သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ ကယားပါတီနဲ့ တွေ့ဆုံမယ့် အစီအစဉ်ပျက်ပြယ်


ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ (မှတ်တမ်းဓါတ်ပုံ - courtesy photo/NLD)
ရန်ကုန်မြို့ရှိ NLD ပါတီ ဌာနချုပ်။ (မှတ်တမ်းဓါတ်ပုံ - courtesy photo/NLD)

[Zawgyi/Unicode]

ရွေးကောက်ပွဲ အနိုင်ရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားလှယ်တွေနဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတခု ဖြစ်တဲ့ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ (KySDP) တို့ ဒီကနေ့ တွေ့ဆုံမယ့် အစီအစဉ်ဟာ နှစ်ဘက်နေရာညှိနှိုင်းလို့ အဆင်မပြေလို့ ပျက်ပြားသွားတဲ့အကြောင်းကို ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုနိုင်ကွန်းအိန်က ပြောပြပေးပါမယ်။

ကယားပြည်နယ် လွိုင်ကော်မြို့ကို ရောက်နေတဲ့ ဒေါက်တာအောင်မိုးညို ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ်တွေနဲ့ ဒီကနေ့တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ တွေ့မယ့်နေမယ့်နေရာ ရွေးချယ်ရာမှာ သဘောတူညီမှု မရခဲ့တာကြောင့် ပျက်ပြားသွားတယ်လို့ နှစ်ဘက်တာဝန်ရှိသူတွေက ပြောပါတယ်။

တွေ့ဆုံမယ့်နေရာအတွက် သဘောတူညီမှု မရတာကြောင့် အစီအစဉ်ပျက်ခဲ့ရတာလို့လည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီ အတွင်းရေးမှူး ခူးသဲရယ်ကပြောပါတယ်။

“ဒီမနက်ပဲ ကျနော်ကို ဒေါက်တာအောင်မိုးညိုက ဖုန်းဆက်လာတယ်။ ကျနော်တို့ဘက်ကတော့ သူတို့ကို အဆိုပြု တာပေါ့။ ကျနော်တို့ ပါတီရုံးမှာ လာတွေ့ရင်တွေ့ မတွေ့နိုင်ဘူးဆိုရင် ကျနော်တို့ တတိယနေရာကို ရွေးရအောင်လို့ ကျနော် ပြောတယ်။ သူကတော့ပါတီဗဟိုကနေ ဆုံးဖြတ်ချက်အရဆိုရင် သူတို့ ပါတီရုံးမှာပဲ လာတွေ့ရမယ်ဆိုပြီးတော့မှ အဲဒီလို ဆုံးဖြတ်ချက်ချလာတဲ့အခါကျတော့ သူတို့အနေနဲ့က တခြားနေရာကို သွားတွေ့စရာအကြောင်း မရှိဘူး ဆိုပြီးတော့မှ သူပြောလိုက်တဲ့အခါကျတော့ လောလောဆယ်ကတော့ ကျနော်တို့နဲ့တွေ့ဖို့ အခြေအနေက မရှိဘူးလို့ဘဲ ပြောရတော့မှာပေါ့နော်။ သူတို့ဆက်လာတဲ့ဖုန်းအရဆိုလို့ရှိရင်တော့ တွေ့ဖို့ အခြေအနေက ပျက်သွားတယ်လို့ပဲ ပြောလို့ရတာပေါ့နော်။”

NLD ပြည်နယ်ရုံးမှာ ဒီကနေ့မွန်းလွဲပိုင်း တွေ့ဆုံဖို့ မူလက စီစဉ်ထားပေမဲ့ ကယား ပြည်နယ်ဒီမိုကရက်တစ်ပါတီဘက်ကတော့ တတိယနေရာတခုမှာ တွေ့ဆုံဖို့ တောင်းဆိုခဲ့ပေမဲ့ အဆင်မပြေခဲ့ဘူးလို့လည်း ခူးသဲရယ်က ပြောပါတယ်။

“သူတို့ပါတီကို လာမတွေ့နိုင်တဲ့ အကြောင်းအရင်းကလည်း ကျနော်တို့ နှစ်ဘက်စလုံးအတွက် လွတ်လွတ်လပ်လပ်နဲ့ စကားပြောလို့ရအောင်ပေါ့။ Pressure မရှိတဲ့နေရာပေါ့နော်။ ကိုယ့်ပါတီလည်း မဟုတ်၊ သူ့ပါတီလည်း မဟုတ်တဲ့ နေရာတခုကို ကျနော်တို့ တွေ့ရင်တော့ ပိုပြီးတော့သင့်တော်လိမ့်မယ်။ ပိုလွတ်လပ်လိမ့်မယ်။ နှစ်ဘက်စလုံးအပြန်အလှန် ဆွေးနွေးရင်တော့ ပိုအဆင်ပြေလိမ့်မယ်လို့ ကျနော်တို့ကတော့ အဲဒီလိုယူဆတဲ့အခါကျတော့ ပါတီအနေနဲ့က တတိယနေရာကို ကျနော်တို့ ရွေးမယ်ဆိုပြီးတော့ အဲဒီလိုသဘောထားကျတာပါ။”

မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညို၊ ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးအင်ထုံခါးနော်ဆန် တို့ပါဝင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့ဟာ ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ်မှာရှိတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ တွေ့ဆုံမယ့် ခရီးစဉ်အဖြစ် လွိုင်ကော်မြို့ကို ရောက်ရှိနေတာပါ။ ဒါပေမဲ့လည်း ကယားပြည်နယ် ဒီမိုကရက်တစ်ပါတီနဲ့ ဒီကနေ့ တွေ့ဆုံဖို့ စီစဉ်ထားပေမဲ့ နေရာရွေးချယ်ရာမှာ သဘောတူညီမှု မရတာကြောင့် မတွေ့ဖြစ်ခဲ့တာလို့လည်း NLD ပါတီ ပြောရေးဆိုခွင့်ရှိသူဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ကျနော်တို့ တွေ့ဆုံဖို့နေရာ ညှိနှိုင်းလို့ အဆင်မပြေတဲ့အတွက် မတွေ့ဆုံနိုင်ဖို့ ကျနော်တို့ သိထားပါတယ်။ ကျနော်တို့က အိမ်ရှင်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးကို ဖိတ်ကြားပါတယ်။ ဧည့်သည်ကအိမ်ရှင်ရဲ့ ရုံးကို မလာလိုပါဘူး။ တခြားနေရာကိုပဲ လာလိုပါတယ်ဆိုတဲ့ ဒါကတော့ ဧည့်သည်ရဲ့ ကိုယ်ပိုင် ရွေးချယ်နိုင်ပါတယ်ခင်ဗျ။ ကျနော်တို့ ဖိတ်ကြားတာကို မလာတဲ့အတွက် ကျနော်တို့ တွေ့ဆုံဆွေးနွေးပွဲမဖြစ်ပါဘူး။ မဖြစ်တဲ့အတွက်ကျနော်တို့လည်း ဝမ်းနည်းပါတယ်။ သို့သော်လည်း ကျနော်တို့ ရည်ရွယ်ချက်ချင်း တူညီသောတိုင်းရင်းသား နိုင်ငံရေးပါတီများနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရန် ကြိုးစားနေခြင်းဖြစ်ပါတယ်။ ရည်ရွယ်ချက်ချင်း ကွာဟမှုရှိတာနဲ့ အခုလို တွေ့ဆုံဆွေးနွေးမှု မဖြစ်တာတွေလည်း ရှိလာနိုင်တယ်လို့ ကျနော်တို့ သဘောပေါက်ပါတယ်။”

နိုဝင်ဘာလ ၈ ရက်နေ့ ရွေးကောက်ပွဲမှာ NLD ပါတီ အနိုင်ရခဲ့ပြီးနောက် အမျိုးသား ညီညွတ်ရေး အစိုးရဖွဲ့စည်းမယ်ဆိုပြီး တိုင်းရင်းသားပါတီ ၄၈ ပါတီနဲ့ ဆွေးနွေးဖို့လည်း ဖိတ်ခေါ်ထားပါတယ်။ ရွေးကောက်ပွဲအနိုင်ရထားတဲ့ ကချင်ပြည်နယ် ပြည်သူ့ပါတီနဲ့ ကချင်ပြည်နယ်မှာ သွားရောက်တွေ့ဆုံခဲ့သလို၊ မွန်ညီညွတ်ရေးပါတီနဲ့ တွေ့ဆုံဖို့ မွန်ပြည်နယ်ကိုရောက်ရှိချိန်မှာ တွေ့ဆုံမယ့်နေရာကိစ္စကြောင့် ဆွေးနွေးပွဲ ပျက်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]











XS
SM
MD
LG