သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးယောက်ဗုံးခွဲသူကို အကြမ်းဖက်ဝါဒစွဲ ခြိမ်းခြောက်၊ ထောက်ပံ့မှုနဲ့ တရားစွဲဆို


အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့က မြေအောက် သယ်ယူပို့ဆောင်ရေး ကွန်ယက်ကို မနေ့ တနလာၤနေ့က လက်ဖြစ် ပိုက်ဗုံးနဲ့ တိုက်ခိုက်ခဲ့သူ အမျိုးသားကို အကြမ်းဖက်ဝါဒစွဲ ခြိမ်းခြောက်မှု၊ အကြမ်းဖက်ဝါဒစွဲ လုပ်ရပ်တွေကို ထောက်ပံ့မှုတွေနဲ့ စွဲဆိုလိုက်ကြောင်း နယူးယောက် ရဲတပ်ဖွဲ့က ဒီကနေ့ အင်္ဂါနေ့မှာ ပြောဆိုလိုက်ပါတယ်။

အသက် ၂၇ နှစ် အရွယ် Akayed Ullah ကို လက်နက် ပိုင်ဆိုင်မှုဆိုင်ရာ ရာဇဝတ်ကြောင်းနဲ့လည်း စွဲဆိုလိုက်တာပါ။ ဖောက်ခွဲတိုက်ခိုက်သူက Akayed Ullah ဖြစ်ပြီး အငှားယာဉ်မောင်းအဖြစ် အလုပ်လုပ်ဖူးတဲ့ ဘင်္ဂလားဒေရှ့်နိုင်ငံက ပြောင်းရွှေ့ အခြေချလာသူ ဖြစ်တယ်လို့ အာဏာပိုင်တို့က ပြောဆိုထားပါတယ်။

ဖောက်ခွဲခဲ့သူက သူ့ခန္ဓာကိုယ်မှာ ဗုံးကိုတပ်ဆင်လာတာပါ။ ဒါပေမယ့် ဗုံးက အပြည့်အ၀ မပေါက်ကွဲခဲ့ဘူးလို့ အာဏာပိုင်တို့က ပြောပါတယ်။ ခရီးသည်တင် ကားဂိတ်ကြီးနဲ့ Time Square မြေအောက် မီးရထားဘူတာရုံကို ချိတ်ဆက်ထားတဲ့ မြေအောက် လိုဏ်ခေါင်းထဲမှာ မနေ့ တနလာၤနေ့က ဖောက်ခွဲ တိုက်ခိုက်မှု ဖြစ်တာပါ။

မနေ့ တနလာၤနေ့ လူတွေ အသွားအလာ ထူထပ်လှတဲ့ အချိန်မှာ ဗုံးခွဲသမားက ဝင်လာပြီးနောက် ဗုံးပေါက်သွားပြီး အဲဒီတဝိုက်မှာ မီးခိုးတွေဖုံးသွားတာကို လုံခြုံရေး ကင်မရာက ရိုက်ယူထားတဲ့ ဗွီဒီယိုမှာ တွေ့ရပါတယ်။ တိုက်ခိုက်သူ အမျိုးသားကတော့ အခင်းဖြစ်နေရာမှာ လဲကျသွားပြီး လူတွေက ထွက်ပြေးခဲ့ကြပါတယ်။ ဖောက်ခွဲတိုက်ခိုက်သူ အမျိုးသားကတော့ လက်နဲ့ ခန္ဓာကိုယ်မှာ မီးလောင်ဒဏ်ရာတွေနဲ့အတူ ဒဏ်ရာ ပြင်းထန်ပြီး ဆေးရုံကို ပို့ခဲ့ရပါတယ်။

တခြားသူ သုံးဦးတို့ကတော့ ခေါင်းကိုက်ပြီး နားအူတဲ့ဒဏ်ကို ခံစားခဲ့ရတာပါ။ နယူးယောက် မြို့တော်ဝန် Bill de Blasio ကတော့ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်ဖို့ ကြံစည်မှုဖြစ်တယ်လို့ ပြောဆိုလိုက်ပြီး ဖောက်ခွဲသမား ရည်ရွယ်တဲ့ အတိုင်း မဖြစ်ခဲ့တဲ့ အတွက် ဘုရားသခင်ကို ကျေးဇူးတင်ကြောင်း ပြောဆိုခဲ့ပါတယ်။ အမေရိကန် နိုင်ငံသားတွေ၊ အမြဲတမ်းနေထိုင်ခွင့်ရသူနဲ့ ဆွေမျိုးတော်စပ်သူတွေကို ပေးတဲ့ အမေရိကန် ပြည်ဝင်ခွင့်နဲ့ Ullah အမေရိကန် ပြည်ထောင်စုကို ရောက်ခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG