သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အလှမ်းဝေးနေသေးတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု


ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဇောင်းဟရားကို ကြိုဆိုနှုတ်ဆက်ကြစဉ်။
ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ဥက္ကဋ္ဌ ဇောင်းဟရားကို ကြိုဆိုနှုတ်ဆက်ကြစဉ်။
ဒီတပတ် မြန်မာ့မျက်မှောက်ရေးရာ အစီအစဉ်မှာ မြန်မာနိုင်ငံမှာ ပြည်ထောင်စုနေ့ အထိမ်းအမှတ် ကျင်းပ လာကြတာ ဒီကနေ့ဆိုရင် (၆၇) ကြိမ် ပြည့်မြောက်ခဲ့ပါပြီ။ တိုင်းရင်းသားပြည်သူတွေ လိုလားတဲ့ စစ်မှန်ငြိမ်းချမ်းသော ပြည်ထောင်စု ပေါ်ထွန်းရေး ဆိုတာတော့ အလှမ်းဝေးနေဆဲ ဖြစ်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ လွတ်လပ်ရေးခေါင်းဆောင်တွေ မှန်းမျှော်ခဲ့ကြတဲ့ Unity in Diversity ဆိုတဲ့ မတူကွဲပြားမှုထဲက စည်းလုံးညီညွတ်ရေး ဆိုတာလည်း အကောင်အထည် ပေါ်မလာခဲ့ပါဘူး။ ဒါဟာသမိုင်းမှာ ဘာမှားခဲ့လို့လဲ။ ရှေ့အလားအလာ ဘယ်လိုလဲဆိုတာကို ရန်ကုန်တက္ကသိုလ် ဂုဏ်ထူးဆောင် ပါမောက္ခ သမိုင်းပညာရှင် ဦးထွန်းအောင်ချိန် နဲ့ ဦးကျော်ဇံသာ တို့ ဆွေးနွေးသုံးသပ်ထားပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် ပထမဦးဆုံး မေးချင်တဲ့ မေးခွန်းကတော့ မြန်မာနိုင်ငံမှာ ပြည်ထောင်စုအနေနဲ့ လုပ်မယ်ဆိုပြီးတော့ လွတ်လပ်ရေး မယူခင်ကတည်းက ပင်လုံ သဘောတူညီချက် ရခဲ့ကြတယ်။ ဒါပေမဲ့ အခုအချိန်အထိ တိုင်းရင်းသားတွေ၊ ပြည်သူတွေမျှော်မှန်းသလို ဖြစ်မလာသေးပါဘူး။ အဲဒါ ဘယ်လိုကြောင့်လဲ။ ကျနော်က သမိုင်းမှာ ဘယ်လိုအဖြေ ပြန်ရှာပြီးတော့ ကြည့်လို့ရသလဲ။ ဥပမာအားဖြင့် မြန်မာနိုင်ငံရဲ့ ပြည်ထောင်စုဖြစ်မယ့် ပါဝင်မယ့် component parts တွေရဲ့ integrate ဖြစ်လာတဲ့ mode of integration မှားသလား။ တနိုင်ငံတည်းက လက်ဝါးကြီးအုပ်ပြီးတော့ စစ်ရှုံးတဲ့နိုင်ငံတွေအဖြစ် သိမ်းပိုက်ခဲ့ ဆက်ဆံခဲ့တဲ့ စိတ်ဓာတ်များ ပါလာသလား။ ကျနော် ဘာကြောင့် စဉ်းစားမိသလဲဆိုတော့ အမေရိကန်ပြည်ထောင်စုဆိုရင် Thirteen colonies က တယောက်ကိုတယောက် သိမ်းပိုက်တာ မဟုတ်ဘဲနဲ့ သူတို့ဆန္ဒအလျောက် အလိုလို ပေါင်းစည်းဖို့ ဆွေးနွေးလာခဲ့ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့ ဘာကြောင့်များ အဲဒီလို ဖြစ်ခဲ့ပါသလဲ ဆရာ။

ဦးထွန်းအောင်ချိန် ။ ။ ကျနော်တို့နိုင်ငံက မတူဘူးလေ။ အမေရိကန်ပြည်ထောင်စုက ကိုလိုနီ (၁၃) ခုနဲ့ သူတို့ ပြန်ပေါင်းလာကြတာ။ ကျနော်တို့က ဒီပုံစံမျိုး မဟုတ်ဘူး။ သမိုင်းကြောင်းက တော်တော်ရှည်ပါတယ်။ သမိုင်းကြောင်း ရှည်တာက အခု ပြည်မလို့ခေါ်တဲ့နေရာမှာတော့ ဗမာ၊ မွန်တွေ ရှိတာပေါ့။ တချို့ တော်တော်များများကတော့ တောင်တန်းသားတွေ ဖြစ်တယ်။ ရှမ်း၊ ကချင်၊ ကရင်၊ ကယားတို့ စသဖြင့်။ ဒီတော့ ဗမာပြည်မမှာတော့ ဗမာနဲ့မွန်တို့ကတော့ တော်တော်လေး ဖွံ့ဖြိုးတယ်။ တော်တော်လေး တိုးတက်ကြတယ်ပေါ့။ တောင်တန်းဒေသမှာတော့ ဒီလောက် မဖွံ့ဖြိုးဘူး။ ဒီလောက် မတိုးတက်ဘူး။

နောက် တခုရှိတာက ဆက်သွယ်ရေးကလည်း တော်တော်နည်းတော့ အချင်းချင်းလည်း အသိနည်းတာပေါ့။ အင်္ဂလိပ်တွေ ဝင်ရောက်လာတဲ့အခါမှာ သူတို့က ခွဲခြားအုပ်ချုပ်တော့တယ်။ ပြည်မကို သူတို့က တိုက်ရိုက်အုပ်ချုပ်တယ်။ တောင်တန်းဒေသကိုတော့ တဆင့်ခံ အုပ်ချုပ်တယ့်သဘောမျိုးနဲ့ အုပ်ချုပ်တယ်။ ဒီတော့ ခွဲခြားအုပ်ချုပ်တော့ ဆက်ဆံရေးက အရင်တုန်းကနည်းခဲ့သလိုပဲ အခုလည်း ပိုပြီးတော့ ဝေးကွာသွားကြတဲ့ သဘောဖြစ်တာပေါ့။ ဒီတော့ ကျနော်တို့က လွတ်လပ်ရေး မရခင်ကျတော့မှ ပြန်ပြီးတော့ စုစည်းတယ်ဆိုတော့ ရုတ်တရက် စုစည်းရတာ အတော်လေး ခက်ပါတယ်။ အဲဒီအထဲမှာ တယောက်နဲ့ တယောက် သံသယစိတ်တွေရှိတော့ လက်နက်ကိုင် ပဋိပက္ခအဆင့်အထိ ရောက်သွားတယ်။ အဲဒါက ကျနော်တို့အတွက် တော်တော်လေး ဆိုးပါတယ်။ ကျနော်တို့ အပြစ်တင်ချင်ရင်တော့ အပြစ်တင်စရာကြီးတွေပေါ့။ ဟိုတုန်းက လူတွေကို အပြစ်တင်လို့လည်း ဆက်ပြီးတော့ တင်လို့ရတယ်။ ဒါပေမဲ့ အဓိကတော့ သိပ်ပြီးတော့ ဖြစ်ခဲ့တာတွေကို မစဉ်းစားဘဲနဲ့ အခု အခြေအနေ ဘယ်လိုရှိသလဲ။ နောက် ဘာလုပ်ကြမလဲ။ အဲဒါ ပိုပြီးတော့ အရေးကြီးပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ သမိုင်းကြောင်းရှင်းအောင် သိချင်ရင်တော့ အင်္ဂလိပ် အုပ်ချုပ်ရေးကို အပြစ်တင်ကြတာ မြန်မာနိုင်ငံမှာ အုပ်ချုပ်သူတွေ အာဏာပိုင်တွေ အဆက်ဆက်လည်း သူတို့ကို အပြစ်ဖို့ပြီး ပြောကြတာကို တွေ့ရပါတယ်။ သို့ပေမဲ့လဲ အိန္ဒိယကျတော့ ဘယ်လို ပြောမလဲ။ သူတို့ဆိုရင် အင်္ဂလိပ် လက်အောက်မှာ ပိုပြီးတော့ အဓွန့်ရှည်ကြာ နေခဲ့ရတယ်။ သူတို့လည်း သွေးခွဲအုပ်ချုပ်ရေးစနစ်ဒဏ်ကို ခံခဲ့ရတယ် ထင်ပါတယ်။ သို့သော် အိန္ဒိယရဲ့ ပြည်ထောင်စုပုံသဏ္ဍာန်ဟာ မြန်မာနိုင်ငံထက်တော့ ဖယ်ဒရယ်ကိစ္စမှာ တည်ငြိမ်နေတယ်လို့ ထင်ပါတယ်။

ဦးထွန်းအောင်ချိန် ။ ။ သူတို့ကတော့ တဦးအပေါ်တဦး ကြီးစိုးတဲ့သဘော မရှိဘူးပေါ့။ ကျနော်တို့က ပြည်မက ဖွံ့ဖြိုးပြီး တောင်တန်းဒေသက ဖွံ့ဖြိုးမှုနည်းပါးတော့ အများအမြင်မှာတော့ ဗမာတွေက တခြားတိုင်းရင်းသားတွေ အပေါ် ကြီးစိုးတယ်။ မဟာဗမာ အယူဝါဒတွေ ကျင့်သုံးတယ်။ အဲဒီလို နားလည်မှုတွေ ဖြစ်လာတော့ လုပ်ရ ကိုင်ရတာ ခက်သွားတာပေါ့။

ဦးကျော်ဇံသာ ။ ။ နောက်တခုက အရင်တုန်းကတော့ ဗမာအပါအဝင် ရှမ်း၊ ချင်း၊ ကရင်၊ ကယား၊ မွန်၊ ရခိုင်၊ ဗမာ စသဖြင့် အဲဒီလို အဓိကကျတဲ့ တိုင်းရင်းသားတွေပဲ ကြားဖူးတယ်။ ပြဿနာဆိုရင်လည်း သူတို့အကြားမှာပဲ ရှိတယ်လို့ ကြားခဲ့ရပါတယ်။ အခုအခါမှာ လူမျိုး ၁၃၅ မျိုးလို လုပ်လိုက်တော့ အဲဒီပြဿနာက ပိုပြီးရှုပ်လာတယ်လို့ ထင်ပါတယ်။ အဲဒါ တချို့ကလည်း တမင်တကာ မရှုပ်ရှုပ်အောင် ဖန်တီးလိုက်တယ်လို့ ဆိုပါတယ်။ အဲဒါကို ဆရာ ဘယ်လိုသဘောရပါသလဲ။

ဦးထွန်းအောင်ချိန် ။ ။ ဒီလိုလဲ မဟုတ်ဘူးလေ။ ဒါက နောက်မှတဖြည်းဖြည်း ဖြစ်လာတာ။ ဟိုတုန်းက ဥပမာအားဖြင့် အင်္ဂလိပ်ခေတ်ကဆိုရင် ပအို့ဆိုပြီးတော့ လူအများ မသိကြဘူးပေါ့။ တောင်သူခေါ်ပြီး တောင်သူတွေက ကရင်စကားပြောတယ်ဆိုပြီးတော့ ကရင်နဲ့ ရောပေါင်းပြီး ပြောတာတွေလည်း ရှိခဲ့တယ်။ အခုမှ ကိုယ့် identity ပိုပြီးတော့ နားလည်ကြတယ်လို့ ကျနော် မြင်တယ်။ နားလည်တော့ အခုက ပိုတော့ များလာတာပေါ့။ ပင်လုံတုန်းက တိုင်းရင်းသား ဒီလောက်များများနဲ့ အဖြေရှာကြတာ မဟုတ်ဘူး။ အခုကျတော့ တိုင်းရင်းသား ပိုများလာတဲ့သဘောဖြစ်တယ်။ ကျနော်တို့ လက်ရှိ အခြေခံဥပဒေမှာ တိုင်းရင်းသား (၁၉) မျိုးလောက်ကို နိုင်ငံရေး အခွင့်အရေးတွေ ပေးထားတာရှိတယ်။ နောက်ထပ် အခွင့်အရေးလိုချင်တဲ့ တိုင်းရင်းသားတွေလည်း ရှိလာအုံးမယ်။ ဒီတော့ အဖြေက ရှာရတာ နည်းနည်းတော့ ပိုခက်လာတယ်။ ဒါပေမဲ့ ဒါက စိတ်ရှည်လက်ရှည် လုပ်ရမယ့်သဘော ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု လူမျိုးစုငယ်တွေရဲ့ အမျိုးသားရေးစိတ်ဓါတ် ပိုပြီးတော့ ကြီးဖွားလာတယ်လို့ ပြောနိုင်မလား။ Ethnic nationalism အရင်တုန်းကပိုပြီး …

ဦးထွန်းအောင်ချိန် ။ ။ Ethnic nationalism ကတော့ ပိုဖြစ်လာတယ်လို့ ထင်ရပါတယ်။ အရင်တုန်းကဆိုရင် ဥပမာအားဖြင့် ကယားဆိုရင် သူတို့ရဲ့ nationalism က ဒီလောက်မရှိသလောက်ပေါ့။ အခုမှ ရှိလာတာ။

ဦးကျော်ဇံသာ ။ ။ ဒီတော့ သမိုင်းရဲ့ trend လမ်းကြောင်းကတော့ ပိုပြီး integration ဘက်ကို ဦးမတည်ဘဲနဲ့ အဲဒါနဲ့ ပြောင်းပြန်သွားနေသလား။ မြန်မာနိုင်ငံရဲ့ ပုံစံက…

ဦးထွန်းအောင်ချိန် ။ ။ အဲဒါကတော့ စိုးရိမ်မှုတရပ်ပေါ့။ ကိုယ့်ဟာကိုယ် ကိုယ့်အကွက်ကလေး ကြည့်ပြီးတော့ လုပ်နေလို့ရှိရင်တော့ ပိုခက်တာပေါ့။ ဒါပေမဲ့ အားလုံးက ပြည်ထောင်စုခွင်မှာ တို့က ရပ်တည်နိုင်မယ်။ ပြည်ထောင်စုက တို့တယောက်စီတယောက်အရေးထက် ပိုပြီးတော့ အရေးကြီးတယ်လို့ သိနားလည် လာလို့ရှိရင်တော့ ဒါကတော့ အဖြေတခု ထွက်လာနိုင်လိမ့်မယ်လို့ ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ လွတ်လပ်ရေး ကြိုးပမ်းခဲ့ကြတယ့် ဗိုလ်ချုပ်အောင်ဆန်းတို့ခေတ် ခေါင်းဆောင်တွေကမှ unity in diversity ဆိုတာကို ပြောပြီးတော့ သူတို့က ကျနော့်ကို စစ်မှန်တဲ့ ပြည်ထောင်စု၊ တန်းတူအခွင့်အရေး ပေးပြီးတော့ စုစည်းဖို့ ကြိုးပမ်းခဲ့တယ်။ ဆိုတော့ နောက်ပိုင်းခေါင်းဆောင်တွေဟာ အဲဒီလိုမျိုး အသိအမြင်မျိုး တကယ်ပဲ မရှိတော့တာလား။ သို့တည်းမဟုတ် သူတို့အာဏာ တည်မြဲရေးအတွက် အဲဒီ အယူအဆကို စတေးခဲ့ကြတယ်လို့ ဆရာ ထင်သလား။ ဘယ်လို သဘောရပါသလဲ။

ဦးထွန်းအောင်ချိန် ။ ။ နည်းနည်း နည်းသွားတာပေါ့။ Diversity ကို လက်ခံချင်တယ်အပိုင်းက နည်းနည်း အားနည်းသွားတော့ ကိုယ်ဟာလည်းကိုယ် ပိုပြီးတော့ ဂရုစိုက်တော့ အဲဒါလေးက ပဋိပက္ခ ဖြစ်စေတာပေါ့။ အမှန်မှာတော့ diversity ရှိတယ်။ diversity ကို လက်ခံမယ်ဆိုရင်တော့ အားလုံးအတွက် အကောင်းဖြစ် လာနိုင်ပါလိမ့်မယ်။

ဦးကျော်ဇံသာ ။ ။ အခု အရှေ့ကိုကြည့်မယ်ဆိုရင် ဆရာ ဘယ်လိုမြင်ပါသလဲ။ အခုလက်ရှိတော့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ right track ပေါ်မှာ ရောက်နေကြပြီလား။ ပြည်ထောင်စု အစစ်အမှန် ပေါ်ထွန်းရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ရရှိရေးအတွက်။

ဦးထွန်းအောင်ချိန် ။ ။ အခု အားလုံးပေါ် မူတည်တယ်။ တဦးတယောက်နဲ့လည်း လုပ်လို့မရဘူး။ လူအများလုပ်မှရမယ့်ကိစ္စ။ အားလုံးက သဘောပေါက်ပြီးတော့ အားလုံးက တို့အတူတူ နေထိုင်ကြမယ်။ အတူတူလုပ်ကိုင်ကြမယ်။ အတူတူ ကြီးပွားကြမယ်။ အဲဒီ စိတ်ဓါတ်နဲ့ လုပ်လို့ရှိရင်တော့ လမ်းကြောင်း ကောင်းမှာပေါ့။ မဟုတ်လို့ရှိရင် လုပ်ရကိုင်ရတာ ခက်အုံးမှာပဲ။ အရင်တုန်းကလို ခက်အုံးမှာပဲ။

ဦးကျော်ဇံသာ ။ ။ အပစ်အခတ် ရပ်စဲရေးတို့ ငြိမ်းချမ်းရေးတို့ ဆိုတာတွေကို ကြားနေရတာ အတော်ကြာပါပြီ။ လက်တွေ့ကြတော့ ဘာမှဖြစ်မလာသေးဘူးဆိုတာကိုလည်း တချို့က အားမလို အားမရ ဖြစ်ကြပါတယ်။ ဆရာ ဒီကိစ္စကို ဘယ်လောက် အကောင်းမြင် မျှော်လင့်ထားပါသလဲ။

ဦးထွန်းအောင်ချိန် ။ ။ ကျနော်ကတော့ အမြဲပဲ အကောင်းမြင်မျှော်လင့်တယ်။ အဆိုးဖြစ်ချင်ဖြစ်ပေါ့။ ဒါပေမဲ့ အကောင်းကိုပဲ အမြဲမျှော်လင့်နေတာပဲ။

ဦးကျော်ဇံသာ ။ ။ နောက် အပေးအယူ လုပ်ကြတဲ့နေရာမှာ ညှိနှိုင်းတတ်တဲ့ compromise လုပ်ကြတဲ့ culture အဲဒီလို ဓလေ့မျိုး မြန်မာလူမျိုး၊ မြန်မာတိုင်းရင်းသားတွေထဲမှာ မရှိကြဘူးလို့ ပြောကြပါတယ်။ အဲဒါ ဘယ်လောက် အရေးကြီးပါသလဲ ဆရာ။

ဦးထွန်းအောင်ချိန် ။ ။ တချိန်တခါတော့ ရှိကြမှာပေါ့။ ကိုယ့်အကွက်ကလေးပဲ ကိုယ်ကြည့်ပြီးတော့ ကိုယ့်အရေးကိုပဲ ဦးစားပေးပြီးတော့ ကိုယ့်အခွင့်အရေးကိုပဲ တောင်းပြီးတော့လုပ်တဲ့ အခြေအနေရှိခဲ့တာ။ ဆက်ပြီးတော့ အဲဒီလို အခြေအနေနဲ့ နေထိုင်လို့မရတာ တော်တော်လေး သိလာကြပြီလို့ ကျနော်ထင်ပါတယ်။ ဒီတော့ ရှေ့ဆက်ပြီးတော့ မျှော်လင့်ချက်ရှိပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် နောက်ဆုံးမေးချင်တဲ့ မေးခွန်းကတော့ အခု ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဖို့ဆိုပြီးတော့ အကြံပြုနေကြပါတယ်။ အဲဒီ အထဲမှာ တိုင်းရင်းသားအရေးနဲ့ ပတ်သက်ပြီးတော့ ဒီတကြိမ်မှာ ဘယ်လောက် အထိများ ပြင်လာနိုင်မယ်လို့ ထင်ပါသလဲ ဆရာ။ ပြင်မယ်ဆိုရင်။

ဦးထွန်းအောင်ချိန် ။ ။ ဒါကတော့ political will ပေါ် မူတည်တယ်။ ပြင်ဖို့သင့်တယ်လို့လည်း တော်တော်များများ ခံစားကြတယ်လို့ ထင်ပါတယ်။ ပြင်တော့ပြင်မယ် ဘယ်အတိုင်းအတာအထိ ပြင်မလဲဆိုတာကတော့ ပြောလို့ မရသေးဘူး။ ဒါကတော့ ဆက်ပြီးတော့ ဆောင်ရွက်သွားရမယ့် ကိစ္စတရပ် ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ကျနော် တခါ ဦးခင်အောင်မြင့်ကို သူတို့ ဒီအစိုးရ တက်လာပြီးနောက် မေးဖူးပါတယ်။ ပြည်နယ်နဲ့တိုင်းဒေသကြီးတွေမှာ အထူးသဖြင့် ပြည်နယ်တွေမှာ စစ်တပ်ရဲ့ အခန်းကဏ္ဍက သိပ်ရှိ နေတယ်လို့ပြောတော့ သူက ကျနော်တို့က နှစ်မျိုးဖြစ်ပါတယ်။ ပြည်နယ်အတွက်တော့ ဗဟိုနဲ့မတူဘူး ပုံစံတစ်မျိုးနဲ့ တမင်လုပ်ထားတယ်လို့ ပြောပါတယ်။ အဲဒီကိစ္စကော ဒီတကြိမ်ပြင်မယ်ဆိုရင် ဘယ်လောက် ပြင်လာနိုင်မလဲ ဆရာ။

ဦးထွန်းအောင်ချိန် ။ ။ တော်တော်လည်း ပြင်ရမယ်လို့ ထင်ပါတယ်။ အခု ပြောလာတာကတော့ ကျနော်က တပ်မတော်ဟာ ပြည်ထောင်စုတပ်မတော် ဖြစ်ရမယ်ဆိုတော့ တပ်မတော်ထဲမှာလည်း တိုင်းရင်းသားပေါင်းစုံ ရှိရမယ်။ နောက် ပြည်နယ်တွေမှာလည်း ကိုယ့်လုံခြုံရေးကို တာဝန်ယူနိုင်မယ့် အခြေအနေမျိုး ဖြစ်ပေါ်လာမယ်ဆိုလို့ရှိရင် အခြေအနေ ပြောင်းလဲသွားနိုင်မယ်လို့ ကျနော် ထင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ State Army ဆိုတာတော့ မဟုတ်ဘူးပေါ့။

ဦးထွန်းအောင်ချိန် ။ ။ State Army တော့ မဟုတ်ဘူး။ ဒါပေမဲ့ Security Forces ထဲမှာ ပါလာမှာပေါ့။ တပ်မတော်ကိုက လူမျိုးတမျိုးအတွက်ဖွဲ့တဲ့ တပ်မတော်မျိုး မဟုတ်ဘဲ။ လူမျိုးပေါင်းစုံပါတဲ့ တပ်မတော်မျိုး ဖြစ်လာမယ်။
ဦးကျော်ဇံသာ ။ ။ အဲဒီလို ဖြစ်ဖို့အတွက် အရင်တုန်းကတော့ အင်္ဂလိပ်လက်အောက်က ခွဲထွက်ချိန် တုန်းကတော့ တပ်မတော် ကိုယ်တိုင်းက လူမျိုးပေါင်းစုံပါတဲ့ တပ်မတော်ဖြစ်ခဲ့တယ်လို့ ကျနော် ထင်ပါတယ်။ ဒါပေမဲ့ နောက်ပိုင်းမှာ ယုံကြည်စိတ်ချရမှု မရှိလို့ အဲဒီလို ဖယ်ထုတ်လိုက်ရသလား။ သို့တည်းမဟုတ် သူတို့ကိုယ်၌က မပေးချင်တော့လို့လား။ တချို့ကတော့ သမိုင်းမှာ အကြောင်းပြကြတယ် စိတ်မချရဘူး။ တိုင်းရင်းသားတွေကို အကြီးအကဲ ခန့်ထားရင် သူတို့က သူပုန်ထဲမှာပါမယ့်ဖြစ်လို့ ဖယ်ထုတ်ရတယ်ဆိုပြီး အကြောင်းပြတာကိုလည်း ကြားရပါတယ် ဆရာ။

ဦးထွန်းအောင်ချိန် ။ ။ ဟုတ်တယ်လေ။ ဒါကတော့ လက်နက်ကိုင် တိုက်ခိုက်နေတဲ့ တိုင်းရင်းသားတွေကို ပြန်ပြီးတော့ တဖတ်က တိုင်းရင်းသားအနေနဲ့ ပြန်တိုက်ခိုင်းလို့လဲ မလွယ်ဘူးလေ။ တိုင်းရင်းသားအချင်းချင်း၊ ညီအကိုချင်းချင်း ပြန်တိုက်ခိုင်းလို့မှ မရဘဲ။ ဒီတော့ အဲဒီအပိုင်းက ရှိမှာပေါ့။ ဒါပေမဲ့ အခုက အားလုံး ငြိမ်းချမ်းရေး ရသွားတဲ့အချိန်ကာလမှာ ဒီအခြေအနေ ကျော်လွန်ပြီးတော့ တပ်မတော် ဖွဲ့စည်းပုံကိုက ပြောင်းလဲလာမယ်လို့ ထင်ပါတယ်။
XS
SM
MD
LG