြောသလိုပဲ Diversity ဆိုတဲ့ဟာက ဒီ Diversify ဖြစ်နေတဲ့အချက်ကို သေသေချာချာ ကျနော်တို့ ကျန်တဲ့တစ်ဖက်က အသိမှတ်ပြုခံယူပြီးတဲ့အခါကြမှ ကျနော်တို့ ဒီဟာက Unity ဆိုတဲ့ဟာက ရနိုင်ပါတယ်။ အဲဒီတော့ ပင်လုံစာချုပ်ကို ချုပ်ခဲ့တဲ့အချိန်တုန်းက အဲဒီလို ယူတယ်ဆိုတဲ့အချက်ကို ကျနော်တို့က 1947 constitution မှာ သွားပြီးတော့ တွေ့ပါတယ်။ အဲဒါက ဘာလဲဆိုလို့ရှိရင် ကျနော်တို့ ဒီ ၁၀ နှစ်အတွင်းမှာ ခွဲထွက်ခွင့်ဆိုတဲ့အချက်ကို မကျင့်သုံးရ လို့ဆိုပြီးတော့ ပြဌာန်းထားတယ်။

အဲဒါကို ကျနော်တို့က အဓိပ္ပာယ်ဖော်ကြည့်တဲ့အခါကြတော့ ၁၀ နှစ် ပြီးတဲ့အခါမှာ ခွဲထွက်ခွင့် ရှိတယ်ဆိုတဲ့အချက်ကို ဒါက Diversity ကို အသိမှတ်ပြုခဲ့တဲ့အချက်လို့ ကျနော်တို့က မြင်တယ်။ အဲဒီတုန်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ သဘောထားအတိုင်းဆိုရင် ဗမာတွေအနေနှင့်က ဒီဘက်က ပြည်မကအနေနှင့်က ၁၀ နှစ်အတွင်းမှာ တိုင်းရင်းသားညီအကိုတွေကို ကျေနပ်လာအောင် စည်းရုံးရမယ်လို့ ဆိုပြီးတော့ ပြောခဲ့တယ်။ အဲဒီအချက်ကို ကြည့်မယ်ဆိုလို့ရှိရင် တစ်ဖက်ကို သေသေချာချာ လေးလေးနက်နက် အသိမှတ်ပြုပြီးတော့ ကျနော်တို့ ညီညွတ်မှုကို ယူခဲ့တယ်။ အဲဒီလို ဗိုလ်ချုပ်ရဲ့ ရှင်းလင်းချက် အသိမှတ်ပြုမှုကြောင့်လည်း တိုင်းရင်းသားတွေက Free Concepts/Contract ပေးပြီးတော့ ကျနော်တို့ ပြည်ထောင်စုကို ဖွဲ့စည်းပြီးတော့ ကျနော်တို့ တပေါင်းတစည်းတည်း လွတ်လပ်ရေးကို ရယူခဲ့တယ်လို့ မြင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခုအခါမှာကော အဲ Unity in Diversity ဆိုတဲ့သဘောတရားကို ဘယ်လောက်ထိ မှန်မှန်ကန်ကန် အကောင်ထည်ဖော်လာနိုင်ခဲ့ပြီလို့ ထင်ပါသလဲ။

ဦးလှထွန်း ။ ။ ရှင်းရှင်းပြောရင်တော့ ကျနော့်အမြင်အရဆိုရင် လုံးဝကြီး မရှိသေးဘူးလို့ပဲ ပြောလို့ရပါတယ်။ အဲဒါက ဘာအချက်လဲဆိုလို့ရှိရင် ကျနော်တို့ တိုင်းရင်းသားညီအစ်ကိုတွေကို ပြောတဲ့အခါမှာ ကျနော်တို့က ညီညွတ်တယ်ပြောပြီးတော့ ခုနကပြောတဲ့ ကွဲလွဲတယ်တဲ့အချက်ကို အသိမှတ်မပြုဘူး။ ကျနော်တို့ဘက်က ကျနော်တို့ ဒီဘက်က လူများစုဖြစ်တဲ့ လူတွေက အင်မတန် အားနည်းခဲ့တယ်ဆိုတဲ့အချက်ကို ကျနော်တို့ ၆၂ ခုနှစ် ကျနော်တို့ ပြည်လမ်းက Federal ညီလာခံတုန်းက ကျနော်တွေ့ခဲ့သလိုပဲ အခုနောက်ပိုင်းမှာ ဒီဘက် နောက်ပိုင်း စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အစိုးရတွေရဲ့ လုပ်ပုံကိုင်ပုံဆောင်ရွက်ပုံကို ကြည့်တဲ့အခါမှာလည်း ခုနကပြောတဲ့ အသိမှတ်ပြုမှုကို မတွေ့ရပါဘူး။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဦးစိုင်းလိတ်ကကော ဘယ်လိုမြင်ပါသလဲ။ Unity in Diversity ဆိုတာကို ဘယ်လောက်ထိ လက်တွေ့အကောင်ထည်ဖော် ကျင့်သုံးနိုင်ခဲ့ပြီလို့ ထင်ပါသလဲ။ ပြည်ထောင်စုမှာ အခု။

ဦးစိုင်းလိတ် ။ ။ ဒီနေ့ ဒီအချိန်ထိကတော့ ကျနော်တို့လေ့လာကြည့်မိသလောက်ဆိုရင် လက်ရှိ ဦးသိန်းစိန်အစိုးရအနေနှင့် အဲဒီ Unity in Diversity ကို အသိမှတ်ပြုတဲ့ သဘောမျိုးတော့ ပြောလာဆိုလာတာ တွေ့ရတယ်။ ဒါပေမယ့် လက်တွေ့ကျင့်သုံးမှုအပိုင်းမှာတော့ အင်မတန်ကို အားနည်းနေသေးတာကို တွေ့ရတယ်။ ဘာဖြစ်လို့လဲရှိရင် ဒီနေ့ ဒီအချိန်ထိ ကျနော်တို့ တိုင်းရင်းသားတွေက ကိုယ်ရဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်နှင့် တန်းတူညီရေးဆိုတဲ့ အဆိုပြုချက်တွေကိုပဲ တဖွဖွ ပြောရနေတုန်း ပြောကြနေတုန်းဆိုတာက ဒါသက်သေပါ။ တကယ်တမ်း ကျနော်တို့ လက်တွေ့ မျက်တွေ့ ကျင့်ကြံပြီဆိုလို့ရှိရင်တော့ ဒီကိစ္စတွေက ထည့်ပြောစရာတောင်မလိုတဲ့ အချက်တွေ ဖြစ်နေတာကိုး။ ဒါကြောင့်မို့လို့ ဘယ်လောက်ပဲ ကျနော်တို့ Unity ကို ဦးတည် ဦးတည် Diversity ကိုဘယ်လိုပဲ ကျနော်တို့ ရည်မှန်း ရည်မှန်း လက်တွေ့ ကျင့်ကြံမှုကတော့ အပြောပဲရှိသေးတယ်။ လက်တွေ့ကျင့်သုံးမှု မရှိသေးဘူးလို့ပဲ သုံးသပ်လိုပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ အဲဒီတော့ ဘာတွေများ အခု ဦးသိန်းစိန်အစိုးရကတော့ ပွင့်လင်းတဲ့အစိုးရ လူထုသဘောထားကိုလည်း သူတို့ လက်ခံပါတယ် တိုင်းရင်းသားတွေနှင့်လည်း ဆွေးနွေးနေပါတယ်ဆိုပြီး ပြောနေတော့ ဒီလိုအချိန်မျိုးမှာ အကောင်းဆုံး ဒီ Unity in Diversity ဆိုတဲ့သဘောတရားကို အခြေခံပြီးတော့ စစ်မှန်တဲ့ ပြည်ထောင်စု တိုင်းရင်းသားတွေအားလုံး ကျေနပ်တဲ့ ပြည်ထောင်စု ဖြစ်လာအောင် လုပ်နိုင်တဲ့နည်းလမ်း ဘာလို့ ဦးလှထွန်း ထင်ပါသလဲ။ ဦးလှထွန်း အနေနှင့်။

ဦးလှထွန်း ။ ။ ကျနော်အနေနှင့်ကတော့ အခု ကျနော်တို့ တိုင်းရင်းသားတွေအုပ်စုမှာ ကျနော်တို့ နောက်ဆုံးဖွဲ့စည်းထားတဲ့ UNFC ဆိုတာ ရှိတယ်။ နောက်တစ်ခါ ပြည်တွင်းမှာ တရားဝင်ရပ်တည်နေတဲ့ SNLD တို့။ ကျနော်တို့ ဒီ SNDP တို့ စသဖြင့် ကျနော်တို့ နိုင်ငံရေးပါတီတွေ ရှိပါတယ်။ အဲဒီ နိုင်ငံရေးပါတီတွေဟာ သူတို့ဟာ လွတ်လပ်ပြီးတော့ သူတို့အားလုံး ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ အနေထားမျိုးတစ်ခု ဖြစ်အောင်လုပ်ဖို့ လိုပါတယ်။ လုပ်ခွင့်ရဖို့ လိုပါတယ်။ နောက် သူတို့အချင်းချင်း တိုင်းရင်းသား ညီလာခံတစ်ခု လုပ်ဖို့လိုပါတယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်၊ သူတို့ရဲ့ ပြောဆိုချက်တွေကို ကျနော်တို့က နားလည်လက်ခံဖို့ လိုပါတယ်။ ဦးသိန်းစိန် အစိုးရအနေနှင့်က။ အဲဒီလို နားလည်လက်ခံပြီတဲ့အခါမှာ ကျနော်တို့ လွှတ်တော်ပြင်ပမှာ ကျနော်တို့ ဆွေးနွေးဖို့ တိုင်းရင်းသားပေါင်းစုံညီလာခံ ကျနော်တို့ ဟိုတုန်းက Federal ညီလာခံ ကျနော်တို့ …… လုပ်ခဲ့သလိုမျိုး ပွင့်ပွင့်လင်းလင်း လက်တွေ့ လုပ်ဆောင်ပေးမယ်ဆိုရင် ညီညွတ်ရေးဟာ တကယ်ဖော်ဆောင်နိုင်မယ်လို့ ကျနော် ယုံကြည်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဦးစိုင်းလိတ်ရဲ့ သဘောထားလဲ ပြောပါ။ အခုအခါမှာ ကျနော် စောစောက မေးခဲ့သလိုပဲ ပွင့်လင်းမှုရှိလာပါပြီလို့ ပြောခဲ့တယ်။ ပွင့်ပွင့်လင်းလင်း ပြောကြဆိုရင် ဘာလုပ်စေချင်ပါသလဲ အစိုးရနှင့် ဘယ်လိုလုပ်ရင် ကျနော်တို့ စစ်မှန်တဲ့ ပြည်ထောင်စု ဖြစ်လာနိုင်မယ် ထင်ပါသလဲ။

ဦးစိုင်းလိတ် ။ ။ ကျနော်တို့ကတော့ SNLD ရဲ့ မူအတိုင်းပေါ့ဗျာ။ သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးရေးကို မလုပ်မဖြစ် လုပ်စေချင်တယ်။ အဲဒီမှာ တိုင်းရင်းသားတွေကတစ်ဖက် နောက်ပြီးတော့မှ ဒီမိုကရေစီအင်အားစုကတစ်ဖက် နောက် လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရကတစ်ဖက် သုံးပွင့်ဆိုင် တွေ့ဆုံဆွေးနွေးပြီးတော့မှ တိုင်းရင်းသားအားလုံး လွတ်လပ်ပွင့်လင်းစွာနှင့် တန်းတူညီမျှစွာ ဝင်ရောက်ဆွေးနွေးနိုင်တဲ့ အခွင့်လမ်းတစ်ခု ဖန်တီးဖို့ လိုအပ်တယ်။ စောစောက ဆရာပြောသလို တိုင်းရင်းသား ညီလာခံလို့ပဲ ပြောပြော ပြည်ထောင်စုညီလာခံလို့ပဲ ပြောပြော ဒီဥစ္စာကို အမြန်ဆုံးလုပ်မှသာလျှင် ကျနော်တို့ အားလုံး မျှော်မှန်းတဲ့ စစ်မှန်တဲ့ ပြည်ထောင်စု နောက် အစိုးရကိုယ်တိုင်ကြေညာနေတဲ့ လွတ်လပ်ပွင့်လင်းတဲ့အစိုးရဆိုတာ ပီပြင်လာမှာ ဖြစ်ပါတယ်။ ဒါ အဓိက လိုအပ်ချက်လို့ ကျနော်ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လူတွေရဲ့ စိတ်ဓာတ်ကို ကြည့်မယ်။ ပြည်ထောင်စုသား ပြည်ထောင်စုအထဲမှာ ပါဝင်ဖွဲ့စည်းထားတဲ့ တိုင်းရင်းသားတွေ ရှမ်း၊ ဗမာ၊ ရခိုင်၊ ကချင်၊ ကရင်၊ ချင်း စသဖြင့်။ များသောအားဖြင့် ဒီလူမျိုးတွေရဲ့ စိတ်ထဲမှာ ကျနော် လေ့လာသလောက်က ဘာကို အခြေခံနေလဲဆို Ethnic Nationalism လို့ခေါ်တဲ့ Ethnicity ကို လူမျိုးရေးကို အခြေခံပြီး ဖွဲ့စည်းထားတဲ့ အမျိုးသားရေးစိတ်ဓာတ် တွေ့ရပါတယ် မြန်မာနိုင်ငံမှာ။ တချို့နိုင်ငံတွေမှာ Civic Nationalism ဘယ်လူမျိုုး ဘယ် Ethnic ကလာလာ ဘယ်စကားကိုပြောပြော ဘယ်လိုယဉ်ကျေးမှု ကျင့်သုံးကျင့်သုံး ဥပမာ အမေရိကန်တို့။ အမေရိကန်နိုင်ငံသားဆိုရင် ဒါတစ်ခုပဲထားမယ် အဲဒီ စိတ်ဓာတ်မျိုး Civic Nationalism နိုင်ငံသားကို အခြေပြုတဲ့ အမျိုးသားရေးစိတ်ဓာတ်ပေါ့။ ဆိုတော့ ကျနော်တို့ မြန်မာနိုင်ငံမှာ အဲဒီလိုမျိုးမဟုတ်ပဲနှင့် Ethnicity ကို လူမျိုးရေးကို အခြေခံတဲ့ အမျိုးသားရေးစိတ်ဓာတ် ရှိနေကြပါတယ်။ ဆိုတော့ ဒီစိတ်ဓာတ် အစွဲအလမ်းပြင်းထန်းမှုနှင့် ပတ်သက်လို့ကကော တစုံတရာပြောစရာ မရှိဘူးလားခင်ဗျာ။ ဒါကို ဘယ်လို တိုင်းတာ ထိန်းချုပ်ရမလဲဆိုတာနှင့် ပတ်သက်ပြီးတော့။ ဦးလှထွန်း။

ဦးလှထွန်း ။ ။ ဟုတ်ကဲ့။ အဲဒီမှာ Ethnic Nationalism လို့ဆိုတဲ့ဟာကတော့ တကယ့် ကျနော်တို့ ဒီ Diversity ရဲ့အခြေခံ အရင်းအမြစ်တစ်ခုပဲ။ အဲဒီအပေါ်မှာမှ တစ်ခါ ကျနော်တို့ အခုနတုန်းကပြောတဲ့ Civic Nationalism ဆိုတဲ့ဟာက Rule of Law ဖြစ်နေတဲ့အချိန်မျိုးမှာ ကျနော်တို့ ဒီဟာကို Ethnicity ကို ကျနော် ထည့်မပြောပဲနှင့် ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ကျနော်တို့ဟာက နှစ်ပေါင်းများစွာ ကျနော်တို့ ဖိနှိပ်အုပ်ချုပ်ပြီးတော့ ကျနော်တို့ ဥပမာ ဗမာလို့ပြောရင်တောင်မှ ဗမာ Nationality က မပီပြင်ခဲ့ဘူး။ အဲဒီတော့ တိုင်းရင်းသားတွေရဲ့ Ethnicity ဆိုတာက ပိုတောင်မှ ဆိုးတဲ့ အခြေအနေမျိုးဖြစ်နေတဲ့အခါကြတော့ ဒီပြဿနာကို အရင်ရှင်းပြီးတော့မှ ကျနော်တို့ အခုနတုန်းက ပြောသလိုမျိုး ကျနော်တို့ လုပ်ရမှာ ဖြစ်ပါတယ်။

တကယ့်တကယ်တမ်းကြတော့ ကျနော်တို့ တိုင်းပြည်မှာ ကျနော်တို့က ကွဲပြားမှုကို မတူကွဲပြားမှုကို မတူကွဲပြားတဲ့အတိုင်း ကျနော်တို့က အသိမှတ်ပြု လက်ခံဖို့လိုပါတယ်။ နံပါတ်တစ်က။ နံပါတ်နှစ်ကတော့ ဒုတိယအပိုင်းကြတော့ ကျနော်တို့ ဥပဒေစိုးမိုးရေးကို သွားပြီးတော့ ကျနော်တို့က နိုင်ငံကို ခေတ်မီနည်းစနစ်တွေ အခြေခံ အယူအဆအသစ်တွေနှင့် ကျနော်တို့ ဖွဲ့စည်းတည်ဆောက်ဖို့ လိုပါတယ်။ အဲဒီတော့ ကျနော်တို့ အရင်းအမြစ်စွဲလမ်းမှုကို အသိမှတ်မပြုဘဲနှင့်ကတော့ အခုသာမာန်အားဖြင့် ဘယ်လိုမှ ရနိုင်မှာ မဟုတ်ပါဘူး။

ဦးကျော်ဇံသာ ။ ။ ဟုတ်ကဲ့။ ဦးစိုင်းလိတ် ရဲ့ သဘောထားလည်း ပြောပါခင်ဗျာ။ Ethnic Nationalism ဘယ်လောက်ထိ ပြင်းထန်နေသလဲ။ အဲဒါကို ထိန်းဖို့လိုမလား။ ဘယ်လိုပုံစံမျိုးနှင့် ပေါင်းစပ်ကြရမလဲ ဆိုတာ။

ဦးစိုင်းလိတ် ။ ။ ဟုတ်ကဲ့။ အဲဒီ Ethnic Nationalism ဆိုတာ ကျနော်ထင်တယ်။ ဒါ အာဏာရှင်အစိုးရ အဆက်ဆက်ရဲ့ ဖန်တီးလုပ်ကြံမှုကလည်းပဲ အင်မတန်ကို အရေးပါတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့တယ်လို့ မြင်တယ် ခင်ဗျ။ ဘာဖြစ်လို့လဲဆိုလို့ရှိရင် ကျနော်တို့ စစ်အာဏာရှင် တလျှောက်လုံး မဆလခေတ် နောက် စစ်အာဏာရှင်ခေတ် တလျှောက်လုံးမှာ စစ်တပ်ဆိုရင်လည်းပဲ ဗမာစစ်တပ်လိုမျိုးဖြစ်အောင် နောက် ပါတီ မဆလခေတ်မှာဆိုလို့ရှိရင်လည်းပဲ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာဆိုလို့ရှိရင်လည်း မြန်မာလိုဝတ် မြန်မာလိုစား မြန်မာလိုသွား မြန်မာအတွေး မတွေးတဲ့လူဟာ ဖြစ်ရင် နိုင်ငံတော်ကြီးကိုဘဲ သစ္စာဖောက်သလို နိုင်ငံတော်ရဲ့အကျိုးကို မလိုလားသလိုဆိုတဲ့ ပုံစံမျိုးရောက်အောင် ပုံသွင်းတောင်ခံခဲ့ရပါတယ်။

ဆိုတော့ တစ်ဖက်မှာ ဗမာဆိုတဲ့ မြန်မာဆိုတဲ့ အရေးအသား အပြောအဆိုတွေ သိပ်ပြီး လွှမ်းမိုးကြီးစိုးလာတဲ့အခါကြတော့ ကျန်တဲ့ တိုင်းရင်းသားတွေကလည်းပဲ သူရဲ့ Ethnic Identity ကို ဖော်ထုတ်ဖို့ကို အလိုလိုနေရင်း သတိရလာကြတာပေါ့။ ဆိုလိုတာကတော့ ဒီလူမျိုးရေးစိတ်ဓာတ် အခြေခံ မရင့်ရင့်အောင် မကြီးထွားကြီးထွားအောင် အာဏာရှင်က သူရဲ့လိုအပ်ချက်အရ တမင်ဖန်တီး လုပ်ကြံခဲ့တာမို့လို့ ဒီဥစ္စာဟာ တကယ်တမ်း နောက်ဆုံး ကျနော်တို့ ဖွဲ့စည်းပုံအခြေခံဥပဒေ တိတိကျကျမှာ တိတိပပ ရေးသားဖော်ထုတ်ထားမယ်။ အခွင့်အရးဆိုင်ရာတွေကို တိတိကျကျ လမ်းညွှန်းရေးသားထားမယ်ဆိုလို့ရှိရင် ဒီကိစ္စကတော့ အလိုလို ပြေလည်ပြီးသားဖြစ်သွားမယ်လို့ ကျနော် ယုံကြည်ပါတယ်။ အဓိကအားဖြင့်တော့ ဖွဲ့စည်းပုံ အခြေခံဥပဒေကိုယ်၌က တရားမျှတမှုအပေါ်မှာ အခြေခံမယ်ဆိုလို့ရှိရင် ဒီကိစ္စက ဖြေရှင်းပြီးသားဖြစ်မယ်လို့ ကျနော် ယုံကြည်ပါတယ် ခင်ဗျာ။

ဦးကျော်ဇံသာ ။ ။ ဆိုတော့ တိုင်းရင်းသားတွေဟာ သူတို့ တန်းတူအခွင့်အရေးရတယ် သူတို့ ခွဲခြားဆက်ဆံမှု မခံရဘူး။ သူတို့ဟာ လွတ်လွတ်လပ်လပ် ပျော်ပျော်ရွှင်ရွင် အဆင့်အတန်းနှင့် နေရတယ်ဆိုတဲ့ အသိဝင်သွားရင် တစ်ချိန်ချိန်မှာ ငါတို့ ဘယ်လူမျိုးစွဲ ဘယ်ဘာသာစွဲဆိုတာ တဖြည်းဖြည်း လျော့ပါးသွားနိုင်တယ်ဆိုတဲ့ သဘောပေါ့ ခင်ဗျာ။ ဦးလှထွန်း သဘောထား။

ဦးလှထွန်း ။ ။ ဟုတ်ကဲ့ ခင်ဗျာ။ အဲဒီမှာ တိုင်းရင်းသားတွေက တကယ်တမ်းပြောမယ်ဆိုလို့ရှိရင် Ethnic Nationalism က ကျနော်တို့ ဒီဘက်က ကြီးမားတဲ့ ကျနော်တို့နှင့် ကြည့်လိုက်မယ်ဆိုရင် လူနည်းစုတွေပဲ ဖြစ်ပါတယ်။ လူနည်းစုတွေက မိမိရဲ့ယဉ်ကျေးမှု၊ မိမိရဲ့ ဘာသာစကား မိမိရဲ့ အမျိုးသား ဒါတွေကို ကျနော်တို့ သူတို့ရဲ့ Identity တွေကို ထိန်းသိမ်း စောင့်ရှောက်ကာကွယ် မြှင့်တင်ဖို့ဆိုတာက သူတို့ရဲ့မွေးရာပါ အခွင့်အရေးပါပဲ။ အဲဒီတော့ ကျနော်တို့က မတူကွဲ ပြားခြားနားတဲ့ဟာကို အင်အားရှိတယ်ဆိုတဲ့လူတွေကနေပြီးတော့ ဒါမှမဟုတ်လို့ရှိရင်လည်း နိုင်ငံကို လက်ရှိဦးဆောင်နေတဲ့ အဖွဲ့အစည်းကနေပြီးတော့ ဒီဟာကို ခိုင်ခိုင်မာမာ အသိအမှတ်ပြုပြီးတဲ့အခါကြမှ ကျနော်တို့ ဒီဟာအပေါ်မှာ မူတည်ပြီးတော့ ခုနကပြောတဲ့ ဆရာ ဦးစိုင်းလိတ်ပြောသလိုမျိုး ကျနော်တို့ Constitution မှာ မျှတတဲ့ တရားမျှတတဲ့ ပြဌာန်းချက်တွေနှင့် ပေါင်းစပ်လိုက်မှ တကယ်ရမှာပါ။

အဲဒီတော့ အခြေခံအနေနဲ့ ပြောချင်တာကတော့ ကျနော်တို့ မတူကွဲပြား ခြားနားမှုကို အသိအမှတ်ပြုပြီးတော့ တိုင်းရင်းသားတွေကို အလေးအနက်ထားပြီးတော့ ဆက်ဆံပြောဆိုဖို့ လိုတယ်။ နံပတ် (၂) ကတော့ သူတို့နဲ့ အဲဒီလို သဘောမျိုးရပြီဆိုတဲ့အချိန်မှာ ကျနော်တို့က သူတို့ဆီမှာ ရှိသင့်တာ၊ တပြည်လုံးမှာ ရှိသင့်တာတွေကို ကျနော်တို့ရဲ့ constitution မှာ တိတိကျကျ တရားမျှတစွာ ပြဌာန်းဖို့ လိုပါတယ်။
XS
SM
MD
LG