သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပြောင်းအလဲအားမရသူများနဲ့ ရွေးကောက်ပွဲနှစ်ပတ်လည်


၂၀၁၅ နိုဝင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးမှု
၂၀၁၅ နိုဝင်ဘာ ၁ ရက်နေ့ ရွေးကောက်ပွဲ အကြို မဲဆွယ်စည်းရုံးမှု

NLD ပါတီအနေနဲ့ အတိုက်အခံအဖြစ်နဲ့ နှစ်ပေါင်းများစွာနေလာခဲ့ပြီးမှ အရပ်သားအစိုးရ တရပ်အဖြစ် ရွေးချယ်ခံခဲ့ရတာဟာ ဒီကနေ့မှာ နှစ်နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ NLD ပါတီဦးဆောင်တဲ့ အစိုးရအနေနဲ့ ရွေးကောက်ပွဲကတိကဝတ်တွေအတိုင်း ပြည်သူအများလိုလားတဲ့ ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံသစ်ထူထောင်နိုင်ဖို့ စစ်မှန်တဲ့ဒီမိုကရေစီစနစ်နဲ့ လူ့အခွင့်အရေးတွေ အပြည့်အဝ အကောင်အထည်ဖော်နိုင်ခဲ့ပါသလား။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ အုပ်ချုပ်နေရတဲ့ အရပ်သားအစိုးရ ဘယ်လိုအခက်အခဲစိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတုန်းပါလဲ- ရွေးကောက်ပွဲနှစ်နှစ်ပြည့်တဲ့နေ့ အစိုးရနဲ့လွှတ်တော်အပေါ် သုံးသပ်ချက်အမြင်အမျိုးမျိုးကို မဆုမွန်က စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၅ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့က မြန်မာနိုင်ငံမှာ အရပ်သားအစိုးရတရပ် ပေါ်ထွန်းလာနိုင်တဲ့အထိ မဲဆန္ဒနယ်အသီးသီးကနေ ဆန္ဒမဲအများစုနဲ့ အနိုင်ရအောင်လို့ ပြည်သူလူထုတရပ်လုံးက တခဲနက်မဲပေးရွေးချယ်ခဲ့ကြတဲ့ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပခဲ့တာ ဒီကနေ့ ၂၀၁၇ခုနှစ် နိုဝင်ဘာလ ၈ရက်နေ့မှာဆို နှစ်နှစ်-တင်းတင်းပြည့်သွားပြီဖြစ်ပါတယ်။

ဒီလိုနှစ်နှစ်ပြည့်သွားချိန် ၂၀၁၅ ရွေးကောက်ပွဲရလဒ်နဲ့ အစိုးရတရပ် ဖွဲ့စည်းနိုင်ခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရ အနေနဲ့ သူတို့ ရွေးကောက်ပွဲတုန်းက အောင်နိုင်ရေး ကြွေးကြော်သံတွေနဲ့ အာမခံချက်တွေကို အပြည့်အဝ အကောင်အထည်မဖော်နိုင်ခဲ့သေးဘူးလို့ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးက ဗွီအိုအေမြန်မာပိုင်းကိုပြောပါတယ်။

“ကျနော်မြင်တဲ့အတိုင်းပြောရရင် ေ၀ဝါးနေတယ်လို့ ကျနော်ထင်တယ်ခင်ဗျ အထူးသဖြင့်ပေါ့နော် ပြည်သူလူထုကြားထဲမှာလည်း ရေရေရာရာမရှိတဲ့ အနာဂတ်ကို ရင်ဆိုင်ကြုံတွေ့နေရတဲ့အခြေအနေလို့ ပြောလို့ရပါတယ်။ နောက်တခုက ရွေးကောက်ပွဲကြေညာစာတန်းနဲ့ ကြွေးကြော်ခဲ့တဲ့ အချက် ၃ ချက်ရှိပါတယ်။ ဒါကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်မယ် ၂၀၀၈ ပြင်မယ်ဆိုတဲ့ ကိစ္စရယ်၊ ငြိမ်းချမ်းရေး တည်ဆောက်မယ်ဆိုတဲ့ ကိစ္စရယ်၊ တရားဥပဒေစိုးမိုးရေးဆိုတဲ့ ကိစ္စရပ်တွေ ဒီကိစ္စတွေပေါ်မှာတော့ ပီပီပြင်ပြင်တိုးတက်လာတာတွေတော့မရှိဘူးခင်ဗျ။ လွှတ်တော်တော့ ရှိတာပေါ့ဗျာ လွှတ်တော်မှာလည်းဆွေးနွေးကြတာတွေလည်း ကျနော်တွေ့ပါတယ်။ ဒါပေမယ့် ကျနော်ပြောတာလေ လူထုကြားထဲမှာ လှုပ်ခါသွားစေတဲ့ ဆွေးနွေးမှုမျိုးပေါ့နော် ပြင်ရေးနဲ့ ပတ်သက်ပြီးတော့ လွှတ်တော်ကြိုးပမ်းတာ ၊ ငြိမ်းချမ်းရေးဖြစ်စဉ်ကနေပြီးတော့ လွှတ်တော်က တိတိကျကျ ဖြစ်စေချင်တဲ့ ဆန္ဒမျိုးဖော်ပြတာမျိုးအားနည်းတယ်။ လွှတ်တော်နဲ့ အစိုးရကြား Check and Balance ဆိုတာတော့ရှိရမယ်လေ။ ဒီ အစိုးရကြား Check and Balance ဆိုတာတော့ ပျောက်နေတယ်။ ဒါပေမယ့် ဒါတွေက စိတ်ဓါတ်ကျစရာ၊ အားငယ်စရာတော့မဟုတ်ဘူးပေါ့နော် အရပ်သားအစိုးရအနေနဲ့လည်း အခက်အခဲတွေအခြေအနေတွေကျနော်တို့ နားလည်တယ်၊ စာနာတယ်။ ၂ နှစ်တာကာလကိုတော့ ပြန်ပြီးသေသေချာချာပြန်သုံးသပ်သင့်တယ် ဒီအခြေအနေကို လို့ ကျနော်မြင်တယ်။ ပြည်သူလူထုရဲ့အကြံဉာဏ် ပြည်သူလူထုရဲ့အသံကို များများနားထောင်ဖို့လိုမယ်လို့ မြင်တယ်။ မဟုတ်ဘူးဆိုရင်တော့ အခြေအနေသိပ်ကောင်းနိုင်မယ့် အလားသဏ္ဍန်မျိုး ကျနော်မမြင်ဘူးခင်ဗျ။”

၂၀၁၅ ရွေးကောက်ပွဲတုန်းက ဖွဲ့စည်းပုံဥပဒေပြင်ရေးအပါအဝင် လူ့အခွင့်အရေး ဒီမိုကရေစီစံတွေနဲ့ မညီညွတ်တဲ့ဥပဒေတွေပြင်နိုင်ရေး အရပ်သားအစိုးရနဲ့လွှတ်တော်အပေါ် မျှော်လင့်ချက်များစွာ ထားခဲ့ကြပေမဲ့ ဒီမိုကရေစီစနစ်နဲ့ မလျော်ညီတဲ့ ပုဒ်မ ၆၆(ဃ)လို ဥပဒေလိုမျိုးတွေကို ဖျက်သိမ်းပစ်နိုင်ဖို့ တက်ကြွလှုပ်ရှားသူတွေအပါအဝင် အရပ်ဖက်အဖွဲ့အစည်းတွေဘက်က ကြိုးစားခဲ့တာတွေကလည်း အရာမရောက်ဘူးဖြစ်နေတုန်းပဲလို့လည်း MEDO အဖွဲ့က အမှုဆောင်ဒါရိုက်တာ မထိုက်ထိုက်အောင်က ပြောပါတယ်။

“ကျမတို့ နိုဝင်ဘာ ၈ ရက်နေ့ပေါ့ အဲဒီနေ့ကစပြီးတော့ ဒီအစိုးရသစ် တက်မယ်ဆိုတော့ အရမ်းမျှော်လင့်ထားတာတွေ ရှိပါတယ် ကျမတို့ အကောင်းဘက်ကနေပြီးတော့ ပိုပြီးတော့ ဒီလိုမျိုးအရပ်ဘက်အဖွဲ့အစည်းတွေ ၊ နောက်ပြီးတော့ ကျမတို့လိုမျိုး တက်ကြွလှုပ်ရှားတဲ့သူတွေအနေနဲ့ မျှော်လင့်ချက်တွေကတော့ အများကြီးတော့ ထားထားပေမယ့်လည်း ကျမတို့မျှော်လင့်ထားသလိုမျိုးမဟုတ်ပဲနဲ့ပေါ့နော် ၊ ကျမတို့နဲ့ အစိုးရကြားမှာ တယောက်နဲ့တယောက် engagement တွေပေါ့နော် ၊ အဲဒီအပိုင်းတွေက ကျမတို့ မျှော်လင့်ထားသလောက် ကျေနပ်အားရမှု မရှိခဲ့တာလေးတွေ တချို့တော့ ကျမတို့ တွေ့ပါတယ်။”

ဒါ့အပြင် ငြိမ်းချမ်းတည်ငြိမ်ပြီးတော့ ဖက်ဒရယ်ပြည်ထောင်စုစနစ် ပေါ်ထွန်းလာအောင်ကြိုးပမ်းမယ်ဆိုတဲ့ အရပ်သားအစိုးရလက်ထက်မှာတော့ စစ်ရေးပဋိပက္ခတွေက တင်းမာနေဆဲမို့ စစ်ပြေးဒုက္ခသည်တွေအရေး ကလည်း ရွေးကောက်ပွဲနှစ်နှစ်ပြည့်နေ့ အခုအချိန်အထိ ရတက်မအေးစရာဖြစ်နေတုန်းပဲလို့ စစ်ပြေးဒုက္ခသည်တွေအရေး ကူညီဆောင်ရွက်ပေးနေတဲ့ ကိုမိုးကပြောပါတယ်။

“ဒီလိုစစ်ပွဲတွေနဲ့ ကြားထဲမှာ ဒုက္ခရောက်တဲ့သူတွေကတော့ အများကြီးှရှိနေတုန်းပဲပေါ့နော်၊ ဒီအထဲမှာ ဘဝမလုံခြုံမှုတွေ၊ စိတ်ပိုင်းဆိုင်ရာမလုံခြုံမှုတွေ ကအများကြီးရှိနေတုန်းပဲ အဲဒီတော့ NLD အစိုးရ ၂ နှစ်အတွင်းမှာ ဒီကိစ္စတွေကို တိုင်းနဲ့ပြည်နယ်အစိုးရတွေ အနေနဲ့ကတော့ ထိရောက်တဲ့ ကူညီဆောင်ရွက်မှုတွေမရှိဘူး။ ဥပမာ စစ်ပွဲတွေဖြစ်လာလို့ စစ်ဘေးရှောင်ဒုက္ခသည်တွေကြောင့်မို့လို့ သွားပြီးတော့မှ ဘယ်လိုပြောမလဲ စားနပ်ရိက္ခာသွားကူညီနိုင်လောက်တာမျိုးရှိတယ်။ ဘဝလုံခြုံမှုတွေအတွက်နဲ့ နောက်ဒီစစ်ပွဲတွေ ရပ်သွားဖို့ဆိုတဲ့ကိစ္စကတော့ ပြေလည်အောင်ဆောင်ရွက်နိုင်စွမ်းမရှိဘူး။ ထိရောက်တဲ့ကူညီမှုမျိုးကတော့ ဒီကနေ့ ဒီအချိန်အထိ မရှိသေးတာကို ကျနော်တို့ တွေ့ရတယ်ခင်ဗျ။”

ရခိုင်အရေးလို နိုင်ငံတကာဖိအားတွေ စိန်ခေါ်မှုတွေ ရင်ဆိုင်နေရတဲ့အချိန် အရပ်သားအစိုးရ အကျပ်အတည်း ဖြစ်နေတဲ့ အနေအထားကို နားလည်နိုင်ပေမဲ့လို့ NLD ဦးဆောင်တဲ့ အရပ်သားအစိုးရနဲ့ လွှတ်တော်အနေနဲ့ ပြည်သူ့အသံကို နားထောင်ဖို့နဲ့ ပကတိအခြေအနေကို ပြန်သုံးသပ်ဖို့လိုပြီလို့လည်း ကိုမြအေးက အကြံပြုတာပါ။ အထူးသဖြင့် ပြည်သူတွေက မဲပေးရွေးချယ်လိုက်တဲ့ NLD အစိုးရလက်ထက် စီးပွားရေး၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုအပါအဝင် အလုပ်အကိုင်ဖန်တီးနိုင်ရေးစတဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းတွေ မှာ ထင်သလောက် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းမရှိနိုင်သေးပေမဲ့လို့ ပြည်သူအများကတော့ သူတို့မဲပေးရွေးချယ်လိုက်တဲ့ အစိုးရအပေါ် မျှော်လင့်ချက်ကတော့ရှိနေတုန်းပဲလို့ သုံးသပ်သူတွေက ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG