သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD နဲ့ ပြည်သူ့ပါတီ ပထမဆုံးအကြိမ် တွေ့ဆုံ


NLD နဲ့ ပြည်သူ့ပါတီ တွေ့ဆုံ (ပြည်သူ့ပါတီ)
NLD နဲ့ ပြည်သူ့ပါတီ တွေ့ဆုံ (ပြည်သူ့ပါတီ)

၈၈ ခေါင်းဆောင်တွေစုပြီး မကြာခင်က ထူထောင်ဖွဲ့စည်းခဲ့တဲ့ ပြည်သူ့ပါတီ ခေါင်းဆောင်တွေဟာ အာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာဝန်ရှိသူတွေနဲ့ ပထမဆုံးအကြိမ် တွေ့ဆုံပြီး မြန်မာ့ ဒီမိုကရေစီရေး အတွက် ပါတီချင်းထိတွေ့ဆောင်ရွက်နိုင်ချေတွေကို ဆွေးနွေးခဲ့ကြပါတယ်။ ဒီမိုကရေစီလိုလားတဲ့ ပါတီအချင်းချင်း ပိုပြီး ထိတွေ့ဆက်ဆံသွားဖို့ သဘောထားတယ်လို့ နှစ်ဘက် ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။ ကိုကောင်းစံဟိန်း စုံစမ်းမေးမြန်းထားတာပါ။

ဒီမိုကရေစီလမ်းကြောင်းကို ဖော်ဆောင်နေတဲ့ ပါတီတွေဖြစ်တာမို့ ရှေ့လာမယ့်လမ်းစဉ်တွေမှာ အတူတကွ ဘယ်လို ပူးပေါင်းဆောင်ရွက်နိုင်မလဲဆိုတာ အကြမ်းဖျင်းဆွေးနွေးခဲ့တယ်လို့ နှစ်ဘက်ပါတီ တာဝန်ရှိသူတွေက ဗွီအိုအေကို ပြောပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေး၊ ၂၀၀၈ အခြေခံဖွဲ့စည်းပုံပြင်ဆင်ရေး စတဲ့ တူညီတဲ့အခြေခံတွေအပေါ်မှာ နှစ်ဘက် လိုအပ်သလို ထပ်မံဆွေးနွေးမှုတွေလုပ်ဖို့ရှိတယ်လို့ ပြည်သူ့ပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးကျော်ကျော်စိုးက ပြောပါတယ်။

"လမ်းကြောင်းတူတယ်။သွားမယ့် ပန်းတိုင်တူတယ်။ လျှောက်တဲ့ လမ်းကြောင်းကတော့ တူချင်မှလည်း တူမယ်ပေါ့နော်။သို့သော် တချို့ကိစ္စတွေမှာ ဆိုကြပါစို့ အခြေခံ ဥပဒေပြင်ဆင်ရေးတို့၊ပြည်တွင်းငြိမ်းချမ်းရေးတို့ ခေါင်းစဉ်လေးတွေတောပ အကြမ်းဖျဉ်း ဆွေးနွေးခဲ့တာပါ။နောင်တချိန်မှာ ဒါတွေကို ဆွေးနွေးဖို့ လိုလာရင် ဆက်ဆွေးနွေးဖို့ လမ်းဖွင့်ခဲ့ကြတာပေါ့"

၈၈ ခေါင်းဆောင်အများစုပါဝင်တဲ့ ပြည်သူ့ပါတီဟာ မကြာခင်ကမှ ပါတီဖွဲ့စည်းခွင့်ကျခဲ့ပြီးတော့ ပါတီစည်းရုံးရေးလုပ်ငန်းတွေနဲ့ ပါတီရုံးခွဲဖွင့်တာတွေကို အရှိန်အဟုန်နဲ့ အခုတလော လုပ်ဆောင်လာတာပါ။ အခု တွေ့ဆုံမှုဟာ ပဏာမမိတ်ဆက်သဘော တွေ့ဆုံမှုဖြစ်ပြီး၊ ဒီမိုကရေစီလိုလားတဲ့ ပါတီချင်းဖြစ်တာမို့ နောက်ပိုင်း ပိုပြီး ထိတွေ့ဆက်ဆံသွားဖို့ ဆွေးနွေးခဲ့တယ်လို့ NLD ပါတီ ပြောခွင့်ရသူ ဒေါက်တာမျိုးညွန့် က ပြောပါတယ်။

"ဒီမိုကရေစီပါတီအချင်း ထိတွေ့ဆက်ဆံမှု ရှိဖို့လိုအပ်တယ်ဆိုတဲ့အတွက် သူတို့အဆိုအရတော့ မဏာမ မိတ်ဆက်တွေ့ဆုံခြင်းလို့ ပြောပါတယ်။အကြောင်းအရာတစ်ခုကို ထုတ်ဖော်ပြီးတော့ ဒီအပေါ်မှာ ထုတ်ဖော်ခြင်း၊သဘောတူခြင်း ဘာမှမရှိပါဘူး။ကျနော်တို့ဟာ နောင်မှာ ဒီမိုကရေစီပါတီများ ဖြစ်တဲ့အတွက် ပိုပြီးတော့ ထိတွေ့ ဆက်ဆံဖို့ ဒါကိုဘဲ သဘောတူခဲ့တာ ဖြစ်ပါတယ်။"

ဒီကနေ့ ဆွေးနွေးပွဲမှာတော့ ပြည်သူ့ပါတီဘက်က ဥက္ကဌ ဦးကိုကိုကြီး ဦးဆောင်ပြီး၊ NLD ဘက်ကတော့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တွေဖြစ်တဲ့ ဦးဉာဏ်ဝင်း ဦးဟံသာမြင့် ဦးသိန်းဦးနဲ့ ဒေါက်တာမျိုးညွှန့်တို့ တတ်ရောက်ခဲ့ကြတာပါ။

ပြီးခဲ့တဲ့ ၂၀၁၅ အထွေထွေရွေးကောက်ပွဲအတွင်းမှာ အခုပြည်သူ့ပါတီဥက္ကဌ ဦးကိုကိုကြီးအပါအဝင် ၈၈ ခေါင်းဆောင်အချို့ဟာ NLD ပါတီကို ကိုယ်စားပြုပြီး ရွေးကောက်ပွဲဝင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။ ဒါပေမယ့်လည်း NLD ရဲ့ အပြီးသတ် ကိုယ်စားလှယ်လောင်းစာရင်းမှာတော့ အချို့ဘဲပါပြီး၊ အများစုက ပယ်ချခံခဲ့ရပါတယ်။ အဲဒီနောက်တော့ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်တွေ စုပြီး နိုင်ငံရေးပါတီတရပ်စုဖွဲ့ဖို့ ပြင်ဆင်ကြိုးပမ်းခဲ့ကြပါတယ်။ ရှစ်လေးလုံးပါတီဆိုတဲ့အမည်နဲ့ နိုင်ငံရေးပါတီမှတ်ပုံတင်ဖို့ကြိုးစားခဲ့ပေမယ့် ၊ ကန့်ကွက်မှုတွေနဲ့ ကြုံခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကတော့ ပြည်သူ့ပါတီအမည်နဲ့ ပါတီဖွဲ့စည်းခွင့်ကျခဲ့ပါတယ်။ လက်ရှိအားဖြင့် ပြည်သူ့ပါတီကို ၈၈ ခေါင်းဆောင်တွေဖြစ်တဲ့ ဦးကိုကိုကြီးက ဥက္ကဌ ဦးမင်းဇေယျက ဒုဥက္ကဌနဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ဦးရဲနိုင်အောင်တို့က ဦးဆောင်လှုပ်ရှားနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG