သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Pompeo နဲ့တွေ့ဆုံဖို့ မြောက်ကိုးရီးယား ထောက်လှန်းရေးအကြီးအကဲ နယူးရောက်ကိုထွက်ခွါ


မြောက်ကိုရီးယားအဆင့်မြင့်အရာရှိ Kim Yong Chol လေဆိပ်သို့ထွက်ခွာ
မြောက်ကိုရီးယားအဆင့်မြင့်အရာရှိ Kim Yong Chol လေဆိပ်သို့ထွက်ခွာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းနဲ့ အမေရိကန်သမ္မတဒေါ်နလ်ထရမ့်တို့ နောက်လထဲကျရင် စင်္ကာပူနိုင်ငံမှာ တွေ့မယ်၊ မတွေ့ဘူးဆိုတာ ရာနှုန်းပြည့်မသေချာသေးပေမဲ့လည်း တွေ့ဆုံနိုင်ရေးပြင်ဆင်မှုတွေက ၂နိုင်ငံအကြားဆက် ပြီးရှိနေတာကြောင့် ထိပ်သီးဆွေးနွေးပွဲဖြစ်ပေါ်ရေး မျှော်လင့်ချက်တွေရှိနေပါတယ်။ အခုသီတင်းပတ်ထဲမှာပဲ မြောက်ကိုရီး ယားက ဗိုလ်ချုပ်ကြီးတဦးနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီးတို့ နယူးယောက်မြို့မှာတွေ့ဆုံပြီး ထိပ်သီးဆွေးနွေးပွဲဆိုင်ရာ ကိစ္စတွေကို ပြောဆိုဆွေးနွေးဖို့ရှိနေပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့် မယ်။

မြောက်ကိုရီးယားနိုင်ငံကအဆင့်မြင့်အရာရှိတဦးဖြစ်တဲ့ Kim Yong Chol ဟာ မြောက်ကိုရီးယားလက်ရှိအာဏာရ အလုပ် သမားပါတီ ဗဟိုကော်မီတီရဲ့ ဒုဥက္ကဌလည်းဖြစ်သလို မြောက်ကိုရီးယားထောက်လှန်းရေးအဖွဲ့ရဲ့အကြီးအကဲဟောင်း တဦးလည်းဖြစ်ပါ တယ်။ အခုသူက မြောက်ကိုရီးယားကနေ တရုတ်နိုင်ငံမြို့တော်ပေကျင်းကိုထွက်ခွါခဲ့ပြီး ပေကျင်းကနေ တဆင့် တရုတ် လေကြောင်းလိုင်းနဲ့ နယူးယောက်မြို့ကို မနေ့ကပဲထွက်ခွါလာနေပါပြီ။ နယူးယောက်မြို့မှာ အမေရိကန် နိုင်ငံခြားရေးဝန် ကြီး မိုက်ပွန်ပီယိုနဲ့ Kim Yong Chol တို့တွေ့ဆုံဆွေးနွေးကြပါလိမ့်မယ်။ တချိန်ထဲမှာပဲ ခေါင်းဆောင် ကင်ဂျုံအွန်းရုံးက အရာရှိချုပ် Kim Chang Son ကလည်း စင်္ကာပူနိုင်ငံကို ထွက်သွားပါပြီ။ စင်္ကာပူမှာ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တို့ တွေ့ဆုံကြမယ့် ထိပ်သီးဆွေးနွေးပွဲအတွက် အကြိုပြင်ဆင်မှုတွေကို အမေရိကန်ဘက် ကလုပ်နေသလို မြောက်ကိုရီးယားဘက်ကလည်း ကြိုတင်ပြင်ဆင်နေတဲ့သဘောပါ။ သမ္မတအိမ်ဖြူတော်ရဲ့ လက် ထောက်အရာရှိချုပ် Joe Haginဦးဆောင်တဲ့အဖွဲ့က စင်္ကာပူမှာရောက်နေပါပြီ။ အစကစီစဉ်ထားသလို ဇွန်လ၁၂ရက် နေ့မှာ တကယ်ပဲ ထိပ်သီးဆွေးနွေပွဲ ဖြစ် မဖြစ်ဆိုတာကတော့ အခုထိအတိအကျမသိရသေးပါဘူး။ ဒါပေမဲ့ ပြင်ဆင်မှုတွေကတော့ အခုရက်ပိုင်းတွေမှာ အဆက်မပြတ် ရှိနေကြတာကတော့သေချာပါတယ်။ မဟာဗျူဟာလေ့လာရေးဆိုင်ရာ ဂျပန်အဖွဲ့ရဲ့ အကြီးတန်းသုတေသီတဦးဖြစ်တဲ့ Grant Newsham ကတော့ ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရေးမြောက်ကိုရီးယား ဘက်က အသေအခြာပြင်ဆင်နေတာ တွေက သူ့အတွက် အံ့သြစရာဖြစ်နေတယ်လို့ဆိုပါတယ်။

"တွေ့ဆုံဆွေးနွေးမှုဖြစ်ပေါ်လာရေး မြောက်ကိုရီးယားဘက်က ပထမဆုံးအကြိမ်ကြိုးပမ်းနေတာကို တွေ့ရပါတယ်။ အရင် တုန်းကဆိုရင် ဆွေးနွေးပွဲစားပွဲဝိုင်းကိုရောက်လာဖို့ အမေရိကန်နဲ့တောင်ကိုရီးယားတို့ကပဲ ချော့မော့ပြီးကြိုးပမ်းခဲ့ကြရတာ ပါ။ အခုတော့ သမ္မတထရမ့်ဆွေးနွေးပွဲကိုရောက်လာဖို့ မြောက်ကိုရီးယားဘက်က အပူတပြင်းလုပ်နေတာက အရင် အခြေနေတွေနဲ့မတူတဲ့အချက်ပါပဲ။ ဒါကထူးခြားတဲ့တိုးတက်မှုတခုလည်းဖြစ်ပါတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး ဆယ်စုနှစ်နဲ့ချီ ကျနော်လေ့လာနေခဲ့တာ အခုတခါပဲ မြောက်ကိုရီးယားဘက်က ဆွေးနွေးပွဲဖြစ်အောင် အပူတပြင်းလုပ်နေ တာကိုတွေ့ဖူးပါတယ်။"

နယူးယောက်မြို့ကိုလာနေတဲ့ မြောက်ကိုရီးယားထိပ်တန်းအရာရှိ Kim Yong Cholဟာ ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့လူယုံတော်တဦး၊ အကြံပေးတဦးဖြစ်ယုံတင်မက ကင်ဂျုံအွန်းအလိုရှိတာမှန်သမျှဖြစ်အောင်လုပ်ပေးတဲ့သူလည်းဖြစ်ပါတယ်။ အခုနယူး ယောက်မှာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံကြမယ့်ကိစ္စဟာလည်း ခေါင်းဆောင်ကင်ဂျုံအွန်းကိုယ်စား အဖြစ် လာခဲ့တာပါ။

မြောက်ကိုရီးယားရဲ့ကြေညာချက်ထဲမှာ ဒေါသတကြီးနဲ့ရန်လိုမှုတွေကိုတွေ့ရတာကြောင့် စင်္ကာပူမှာတွေ့ဆုံရေးအစီအစဉ် ကို ဖျက်သိမ်းတယ်လို့ သမ္မတထရမ့်ကပြီးခဲ့တဲ့အပတ်က မြောက်ကိုရီးယားခေါင်းဆောင်ကင်ဂျုံအွန်းဆီ အိတ်ဖွင့်ပေးစာ ပို့ခဲ့ပြီးနောက်ပိုင်း ၂နိုင်ငံအကြားညှိနှိုင်းမှုတွေနဲ့ထိပ်သီးဆွေးနွေးပွဲဖြစ်မြောက်ရေးပြင်ဆင်မှုတွေ အဆက်မပြတ်ရှိလာခဲ့ပါ တယ်။ အခုနယူးယောက်ကို Kim Yong Chol လာပြီး ဆွေးနွေးမယ့်ကိစ္စဖြစ်လာတာနဲ့ပတ်သက်လို့ ဒါဟာ သူ့ရဲ့စာကို အခိုင်အမာတုန့်ပြန်လိုက်တာပဲဖြစ်ပြီး ဒီ့အတွက်ကျေးဇူးတင်တယ်လို့လည်း သမ္မတထရမ့်က သူ့ရဲ့တွစ်တာလူမှုကွန်ယက်မှာ မနေ့ကရေးသားဖေါ်ပြပါတယ်။ စင်္ကာပူထိပ်သီးဆွေးနွေးပွဲနဲ့ပတ်သက်တဲ့ပြင်ဆင်မှုတွေကို အမေရိကန်ဘက်က တက်တက်ကြွကြွနဲ့ဆက်ပြီးဆောင်ရွက်နေတယ်လို့လည်း သမ္မတအိမ်ဖြူတော်ပြောခွင့်ရပုဂ္ဂိုလ် Sarah Sanders က မနေ့ကပဲပြောထားပါတယ်။ တောင်နဲ့မြောက်ကိုရီးယား၂နိုင်ငံနယ်စပ်က စစ်မဲ့ဇုံမှာလည်း အမေရိကန်ဘက်က ကိုယ်စားလှယ်အဖွဲ့နဲ့မြောက်ကိုရီးယားကိုယ်စားလှယ်အဖွဲ့တို့ဒီတပတ်ထဲမှာပဲတွေ့ဆုံကြဦးမှာပါ။

အခုလို တွေ့ဆုံဆွေးနွေးရေးနဲ့ပတ်သက်ပြီး မြောက်ကိုရီးယား ရဲ့အမူ အယာတွေသိသိသာသာ ပြောင်းလဲ လာတာဟာ သမ္မတထရမ့်ရဲ့ စစ်ရေးအစီအစဉ်ကြောင့်ဖြစ်လိမ့်မယ်လို့ သု တေသီ Grant Newsham ကသုံးသတ်ပါတယ်။

"မြောက်ကိုရီးယားအရေးဆွေးနွေးမှုမှာ စစ်ရေးကိစ္စကိုပါ လမ်းကြောင်းတခုအဖြစ်ထည့်သွင်း စဉ်းစားတာ အခုသမ္မတ လက်ထက်မှာ ပထမဆုံးအကြိမ်ပါ။ အရင်သမ္မတဟောင်းတွေ အထူးသဖြင့် ဘားရက်အိုဘားမား တုန်းကဆိုရင် စစ်ရေး လမ်းကြောင်းကို ဘယ်တော့မှအသုံးပြုမှာမဟုတ်ဘူးလို့ပြောခဲ့တာပါ။ သမ္မတထရမ့်ကတော့ စစ်အင်အားကို အသုံးပြု ကောင်းပြုမယ်ဆိုတဲ့ ချိန်းခြောက်မှုလုပ်ခဲ့တဲ့အပြင် အရင်ကနဲ့မတူတဲ့ ဖိအားတွေလည်း ပေးခဲ့ပါတယ်။ တရုတ်နိုင်ငံကိုပါ စီးပွါးရေးအရဖိအားတွေပေးလာခဲ့တာပါ။ ဒါတွေကြောင့် မြောက်ကိုရီးယားက ဆွေးနွေပွဲကိုဖြစ်စေချင်နေတာလို့ထင်ပါ တယ်။"

စင်္ကာပူထိပ်သီးဆွေးနွေးပွဲမတိုင်ခင် ဇွန်လ၇ရက်နေ့မှာ သမ္မတထရမ့်နဲ့ ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘဲတို့ အိမ်ဖြူတော်မှာ တွေ့ဆုံကြမယ်လို့လည်းကြေညာထားပါတယ်။ မြောက်ကိုရီးယားရဲ့ ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေဟာ ဂျပန်နိုင်ငံအနီးမှာ တကြိမ်မက ကျခဲ့ပြီး နျူကလီးယားဖျက်သိမ်းရေးအစီအစဉ်ကို ဂျပန်ဘက်ကလည်း အပြင်းအထန်လိုလားနေတာပါ။ တောင် ကိုရီးယားသမ္မတ မွန်ဂျေးအင်ကလည်း ဇွန်လအတွင်းမှာ စင်္ကာပူကိုသွားနိုင်တယ်လို့ တောင်ကိုရီးယားအစိုးရအရာရှိတဦး က တနင်္လာနေ့တုန်းကပြောထားပါတယ်။ အခြေအနေကြည့်ရတာ စင်္ကာပူကထိပ်သီးဆွေးနွေးပွဲဟာ မြောက်ကိုရီးယား၊ အမေရိကန်နဲ့ တောင်ကိုရီးယား သုံးပွင့်ဆိုင်ထိပ်သီးဆွေးနွေးပွဲဖြစ်လာမယ့်ပုံပဲလို့လည်း တောင်ကိုရီးယားအရာရှိကပြော ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG