သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကျောက်မဲ ဦးထိုက်ဇော် ပစ်သတ်ခံရမှု နိုင်ငံရေးကြောင့်ဟု NLD ယူဆ


ပစ်ခတ်ခံရပြီး ကွယ်လွန်သွားတဲ့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ NLD ပါတီ ကိုယ်စားလှယ် ဦးထိုက်ဇော်။ (ဓာတ်ပုံ - ဦးကြည်တိုး (NLD) ဖေ့စ်ဘုတ်)
ပစ်ခတ်ခံရပြီး ကွယ်လွန်သွားတဲ့ ရှမ်းပြည်နယ် အမျိုးသားလွှတ်တော် အမှတ် ၁ NLD ပါတီ ကိုယ်စားလှယ် ဦးထိုက်ဇော်။ (ဓာတ်ပုံ - ဦးကြည်တိုး (NLD) ဖေ့စ်ဘုတ်)

(Zawgyi / Unicode)

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင် အမှတ် ၁ မှာ ဝင်ရောက်ယှဉ်ပြိုင်ပြီး အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးထိုက်ဇော် သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားပါတယ်။ အပြည့်အစုံကို မမေခ စုစည်းတင်ပြထားပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်နေ့ ညနေ ၆ နာရီခွဲလောက်က ဦးထိုက်ဇော်ရဲ့ နေအိမ်ကို ဆိုင်ကယ်နဲ့ လူနှစ်ယောက် လာရောက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ရတာဖြစ်ပြီး သေဆုံးရတာဟာ နိုင်ငံရေးကြောင့်ဖြစ်တယ်လို့ လက်ရှိ အနိုင်ရပါတီ NLD ပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောပါတယ်။

“ဒါက ဘာကိုပြလဲဆို နိုင်ငံရေးမှာ အကြမ်းဖက်ဝါဒ သွတ်သွင်းဖို့ ကြိုးစားနေတာလို့ ယူဆပါတယ်။ ဒီလို ဦးထိုက်ဇော် လုပ်ကြံသတ်ဖြတ်ခံရတာက နိုင်ငံရေးရည်ရွယ်ချက်နဲ့ လုပ်တယ်လို့ သံသယရှိပါတယ်။ ဒီလုပ်ကြံမှုမှာ ပါဝင်သူတွေကို တိတိကျကျနဲ့ အမြန်ဆုံး ဖော်ထုတ်အရေးယူဖို့တော့ ကျနော်တို့ တာဝန်ရှိသူတွေကို တိုက်တွန်းပါတယ်။”

သေဆုံးသွားသူ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးထိုက်ဇော်ဟာ ကျောက်မဲမြို့နယ်၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ရွာမှာ နေထိုင်သူဖြစ်ပါတယ်။ သေဆုံးခဲ့တာနဲ့ပတ်သက်လို့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဘက်ကို ဆက်သွယ်ခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ သေနတ်သမားကိုလည်း မမိသလို ဘယ်အဖွဲ့က ဘယ်လိုကြောင့် လုပ်ကြံသလဲ ဆိုတာကိုလည်း မဖော်ထုတ်နိုင်သေးပါဘူး။

ဒေသခံတဦးလည်းဖြစ် နာရေးကူညီမှုလုပ်နေတဲ့ ပရဟိတ လုပ်ပေးနေသူ ဦးတင်မောင်သန်းကတော့ ဦးထိုက်ဇော်ဟာ သူဖွင့်ထားတဲ့ ကုန်စုံဆိုင်မှာ ကွမ်းယာလာဝယ်သူအတွက် ကွမ်းယာ ယာနေစဉ် ပစ်ခံခဲ့ရတာဖြစ်ပြီး အဲဒီအချိန်မှာ ဇနီးဖြစ်သူက အိမ်ပေါ်တက်သွားချိန်ဖြစ်လို့ မျက်မြင်သက်သေမရှိတဲ့ အနေအထား ဖြစ်သွားတယ်လို့လည်း ပြောပြပါတယ်။ ဖြစ်စဉ်အနေနဲ့ စီးပွားရေး ရန်ငြိုးကြောင့် မဟုတ်ဘဲ ရွေးကောက်ပွဲမှာ အငြင်းပွားမှုကြောင့် အခုလို ဖြစ်နိုင်တယ်လို့ သူ့ထင်မြင်ချက်ကို ပြောပါတယ်။

“စီးပွားရေးအရတော့ မပတ်သက်ပါဘူး။ ဘာလို့လဲဆိုတော့ သူ့စီးပွားရေးကလည်း ဘယ်လိုခေါ်မလဲ ချမ်းသာလောက်တဲ့အဆင့် မရှိသလို ပြိုင်ဆိုင်စရာလည်း မရှိပါဘူး။ အဲတော့ ဒီမဲရလဒ်အပေါ်မှာပဲ လတ်တလော ဖြစ်ကြတာပေါ့နော်။ အဲလိုပဲ ကျနော်တို့ ပြောလို့ရပါမယ်။”

ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၅ ရက်နေ့ကလည်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌရဲ့ နေအိမ် သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပါသေးတယ်။ အဲ့ဒီပစ်ခတ်မှုမှာတော့ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့ပေမယ့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌရဲ့ နေအိမ်မှန်တွေ ပျက်စီးခဲ့ပါတယ်။ အဲဒီရဲ့ လက်သည်တရားခံကိုလည်း မမိသေးပါဘူး။

ကျောက်မဲခရိုင်တွင်းမှာ နောင်ချိုမြို့နယ်ကလွဲပြီး သီပေါ၊ နမ္မတူ၊ ကျောက်မဲမြို့နယ်တွေမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နေရာအများဆုံး အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ အမျိုးသားလွှတ်တော် အမှတ် ၁ နေရာအတွက်ကိုတော့ NLD ပါတီကိုယ်စားလှယ် ဦးထိုက်ဇော်က မဲပေါင်း ၅၀ ကျော်အသာနဲ့ SNLD ပါတီကိုယ်စားလှယ်ကို အနိုင်ရခဲ့ပါတယ်။ ဒီလိုအနိုင်ရတာမှာ မိုးမိတ်ဘက်မှာ မဲမသမာမှု ရှိခဲ့တယ်ဆိုပြီး ပြန်လည်ရေတွက်တာတွေ လုပ်ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Generation Tree ရွေးကောက်ပွဲစောင့်ကြည့်အဖွဲ့က ဦးအောင်နိုင်မော်ကတော့ ဒီဖြစ်ရပ်ဟာ စိုးရိမ်စရာဖြစ်ရပ်လို့ ရှုမြင်ပြီး ရွေးကောက်ပွဲ အကျိုးဆက်ကြောင့် ဖြစ်လာတယ်လို့ သုံးသပ်သလို မြို့နယ်ကော်မရှင်အဖွဲ့တွေ လုံခြုံရေးကို ထည့်တွက်ဖို့ သူက သတိပေးပါတယ်။

“ကျောက်မဲ နောင်ချိုက မငြိမ်းချမ်းတဲ့ နေရာက တချက်ပေါ့၊ နောက်တခုကတော့ ရွေးကောက်ပွဲ အငြင်းပွားမှုနဲ့လည်း ဆက်စပ်တယ်လို့ ကျနော်ယူဆတယ်။ အခုကလည်း ကိုယ်စားလှယ်လောင်းတွေ ကြေညာပြီးပြီ။ နောက်ဆက်တွဲ ရွေးကောက်ပွဲအတွင်း ကြုံရတဲ့ တရားမဲ့ပြုကျင့်မှုတွေကို တိုင်တန်းလို့ရပြီဆိုတဲ့ အချိန်နဲ့လည်း ကိုက်နေတာဆိုတော့ သက်ဆိုင်ရာ ကော်မရှင်တွေရဲ့ လုံခြုံရေးကို သတိထားသင့်တယ်။ ကော်မရှင်အကြီးထဲကတင် မဟုတ်ဘဲ သက်ဆိုင်ရာ မြို့နယ်ကော်မရှင်ခွဲတွေ လုံခြုံရေးကို သတိထားဖို့လိုတယ်လို့ မြင်တယ်။”

လုံခြုံရေးကြောင့် အမည်နဲ့ အသံ မဖော်ပြနိုင်တဲ့ ရှမ်းပြည်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်တဦးကတော့ လက်ရှိအချိန်မှာ ကော်မရှင်အဖွဲ့ခွဲတွေမှာ အသက်အန္တရာယ် စိုးရိမ်စရာဖြစ်နေပြီး နေအိမ်မှာ မနေနိုင်တဲ့ဘဝနဲ့ လှည့်ပတ်သွားနေရတယ်လို့ ပြောပါတယ်။ အခုလိုဖြစ်သွားတာကြောင့် အမျိုးသားလွှတ်တော် အမတ်နေရာအတွက် လစ်လပ်မဲဆန္ဒနယ်အနေနဲ့သာ သတ်မှတ် ပြန်လည်ရွေးချယ်မှာဖြစ်ပြီး မဲအများဆုံးရသူ သေဆုံးသွားတာကြောင့် ဒုတိယမဲအများဆုံးရသူက အမတ်အဖြစ် ဆက်ခံခွင့်ရမှာမျိုး မရှိဘူးလို့ ဗွီအိုအေကို အတည်ပြု ပြောဆိုပါတယ်။

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲကို ကျောက်မဲခရိုင်မှာ နိုင်ငံရေးပါတီပေါင်း ၁၀ ပါတီ ဝင်ပြိုင်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------

(Unicode)














XS
SM
MD
LG