သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားခေါင်းဆောင် တရုတ်နိုင်ငံ ရောက်ရှိ


မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တရုတ်သမ္မတ Xi Jinping
မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တရုတ်သမ္မတ Xi Jinping

မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ဟာတရုတ်သမ္မတ Xi Jinping နဲ့ ၄ ရက်ကြာဆွေးနွေးဖို့ တရုတ်နိုင်ငံမှာ ရောက်ရှိနေပါတယ်။ Kim Jong Un နဲ့ဇနီးသည် Ri Sol Ju အပြင် ထိပ်တန်းအရာရှိတချို့ပါလာတဲ့ အထူးရထားဟာ ဒီကနေ့ အင်္ဂါနေ့မနက်က ဘေဂျင်းမြို့တော်ကို ဆိုက်ရောက်လာခဲ့ပါတယ်။

တရုတ်သမ္မတ Xi ရဲ့ဖိတ်ကြားမှုကြောင့် ဘေဂျင်းမြို့တော်ကို ခေါင်းဆောင် Kim Jong Un ထွက်ခွာသွားတယ်လို့ မြောက်ကိုရီးယားအစိုးရပိုင် KCNA သတင်းဌာနက ကြေညာခဲ့ပါတယ်။ သံတမန်ရေးအရရော စီးပွားရေးအရပါ မြောက်ကိုရီးယားရဲ့ အဓိကမဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကို Kim Jong Un သွားရောက်တာ ၁ နှစ်မပြည့်ခင် စုစုပေါင်း ၄ ကြိမ်ရှိပါပြီ။

မြောက်ကိုရီးယားခေါင်းဆောင်နဲ့ အမေရိကန်သမ္မတ Donald Trump တို့ ဒုတိယအကြိမ်တေ့ွဆုံကြဖို့ကိစ္စ တရုတ်နဲ့ တိုင်ပင်ညှိုနှိုင်းတာဖြစ်မယ်ဆိုတဲ့ ခန့်မှန်းချက်တွေလည်း ထွက်ပေါ်နေပါတယ်။ ပြီးခဲ့တဲ့ June လတုန်းက သမ္မတ Trump နဲ့ Kim Jong Un တို့မြောက်ကိုရီးယားမှာ သမိုင်းဝင်တေ့ွဆုံခဲ့ကြပြီး မြောက်ကိုရီးယားအစိုးရက Nuclear လက်နက်အစီအစဉ်ကို စွန့်ပါမယ်ဆိုတဲ့ဝေဝါးဝါး သဘောတူညီချက်ကို လက်မှတ်ထိုး သဘောတူခဲ့ကြပါတယ်။ အဲဒီနောက်ပိုင်း ဆွေးနွေးညှိုနှိုင်းမှုတွေ ရပ်ဆိုင်းနေတာပါ။ အရေးယူဒဏ်ခတ်မှုတွေကို လျော့ပေါ့ပေးဖို့ မြောက်ကိုရီးယားဖက်က တောင်းဆိုနေသလို၊ လုံးဝ Nuclear ကင်းရှင်းသွားမှ လျော့ပေါ့မှု တစုံတရာလုပ်မယ်ဆိုတဲ့ Trump အစိုးရရဲ့ပြောကြားမှုကိုလည်း မြောက်ကိုရီးယားဖက်က ပယ်ချခဲ့ပါတယ်။

Trump နဲ့နောက်တကြိမ် မျက်နှာချင်းဆိုင်ထိုင်ဆွေးနွေးဖို့ လိုလားပေမဲ့ အမေရိကန်အစိုးရဖက်က အရေးယူမှုတွေလုပ်လာရင်တော့ နောက်ထပ်လမ်းကို ရွေးချယ်ရမှာဖြစ်တယ်လို့ နှစ်သစ်ကူးနှုတ်ဆက်မိန့်ခွန်းမှာ Kim Jong Un ကပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG