သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၈ ငြိမ်းချမ်းရေးနိုဘဲလ်ဆု ဘယ်သူရနိုင်သလဲ


၂၀၁၈ ခုနှစ်၊ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် အမည်စာရင်း တင်သွင်းခံထားရသူတွေထဲမှာ ဂျာမန်ဝန်ကြီးချုပ်၊ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂ မဟာမင်းကြီးနဲ့ ထင်ရှားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေတဦးတို့လည်း ပါနိုင်ခြေရှိတယ် ဆိုတဲ့ ခန့်မှန်းချက်တွေ ထွက်ထားပါတယ်။ ဒီသုံးဦးရဲ့ ကိုယ်ရေးနောက်ခံအကျဉ်းနဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆု နောက်ခံသမိုင်းတချို့ အပါအဝင် နိုဘဲလ်ဆုဆိုင်ရာ အကြောင်းအရာတွေကို ကိုကျော်ကျော်သိန်းက စုစည်းတင်ပြထားပါတယ်။

ကမ္ဘာမှာ အထင်ရှားဆုံးနဲ့ ဂုဏ်သိက္ခာကြီးမြင့်လှတဲ့ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင်အဖြစ် ဘယ်သူတွေကို အမည်စာရင်း တင်သွင်းထားတယ်ဆိုတာ နော်ဝေး နိုဘဲလ်ကော်မတီက တရားဝင် ထုတ်ပြန်ကြေညာလေ့မရှိပါဘူး။ ဒါပေမဲ့ နှစ်စဉ် ဒီလိုအချိန် ရောက်ပြီဆိုရင်တော့ ခန့်မှန်းချက်တွေ ထွက်လာလေ့ရှိပြီး ဒီနှစ်အတွက် လက်ရှိအချိန်ထိ ခန့်မှန်းထားတဲ့ထဲမှာ ဂျာမန်ဝန်ကြီးချုပ် Angela Merkel၊ UNHCR မဟာမင်းကြီး Filipo Grandi နဲ့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ Amal Clooney တို့ပါဝင်နေတာပါ။

ဂျာမန်ဝန်ကြီးချုပ်အဖြစ် ၂၀၀၅ ခုနှစ်ကတည်းကစလို့ သက်တမ်းလေးကြိမ်ဆက်တိုက် ရွေးကောက်တင်မြှောက်ခံထားရသူ ဝန်ကြီးချုပ်မာကဲလ်ဟာ ရွှေ့ပြောင်းဝင်ရောက်သူ တသန်းကျော်ကို ၂၀၁၅ ခုနှစ်မှာ လက်ခံလိုက်တာကြောင့် ကမ္ဘာတဝန်း လေးစားအသိအမှတ်ပြု ခံထားရတာပါ။ အဲဒီအချိန်က ဝန်ကြီးချုပ်မာကဲလ် ပြောသွားဖူးတဲ့ထဲမှာ -

“ပွင့်ပွင့်လင်းလင်း ပြောရရင်တော့ အရေးပေါ်အခြေအနေတခုမှာ အကူအညီပေးဖို့ ဆင်ခြေပေးနေမယ်ဆိုရင် ဒါဟာ ကျမရဲ့နိုင်ငံ မဟုတ်ပါဘူး။”

ဝန်ကြီးချုပ်မာကဲလ်ဟာ တချိန်က အနောက်ဂျာမနီ၊ ဟမ်းဘာ့ဂ်မြို့မှာ ၁၉၅၄ ခုနှစ်က မွေးဖွားသူဖြစ်ပေမဲ့ ငယ်စဉ်ဘဝကတည်း က အရှေ့ဂျာမနီကိုရောက်သွားပြီး အဲဒီမှာပဲ ကြီးပြင်းခဲ့သူပါ။ ရူပဗေဒဘာသာရပ်နဲ့ Ph. D. ဒေါက်တာဘွဲ့ရထားသူဖြစ်ပြီး ဂျာမနီ နိုင်ငံရဲ့ ပထမဆုံးအမျိုးသမီးဝန်ကြီးချုပ်ဖြစ်သလို အရင် ကွန်မြူနစ်အရှေ့ဂျာမနီမှာ နေထိုင်ကြီးပြင်းခဲ့သူတွေထဲက ဝန်ကြီးချုပ် ပထမဆုံးဖြစ်လာသူပါ။

အသက် ၆၁ နှစ်အရွယ် အီတလီနိုင်ငံသား Filippo Grandi ကတော့ ၂၀၁၆ ခုနှစ်မှာ ဒုက္ခသည်ဆိုင်ရာ ကုလသမဂ္ဂမဟာမင်းကြီး အဖြစ် ရွေးချယ်ခန့်အပ်ခံရပြီး ဒုက္ခသည်အရေးနဲ့ လူသားစာနာမှုဆိုင်ရာ နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းတွေမှာ နှစ်ပေါင်း ၃၀ ကျော် လုပ်ကိုင်လာသူပါ။ ကမ္ဘာတဝန်းက ဒုက္ခသည်တွေရဲ့အခြေအနေ တိုးတက်ကောင်းမွန်စေဖို့ အထူးကြိုးပမ်း ဆောင်ရွက်သူအဖြစ် ထင်ရှားပါတယ်။

၂၀၁၇ နှစ်ကုန်ပိုင်းမှာ ဆိုမာလီယာနိုင်ငံက စာသင်ကျောင်းတခုကို သွားတဲ့အချိန် မစ္စတာ Grandi က အခုလို ပြောသွားဖူးပါ တယ်။

“ဒီ ယောက်ျားလေး၊ မိန်းခလေးတွေဟာ ဒုက္ခသည်စခန်းထဲမှာ ကြီးပြင်းခဲ့ကြရသူတွေပါ။ လွန်ခဲ့တဲ့မိနစ်အနည်းငယ်အတွင်းက ကျနော် သူတို့ကိုပြောသလိုပါပဲ၊ သူတို့ဟာ ဒုက္ခသည်တွေ မဟုတ်တော့ပါဘူး။ UNHCR အတွက် ပိုကောင်းတဲ့ ရလဒ်ကတော့ ဒုက္ခသည်အဖြစ်ကနေ သူတို့နိုင်ငံကို ပြန်သွားနိုင်ကြတဲ့ လူငယ်တွေကို တွေ့ရတာပါပဲ။”

မစ္စတာ Grandi ဦးဆောင်နေတဲ့ UNHCR အဖွဲ့ဟာလည်း ဒီနှစ်နိုဘဲလ်ငြိမ်းချမ်းရေးဆုအတွက် အမည်တင်သွင်းခံထားရနိုင်ခြေ ရှိတဲ့ အဖွဲ့အစည်းတွေထဲမှာ ပါဝင်ပါတယ်။

လူပုဂ္ဂိုလ်တဦးချင်း ပါနိုင်ခြေရှိသူတွေထဲ နောက်ထပ်ခန့်မှန်းထားကြတာကတော့ နိုင်ငံတကာ လူ့အခွင့်အရေးရှေ့နေ Amal Clooney ပါ။ အသက် ၄၀ အရွယ်၊ လက်ဘနွန်နွယ်ဖွား၊ ဗြိတိန်နိုင်ငံသူ Amal Clooney ဟာ နာမည်ကျော် အမေရိကန်မင်းသား George Clooney ရဲ့ဇနီးဖြစ်ပြီး နိုင်ငံတကာမှာထင်ရှားတဲ့ လူ့အခွင့်အရေးဆိုင်ရာ အမှုအခင်းအများအပြားကို အောင်အောင် မြင်မြင် ကိုင်တွယ်ဆောင်ရွက်ထားတာကြောင့် ထင်ရှားလာသူဖြစ်ပါတယ်။ လက်ရှိမှာကတော့ ထောင်ဒဏ် ခုနစ်နှစ်စီ ချမှတ်ခံ ထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ရဲ့အမှုမှာလည်း ဥပဒေအကြံပေးတဦးအဖြစ် ပါဝင်နေသူဖြစ်ပါ တယ်။

စက်တင်ဘာလ ၂၈ ရက်နေ့ကလုပ်တဲ့ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ ဆွေးနွေးပွဲတခုအတွင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် နိုဘဲလ်ငြိမ်းချမ်းရေးဆုကို လက်ခံရယူချိန်တုန်းကပြောတဲ့ မိန့်ခွန်းကို ပြန်ကိုးကားပြီး Amal Clooney ကပြောသွားပါတယ်။

“ကျမဟာ တချိန်က နိုင်ငံရေးအကျဉ်းသားတဦး ဖြစ်တဲ့အတွက် အခု ဒီနေရာမှာရောက်နေတာပါလို့ သူကပြောပါတယ်။ နိုင်ငံရေး အကျဉ်းသား တယောက်ရှိတယ်ဆိုရင်တောင် များလွန်းလှပါပြီလို့လည်း ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေ ဘယ်နေရာမှာ ပဲ ရှိနေပါစေ ကူညီကြဖို့လည်း နှိုးဆော်သွားပါတယ်။ ဒီစကားတွေဟာ အခု ကျမတို့ သူ့ကိုပြောရမယ့်စကားတွေ ဖြစ်ပါတယ်။ သူ့အနေနဲ့ ဒီအမှုနဲ့ပတ်သက်ပြီး မှန်ကန်တဲ့လုပ်ရပ်ကို လုပ်မယ်လို့ မျှော်လင့်တဲ့အကြောင်းပါ။ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ သူများကရိုက်သွင်းလိုက်တဲ့ အတွေးအခေါ်မဟုတ်ဘဲ သူကိုယ်တိုင်ခံယူခဲ့တဲ့ ကိုယ်ပိုင်အယူအဆတွေ ဖြစ်တာကြောင့်ပါ။”

နိုဘဲလ်ငြိမ်းချမ်းရေးဆုကို စပြီးချီးမြှင့်တဲ့ ၁၉၀၁ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အထိဆိုရင် အမျိုးသား ၈၄၄ ဦး၊ အမျိုးသမီး ၄၈ ဦးနဲ့ အဖွဲ့ အစည်း ၂၇ ခု ဆုချီးမြှင့်ခံထားရပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကတော့ နေအိမ်အကျယ်ချုပ်ကျနေချိန် ၁၉၉၁ ခုနှစ်က ချီးမြှင့်ခံရတာပါ။

ဒီနှစ်အတွက် အမည်စာရင်းတင်သွားထားတာ လူပုဂ္ဂိုလ် ၂၁၆ ယောက်နဲ့ အဖွဲ့အစည်း ၁၁၅ ခု၊ စုစုပေါင်းအရေအတွက် ၃၃၁ ရှိတာကြောင့် သမိုင်းတလျှောက် ဒုတိယအများဆုံးအရေအတွက်ပါ။ ပထမအများဆုံးကတော့ ၂၀၁၆ ခုနှစ်ကဖြစ်ပြီး အရေအတွက် ၃၇၆ ရှိခဲ့ပါတယ်။

နှစ်စဉ် ချီးမြှင့်နေကျ စာပေဆိုင်ရာ နိုဘဲလ်ဆုကိုတော့ ဒီနှစ်ချီးမြှင့်မှာမဟုတ်ပါဘူး။ အကြောင်းကတော့ ဒီဆုကို ရွေးချယ်ချီးမြှင့်တဲ့ ဆွီဒင်အကယ်ဒမီရဲ့ ရာသက်ပန်အဖွဲ့ဝင် ၁၈ ဦးထဲကတဦးဖြစ်သူ ပြင်သစ်နိုင်ငံသား ထင်ရှားတဲ့ ယဉ်ကျေးမှုရေးရာ ပုဂ္ဂိုလ်တဦး ဖြစ်သူ Jean-Claude Arnault ဟာ လိင်ပိုင်းမတော်မတရားလုပ်မှုတွေနဲ့ အမှုရင်ဆိုင်နေရတာကြောင့်ဖြစ်ပါတယ်။ နောက်နှစ်မှာမှ စာပေနိုဘဲလ်ဆုကို နှစ်နှစ်စာ ပေါင်းချီးမြှင့်မယ်လို့ ဆွီဒင်အကယ်ဒီမီက ပြောထားပေမဲ့လည်း မသေချာလှပါဘူး။

ဒီသီတင်းတပတ်လုံးမှာ နိုဘဲလ်ဆုရှင်တွေကို ထုတ်ပြန်ကြေညာဖို့ရှိပြီး တနင်္လာနေ့မှာ ဆေးပညာဆု၊ အင်္ဂါနေ့မှာ ရူပဗေဒဆုနဲ့ ဗုဒ္ဓဟူးနေ့မှာ ဓာတုဗေဒဆုတို့ကို ဆွီဒင် သိပ္ပံအကယ်ဒမီက ကြေညာပါမယ်။ ငြိမ်းချမ်းရေးဆုကိုတော့ သောကြာနေ့မှာ နော်ဝေး နိုဘဲလ်ကော်မတီက ကြေညာမှာဖြစ်ပြီး စီးပွားရေးဆုကိုတော့ အောက်တိုဘာလ ၈ ရက်နေ့မှာ ဆွီဒင်ဗဟိုဘဏ်က ကြေညာမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG