သုံးရလွယ်ကူစေသည့် Link များ

site logo site logo
 
စစ်ကောင်စီနဲ့ TNLA ဆွေးနွေးပွဲ ရလဒ်မထွက်ပဲ အဆုံးသတ်
နောက်ဆုံးရသတင်း

စစ်ကောင်စီနဲ့ TNLA ဆွေးနွေးပွဲ ရလဒ်မထွက်ပဲ အဆုံးသတ်


PSLF/ TNLA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားယခင်ခမှတ်တမ်းဓာတ်ပုံ (ဓါတ်ပုံ - PSLF/TNLA)
PSLF/ TNLA ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျားယခင်ခမှတ်တမ်းဓာတ်ပုံ (ဓါတ်ပုံ - PSLF/TNLA)

တရုတ်နိုင်ငံ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တွေ့ဆုံဆွေးနွေးခဲ့ရာမှာ ထူးခြားတဲ့ရလဒ်တွေမရရှိခဲ့ဘဲ အဆုံးသတ်ခဲ့ပါတယ်။ညှိနှိုင်းဖို့ခက်ခဲတဲ့ကိစ္စရပ် တွေကို သက်ဆိုင်ရာ နှစ်ဘက် အဖွဲ့အတွင်းမှာ ပြန်လည်ဆွေးနွေးပြင်ဆင်ပြီး နောက်တကြိမ် ထပ်မံ တွေ့ဆုံဖို့ သဘောတူခဲ့ကြောင်းလည်း TNLA က သတင်းထုတ်ပြန်ခဲ့တာပါ။ တရုတ်နိုင်ငံကဆွေးနွေးပွဲ အကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို အခြေခံပြီးတင်ပြထားပါတယ်။

စစ်ကောင်စီနဲ့ ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး PSLF/TNLA ကိုယ်စားလှယ်တွေဟာ တရုတ်အစိုးရရဲ့ ကြားဝင် ဆောင်ရွက်မှုနဲ့အတူ တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဒီလ ၁၆ရက်နဲ့ ၁၇ ရက် နှစ်ရက်ကြာ တွေ့ဆုံခဲ့တာပါ။ ဒီဆွေးနွေးပွဲမှာ နှစ်ဘက်တောင်းဆိုချက်တွေကို ညှိနှိုင်းဖို့ခက်ခဲတာ ကြောင့် နောက်တကြိမ် ထပ်မံတွေ့ဆုံဖို့ သဘောတူခဲ့ကြောင်း PSLF/TNLA ရဲ့ ပြောရေးဆိုခွင့်ရှိသူ လွေးယေဦးက VOA ကို ပြောပါတယ်။

“တွေ့ဆုံဆွေးနွေးမှုမှာ နှစ်ဘက်ကတော့ အပြန်အလှန် တောင်းဆိုတင်ပြမှုတွေရှိပြီးတော့မှ သဘောထား ရယူတဲ့အချိန်မှာ အခက်အခဲများစွာရှိနေသေးတဲ့အတွက်ကြောင့်ပေါ့နော်။ နောက်တခါ ပြန်တွေ့ဆုံဖို့ ချိန်းထားတာမျိုးဖြစ်ပါတယ်။ ဧပြီလလောက်ဝန်းကျင်ဖြစ်ပါတယ်။ ”

PSLF/TNLA ထုတ်ပြန်ချက်မှာတော့ နောက်တကြိမ်တွေ့ဆုံဖို့အတွက် တရုတ်အစိုးရရဲ့ အထူးကိုယ်စားလှယ်တိန့်ရှီကျွင်းက ဦးဆောင်ဆွေးနွေးခဲ့ကြောင်း ဖော်ပြထားပါတယ်။

ဒီတွေ့ဆုံပွဲမှာ PSLF/TNLA ဘက်က သူတို့ သိမ်းယူထားတဲ့ မြို့ ၁၂ မြို့ကို ပလောင်ပြည်နယ်အတွင်းမှာ ထည့်သွင်းဖို့ တောင်းဆိုကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ PSLF/TNLA ရဲ့ ပြောရေးဆိုခွင့် ရှိသူကတော့ ဒီတွေ့ဆုံပွဲမှာ နိုင်ငံရေးအရတောင်းဆိုတာမျိုးမရှိခဲ့ကြောင်းနဲ့ စစ်ရေးဆိုင်ရာ အချက်တွေကို အဓိက တောင်းဆိုခဲ့တယ်လို့လည်း အခုလို ဆက်ပြောပါတယ်။

“ဒီတွေ့ဆုံဆွေးနွေးမှုမှာ ကျမတို့က နိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့မှ ပြောဆိုတာမျိုးတွေတော့ မရှိသေးဘူးပေါ့နော်။ ကျမတို့ဘက်က တင်ပြတာက နံပါတ် ၁ အချက်က လက်ရှိ နှစ်ဘက်တပ် ပေါ့နော်။ ရောက်တဲ့နေရာမှာ တိုက်ပွဲတွေချက်ချင်းရပ်ဖို့ အပစ်ရပ်ဖို့။ နံပါတ် ၂ အချက်ကျတော့ လေကြောင်း တိုက်ခိုက်တာတို့၊ လက်နက်ကြီးတွေ ပစ်ခတ်တာမျိုးတို့ ၊ ဒရုန်းနဲ့ တိုက်ခိုက်တာမျိုးတွေ ရပ်တန့်ပေးဖို့နဲ့ နံပါတ် ၃ အချက်ကတော့ နှစ်ဘက် ထိန်းချုပ်တဲ့နယ်မြေတွေက အရပ်သား ပြည်သူလူထုတွေရဲ့ စားဝတ်နေရေး၊ ပြီးတော့ ဆေးတင်သွင်းမှုတွေပေါ့နော်။ ဒါတွေကို လွတ်လပ်စွာ သယ်ယူတင်ပို့နိုင်ဖို့ ကျမတို့ တင်ပြတောင်းဆိုတာ ဖြစ်ပါတယ်။ ”

PSLF/TNLA ပြောခွင့်ရသူက စစ်ကောင်စီဘက်က တောင်းဆိုတဲ့အချက်တွေကိုတော့ ထုတ်ဖော် ပြောဆိုတာမရှိခဲ့သလို စစ်ကောင်စီဘက်ကလည်း ဒီဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး သတင်းထုတ်ပြန်တာ မရှိပါဘူး။

ကူမင်းမြို့မှာ ကျင်းပတဲ့နှစ်ရက်ကြာဆွေးနွေးပွဲကို စစ်ကောင်စီဘက်က ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးက ဦးဆောင်ခဲ့ပြီး PSLF/TNLA ဘက်ကတော့ ဒုဗိုလ်ချုပ်ကြီး တားဂျုတ်ဂျား ဦးဆောင်တက်ရောက်ခဲ့ပါတယ်။

စစ်ကောင်စီနဲ့ ဆွေးနွေးပွဲမမီ ဒီလ ၁၅ ရက်နေ့ညက နောင်ချိုမြို့နယ်အတွင်းမှာ စစ်ကောင်စီက လေကြောင်းက ဗုံးအလုံး ၄၀ ခန့် ကြဲချခဲ့သလို လက်နက်ကြီးနဲ့ အလုံး ၁၄၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားပါတယ်။ ဒေသခံတွင်း သတင်းတွေကို ဖော်ပြနေတဲ့ ရွှေဖီမြေ သတင်းဌာနကတော့ ဒီလ ၁၈ ရက်နေ့က စတင်ပြီး နောင်ချိုမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ပြန်လည် ပြင်းထန်လာနေကြောင်း ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG