သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက်ကြွလှုပ်ရှားသူ နိုင်/ကျဉ်းဟောင်း မနိုဘယ်အေး ဖမ်းဆီးခံရ


နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ကြိမ်ထောင်ကျခဲ့ဖူးပြီး ယခုတကြိမ် ထပ်မံဖမ်းဆီးခံရသူ မနိုဘယ်အေး (ဓာတ်ပုံ facebook)
နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ကြိမ်ထောင်ကျခဲ့ဖူးပြီး ယခုတကြိမ် ထပ်မံဖမ်းဆီးခံရသူ မနိုဘယ်အေး (ဓာတ်ပုံ facebook)

နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်အေးကို ဇန်နဝါရီ ၂၉ ရက်၊ ည ၁၁ နာရီမှာ ပဲခူးတိုင်း၊ ဝေါ မြို့နယ်အတွင်းမှာ စစ်လက်နက်ပစ္စည်းတွေနဲ့ဖမ်းမိတယ်လို့ လူမှုကွန်ယက်မီဒီယာတခုဖြစ်တဲ့ တယ်လီဂရမ်မှာ ဖော်ပြထားတာ တွေ့ရပါတယ်။ ကင်ဆာရောဂါခံစားနေရတဲ့မနိုဘယ်အေးအတွက် မိသားစုကစိုးရိမ်နေပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက်မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

နိုင်ငံရေးလှုပ်ရှားမှုကြောင့် နှစ်ကြိမ်ထောင်ကျခဲ့ဖူးသူ နိုင်ငံရေးအကျဉ်းသူဟောင်း နိုင်ငံရေးတက်ကြွလှုပ်ရှားသူမနိုဘယ်အေးဟာ ဇန်နဝါရီ ၂၉ ရက်၊ ည ၁၁ နာရီမှာ ပဲခူးတိုင်း၊ ဝေါ မြို့နယ်အတွင်းမှာ စစ်လက်နက်ပစည်းတွေနဲ့အတူ ဖမ်းမိကြောင်း တယ်လီဂရမ်လူမှုကွန်ယက် စာမျက်နှာတခုမှာ တင်ထားပါတယ်။ သူမကို အခုအခါမှာ စစ်ကောင်စီဘက်က ဆက်လက်စစ်ဆေးနေပြီး ကျန်းမာရေးမကောင်းတဲ့အတွက် စိုးရိမ်မိတယ်လို့ မနိုဘယ်အေးရဲ့မောင် ကိုထက်မြက်က အခုလိုပြောပါတယ်။

"ရန်သူဘက်က မီဒီယာ တယ်လီဂရမ်ကနေ တင်တယ်လို့ ကျနော်တို့သိထားရတယ်။ ဒီလိုပစ္စည်းတွေ ဘာတွေနဲ့ဖမ်းမိတယ်ဆိုတော့ ရန်သူဘက်က စစ်ဆေးရေးလုပ်တဲ့အခါ ရိုက်နှက် တာနဲ့ ကျန်းမာရေးနဲ့၊ သူ့ကျန်းမာရေးက မကောင်းတော့ အရမ်းစိုးရိမ်တယ်ပေါ့နော်။ သူက ၂၀၂၁ ခုနစ်ကစပြီး ပြည်တွင်းထဲမှာပဲလှုပ်ရှားနေတယ်ဆိုတာကိုကျနော်တို့သိထားပါတယ်။"

မြန်မာပြည်ထဲမှာ အခုလိုဖမ်းမိရင် နှိပ်စက်ညှဥ်းပန်းတာတွေရှိတဲ့အတွက် ကင်ဆာရောဂါနဲ့ဆေးကုသဖို့စောင့်နေတုန်းမှာပဲ အဖမ်းခံရတာကြောင့် သူမရဲ့အသက်အန္တရယ်အတွက် စိုးရိမ်မိတယ်လို့လည်း ဆက်ပြောပြပါတယ်။"

"ဒီမိုကရေစီလိုလားသူတွေက သူတို့အနေနဲ့အပြစ်ရှိတယ်ဆိုပြီး ရိုက်နှက်သတ်ဖြတ်တာ၊ တချို့ဆိုရင် ညှင်းပမ်းနှိပ်စက်ရင်းနဲ့သေသွားတာတွေ၊ တချို့ ဆန္ဒပြနေရင်းတောင် ရိုက်သတ်တာ၊ လူမြင်ကွင်းမှာ ရိုက်တာတွေရှိတော့ ကျနော့်အမကိုလည်း ရိုက်နှက်စစ်ဆေးတာ၊ ရိုက်နှက်ရင်း အသက်ပါသွားတာမျိုးဖြစ်မှာကို ကျနော်တို့က အရမ်းစိုးရိမ်ပါတယ်။"

မနိုဘယ်အေးဟာ ၉၆ မျိုးဆက်ကျောင်းသူတဦးဖြစ်ပြီး ၁၉၉၆ မှာတကြိမ်၊ ၂၀၀၇ မှာ တကြိမ် ဖမ်းဆီးထောင်ချခံခဲ့ရသူတဦးဖြစ်ပါတယ်။ သူမဟာ ကိုဗစ်ကပ်ဘေးကာလမှာလည်း ပရဟိတလုပ်ငန်းတွေလုပ်ကိုင်ခဲ့သူတဦးဖြစ်ပြီး အခု ၂၀၂၁ စစ်အာဏာသိမ်းလိုက်ပြီးတဲ့နောက် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားသူတဦးဖြစ်ပါတယ်။

စစ်တပ်က အာဏာသိမ်းတဲ့ သုံးနှစ်နီးပါကာလအတွင်းမှာ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ ပြည်သူတွေ (၄,၄၆၈) ဦး သေဆုံးခဲ့ပြီးဖြစ်သလို အဖမ်းဆီးခံရသူ ၂၅,၉၂၆ ဦးရှိပြီလို့ နိုင်ငံရေးအကျဉ်းသားကူညီစောင့်ရှောက်ရေးအသင်း AAPP ကလည်းသတင်းထုတ်ပြန်ထားပါတယ်ရှင်။

XS
SM
MD
LG