သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းကွယ်လွန်


NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း။ (မှတ်တမ်းဓာတ်ပုံ)
NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်း။ (မှတ်တမ်းဓာတ်ပုံ)

[Zawgyi/Unicode]

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင် ဦးဉာဏ်ဝင်းဟာ ဒီနေ့ ဇူလိုင်လ ၂၀ ရက်နေ့မှာ ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ ကွယ်လွန်သွားပါတယ်။ ဒီနေ့မနက် ၉ နာရီ ၁၀ မိနစ်က အသက် ၇၉ နှစ်အရွယ် ဦးဉာဏ်ဝင်း ဆုံးသွားတာနဲ့ပတ်သက်လို့ သူ့ရဲ့ အကျိုးဆောင်ရှေ့နေ ဒေါ်စန်းမာလာညွန့်က ဗွီအိုအေမြန်မာပိုင်းကို ခုလို အတည်ပြုပြောခဲ့ပါတယ်။

"မနက်ကအထိ ကောင်းသေးတယ်။ ကျမတို့ ကျွေးတာတွေ သူစားသေးတယ်။ သူကြိုက်တဲ့ဟာတွေပေါ့နော်။ ဒါမဲ့ ညနေပိုင်းကျတော့.... စိတ်ပြောင်းသွားပြီး အဲဒီလိုဖြစ်တာ။ မနေ့ကလည်း အဲ့ဒီလိုမျိုးပဲ... ဆရာပြန်ချင်ရင်တော့ အစားစားမှ ရမယ်လို့ အဲ့ဒီလိုမျိုးတော့ ပြောတယ်။ ဒီမနက်တော့ စောင့်တဲ့တူလေးကနေပြီးတော့ မနက် ၄ နာရီလောက်ကတည်းက သတိမရှိတော့ဘူးလို့ ပြောတာ။ အမ ၇ နာရီခွဲလောက်က တခါ video call ကြည့်သေးတယ်။ အဲဒီတုန်းက ဆရာ နည်းနည်း အသက်ရှုနေပြီးတော့ မောနေတယ်။ ၉ နာရီ ၁၅ တခါ ပြန်ကြည့်တဲ့အခါကျတော့ အောက်စီဂျင်လုံးဝမရှိတော့ဘူး။ အသက်ရှုနေတယ်။ အဲ့ဒါနဲ့ ကျမ ရေချိုးပြီး ခဏ ပြန်ထွက်လာတော့ ဆရာ ဆုံးပြီ။ ဆရာ အိမ်ပြန်ချင်တယ်ဆိုရင် ဆရာ စားမှ ရမှာလို့ ကျမတို့ကပြောနေသေးတာ။ သူ အောက်စီဂျင်တွေကို ဆွဲဖြုတ်တယ်။ ဒါပေမဲ့ မရဘူးနော်။ ဆရာ အားရှိမှ ဖြစ်မှာ။ ဆရာ နိုးတာနဲ့ တမျိုးပြီး တမျိုး အမတို့က ကျွေးတိုက်တာ။ သူ့ကို ကျွေးပေးတယ်။"

NLD ရဲ့ ဗဟို ပြန်ကြားရေးကော်မတီဥက္ကဋ္ဌလည်းဖြစ်၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေးအဖွဲ့ ခေါင်းဆောင်လည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းကို စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်မှာ အကျဉ်းချထားခဲ့ပါတယ်။ အင်းစိန်ထောင်ထဲမှာ ကိုဗစ်ကပ်ရောဂါ ကူးစက်ခံခဲ့ရတဲ့အတွက် ရန်ကုန်ဆေးရုံကြီး အထူးကြပ်မတ်ဆောင်မှာ လွန်ခဲ့တဲ့ ၁၀ ရက်လောက်က ပြောင်းရွှေ့ ကုသမှုခံယူနေရင်းက ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။

ဦးဉာဏ်ဝင်းဟာ ရန်ကုန်တက္ကသိုလ်ကနေ LLB ဘွဲ့ရရှိပြီးနောက် ၁၉၇၀ ကနေ ၁၉၇၃ အထိ ဥပဒေဝန်ထမ်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်အထိ ဥပဒေဝန်ထမ်း အဆင့် ၁ တာဝန်ထမ်းဆောင်ခဲ့ပြီး နောက်ပိုင်းမှာ တရားရုံးချုပ်ရှေ့နေဖြစ်လာခဲ့ပါတယ်။

၁၉၉၀ ပြည့်နှစ်ရွေးကောက်ပွဲမှာ ပေါင်မြို့နယ်မဲဆန္ဒနယ်အမှတ် ၁ ကိုယ်စားပြု ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပါတယ်။ ဦးဉာဏ်ဝင်းဟာ NLD ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့ဝင်တယောက်လည်းဖြစ်ပါတယ်။

အရင် နဝတစစ်အစိုးရလက်ထက် ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျနေစဉ်က ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေတယောက်လည်းဖြစ်ပါတယ်။ ဦးဉာဏ်ဝင်းဟာ NLD ပါတီပြောခွင့်ရအဖြစ် နှစ်ပေါင်းများစွာ တာဝန်ယူခဲ့သူလည်းဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် ရွေးကောက်ခံ NLD ပါတီဝင်လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH ကို ထောက်ခံကြောင်း ထုတ်ပြန်တဲ့ NLD ပါတီကြေငြာချက်နဲ့ ပတ်သက်ပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းမှုပျက်ပြားအောင် လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ခ) နဲ့တရားစွဲ ဖမ်းဆီးခံထားရစဉ် ကွယ်လွန်သွားတာဖြစ်ပါတယ်။ ဦးဉာဏ်ဝင်း ကွယ်လွန်တဲ့သတင်းအတွက် ဝမ်းနည်းကြောင်း ထုတ်ပြန်နေကြတာမှာ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီကလည်း NLD ဗဟိုအလုပ်အမှုဆောင်ကော်မတီ အတွင်းရေးမှူး အဖွဲ့ဝင်၊ ဗဟိုပြန်ကြားရေးကော်မတီ ဥက္ကဋ္ဌ၊ ဗဟိုစည်းကမ်းထိန်းသိမ်းရေး အဖွဲ့ခေါင်းဆောင်၊ ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်ဝင်းကွယ်လွန်တဲ့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ သက်ဆိုင်ရာမိသားစုဝင်တို့နဲ့ ထပ်တူ ဝမ်းနည်းကြောင်း ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]









XS
SM
MD
LG