သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ချင်းလွှတ်တော်အမတ် ဖမ်းခံရတာ တလပြည့်ပြီ


ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း။ (ဓာတ်ပုံ - အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်)
ချင်းပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးဝှေ့တင်း။ (ဓာတ်ပုံ - အမျိုးသားလွှတ်တော်ဝက်ဘ်ဆိုက်)

(Zawgyi/Unicode)

NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ရခိုင်လက်နက်ကိုင်အဖွဲ့ AA က ဖမ်းဆီးထားတာ မနေ့က ဒီဇင်ဘာ ၃ရက်နေ့မှာ တလပြည့်ခဲ့ပါပြီ။ အဲဒီလို တလပြည့်တဲ့နေ့မှာပဲ ဦးဝှေ့တင်းအပါအဝင် AA အဖွဲ့က ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့အတွက် ချင်းလူ့အခွင့်အရေးအဖွဲ့က ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ AA အဖွဲ့ကတော့ ဦးဝှေ့တင်း ကျန်းကျန်းမာမာရှိနေပြီး လုံခြုံရေး စိတ်ချရတဲ့ အနေအထားရောက်တဲ့အထိ သူ့ကို ထိန်းသိမ်းထားမယ်လို့ ဆိုပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ဗွီအိုအေသတင်းထောက် စုစုကမေးမြန်း ပေးပို့ထားပါတယ်။

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်က NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းကို ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃ရက်နေ့မှာ AA အဖွဲ့က ဖမ်းဆီးလိုက်တာပါ။ အဲဒီလို ဦးဝှေ့တင်း ဖမ်းဆီးခံရပြီးတဲ့နောက်မှာ လူ့အခွင့်အရေး လှုပ်ရှားတဲ့ အဖွဲ့အစည်းတွေက သူအမြန်ဆုံးပြန်လည် လွတ်မြောက်ဖို့အတွက် အသီးသီးတောင်းဆိုလာကြပါတယ်။ ဒါပေမဲ့ တလပြည့်တဲ့အချိန်ထိတော့ ဦးဝှေ့တင်း ပြန်လည်လွတ်မြောက်လာခြင်း မရှိသေးပါဘူး။

ချင်း လူ့အခွင့်အရေးအဖွဲ့ကတော့ ဦးဝှေ့တင်း ဖမ်းဆီးခံရတာ တလပြည့်တဲ့နေ့မှာပဲ #FreeHawiTinCampaign ကို စတင်လိုက်ပါတယ်။ အဲဒီလိုစတင်လိုက်တာဟာ ဆိုရှယ်မီဒီယာကနေတဆင့် ဦးဝှေ့တင်း လွတ်မြောက်ရေးနဲ့ ပတ်သက်ပြီး AA အဖွဲ့ကို ဖိအားပေးနိုင်ဖို့နဲ့ ပြည်တွင်းပြည်ပက အကူအညီကို ရရှိနိုင်ဖို့အတွက် ရည်ရွယ်ပြီး လုပ်ဆောင်လိုက်တာလို့ ဆိုပါတယ်။

ဦးဝှေ့တင်းက သူကိုယ်စားပြုတဲ့ မဲဆန္ဒနယ်မြေအတွင်း လူမျိုးစုတွေ အချင်းချင်းကြား သွေးကွဲစေတဲ့ လုပ်ရပ်တွေ လုပ်ဆောင်နေတာအပြင် AA ရပ်တည်ချက်ကိုပါ ထိပါးစေတဲ့ လုပ်ရပ်တွေကြောင့် ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေတာလို့ AA က အစောပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

အခုလို ဦးဝှေ့တင်းအပေါ် စွပ်စွဲမယ်ဆိုရင် သက်သေအထောက်အထား ပြနိုင်မှ AA အနေနဲ့ ဂုဏ်သိက္ခာရှိတဲ့အဖွဲ့ဖြစ်မယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့က ဌာနေတိုင်းရင်းသားများ ဖွံ့ဖြိုးရေးအစီအစဉ် ပရိုဂရမ်ဒါရိုက်တာ မိုင်သင်းယုမွန်က ပြောပါတယ်။

“အကယ်၍များ ဦးဝှေ့တင်းသည် တပ်မတော်နဲ့ ဆက်သွယ်တာမျိုး ရှိခဲ့တယ်ဆိုရင် ကျမတို့က ပြန်ပြီးတော့ ထည့်သွင်းစဉ်းစားရမှာက သူသည်သာမန် အရပ်သား ပြည်သူ တယောက ်မဟုတ်ဘူး။ သူသည် လွှတ်တော်အမတ် တယောက် ဖြစ်တယ်။ သူ့ကို ကိုယ်စားပြုပေးဖို့ ရွေးချယ်ထားတဲ့ မဲဆန္ဒရှင် ပြည်သူတွေနေထိုင်တ ဲ့နေရာမှာ တိုက်ပွဲတွေဖြစ်နေတာ ဖြစ်တယ်။ ဆိုတော့ သူသည် လုံခြုံရေးအရ ဒေသက လူထုက တောင်းဆိုလာတဲ့အပေါ်မှာ Action ယူရတာမျိုး ရှိကောင်း ရှိနိုင်တယ်။ ဒါပေမဲ့ ဒါကိုကျမတို့ ဘယ်လိုမှ ပြောလို့မရဘူး။ ဆိုတော့ AA သည်လည်းပဲ အကယ်၍ ဦးဝှေ့တင်းကို ဒီအချက်တွေအပေါ်မှာ အခြေခံပြီး စွပ်စွဲတယ်ဆိုလို့ရှိရင် သူသည်သက်သေ သာဓက အထောက်အထားအပြည့်အဝနဲ့ သူပြောရမယ်။ ဒါမှ ဂုဏ်သိက္ခာရှိမယ်။”

ဖမ်းဆီးခံထားရတဲ့ ဦးဝှေ့တင်းအနေနဲ့ ကျန်းမာရေးကောင်းမွန်ပြီး သူ့က ိုစစ်ဆေးပြီးပေမယ့် လုံခြုံရေးအခြေအနေ စိတ်ချရတဲ့အနေအထား ရောက်တဲ့အထိ သူ့ကိုဆက်လက် ထိန်းသိမ်းထားဖို့ ရှိတယ်လို့ AA ပြောခွင့်ရ ခိုင်သုခက ပြောပါတယ်။

“ထိန်းသိမ်းထားမယ်ဆိုတာက သူနဲ့ပတ်သက်ပြီးတော့ ကျနော်တို့မှာ သက်သေအထောက်အထားတွေ အခိုင်အမာ ရှိတယ်။ အဲဒါကြောင့်မို့လို့ ဒီလောလောဆယ် သူ့ကို လွှတ်ပေးလိုက်လို့ ရှိရင် ပလက်ဝဒေသမှာ ရှိနေတဲ့ ဒီရခိုင်တွေရဲ့လုံခြုံရေး၊ ကျနော်တို့တပ်ဖွဲ့တွေရဲ့ သွားလာလှုပ်ရှားတဲ့အချိန်မှာ လုံခြုံရေး အဲဒီဥစ္စာတွေကို ခြိမ်းခြောက်မှုတွေ ရှိတယ်။ အဲဒါကြောင့်မို့လို့ လောလောဆယ် သူ့ကိုလွှတ်ပေးလို့ မရသေးဘူး။ ဒီလုံခြုံစိတ်ချရတဲ့ အနေအထား တခု ရောက်တဲ့အထိတော့ ကျနော်တို့ သူ့ကို ဆက်လက်ပြီးတော့ ထိန်းသိမ်းထားဖို့ ရှိတယ်။”

ဦးဝှေ့တင်း ဖမ်းဆီးခံထားရတဲ့ အချိန်ကစပြီး အဆက်အသွယ် ပြတ်နေတာကြောင့် မိသားစုနဲ့ ဖုန်းပြောခွင့်ပေးဖို့ကို ဇနီးဖြစ်သူ ဒေါ်ခင်အိဆင့်က တောင်းဆိုထားပါတယ်။

“ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးပါ။ အဲဒါပဲ တောင်းဆိုချင်ပါတယ်။ တကယ်လို့ ဒီကြားထဲမှာ ချက်ချင်းလွှတ်ပေးဖို့ မဖြစ်သေးဘူးဆိုရင်လည်း သူဒီမှာ ရှိတယ် နေကောင်းကျန်းမာတယ်။ အဲလိုမျိုး ကျမတို့ကို ဖုန်းလေးဖြစ်ဖြစ် ဆက်သွယ်ရအောင် လုပ်ပေးပါလို့ပဲ တောင်းဆိုချင်တာပါ။”

မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၂ နိုင်ငံက လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်နေတဲ့ အဖွဲ့ပေါင်း ၂၂ ဖွဲ့ကလည်း ဦးဝှေ့တင်းကို ပြန်လွှတ်ပေးရေးအတွက် ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၉ ရက်နေ့က တောင်းဆိုထားပါတယ်။

အပြစ်မဲ့ပြည်သူတွေအပေါ် ဘယ်လက်နက်ကိုင်အဖွဲ့ကမှ လူ့အခွင့်အရေး ချိုးဖောက်မှု မကျူးလွန်ဖို့ မိုင်သင်းယုမွန်က အခုလိုပြောပါတယ်။

“အခုလက်ရှိမှာ အဖမ်းခံနေရတဲ့ ဦးဝှေ့တင်းကို အမြန်ဆုံးလွှတ်ပေးဖို့ လိုအပ်ပါတယ်။ အမြန်ဆုံး ချက်ချင်းလွှတ်ပေးမှသာလျှင် အားလုံးလည်း အပြန်အလှန် မျက်နှာမပျက်ကြမယ့် အပြင်၊ ကျမတို့အားလုံး မျှော်မှန်းနေကြတဲ့ ငြိမ်းချမ်းရေးလည်း ပိုပြီးတော့ နီးစပ်သွားမယ်ပေါ့နော်။ ပြီးတော့ အပြစ်မဲ့ပြည်သူတွေကို Target ထားပြီးတော့ လုပ်နေတဲ့လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဘယ်လက်နက်ကိုင်တပ်ဖွဲ့ကမှ ကျူးလွန်မှုမပြုဘဲနဲ့ အမြန်ဆုံးအဆုံးသတ်ပေးပါလို့ပဲ တောင်းဆိုချင်ပါတယ်။”

ဦးဝှေ့တင်းကို အခုလိုဖမ်းဆီးထားတာဟာ အပြစ်ရှိတဲ့သူကို ထိန်းသိမ်းထားတာဖြစ်ပြီး ဒီအပေါ်ကို တဘက်သတ် ဖိအားပေးလာတာမျိုး လက်ခံမှာမဟုတ်ဘူးလို့ ခိုင်သုခက တုံ့ပြန်ပါတယ်။

“တကယ်လို့ လွှတ်ပေးပါလို့ တောင်းဆိုလို့ရှိရင် အထက်က ကျတော်ပြောခဲ့တဲ့ အချက်တွေကို အဲဒီအဖွဲ့အစည်းတွေက ဦးဝှေ့တင်းနောက်ထပ် မကျူးလွန်တော့ပါဘူး။ ကျူးလွန်လို့ရှိရင် ကျနော်တို့ဘက်က တာဝန်ယူပါတယ်ဆိုပြီးတော့ ဘယ်အဖွဲ့အစည်းက တာဝန်ခံမလဲ။ အဲဒီလို တာဝန်ခံမယ့် အဖွဲ့အစည်းရှိလို့ ရှိရင်တော့ ကျနော်တို့နဲ့ လာညှိပေါ့ဗျာနော်။”

NLD အမျိုးသားလွှတ်တော်အမတ် ဦးဝှေ့တင်းအပါအဝင် AA ဘက်က ဖမ်းဆီးထားသူတွေကို အမြန်ဆုံးလွှတ်ပေးရေး အရေးကြီးအဆိုကို ပြည်ထောင်စု လွှတ်တော်မှာ အတည်ပြုထားပါတယ်။

ချင်းပြည်နယ်မှာ တပ်မတော်နဲ့ AA ကြား ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်နေရသူ ၄၀၀၀ နဲ့ ၆၀၀၀ ကြားရှိနေပြီး တိုက်ပွဲဒဏ်ကို အများဆုံးခံနေရတာက အပြစ်မဲ့ပြည်သူတွေဖြစ်တာကြောင့် ဒါတွေကိုအမြန်ဆုံး ရပ်တန့်ပေးဖို့အတွက် လူ့အခွင့်အရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]



















XS
SM
MD
LG