သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယား ဒုံးလက်နက်ပစ်လွှတ်မှုအပေါ် Trump တုံ့ပြန်


မြောက်ကိုရီးယားနိုင်ငံက သူ့အပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေနဲ့ ကမ္ဘာက ဝိုင်းဝန်း ပြစ်တင် ရှုတ်ချမှုတွေကို ဆန့်ကျင်ပြီး တိုက်ချင်းပစ် ဒုံးကျည်တစင်းကို အင်္ဂါနေ့က ပစ်လွှတ်လိုက်အပြီးမှာ ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းသွားမယ်လို့ အမေရိကန် သမ္မတ Donald Trump က ပြောကြားလိုက်ပါတယ်။

ဒီကိစ္စကို ကိုင်တွယ် ဖြေရှင်းသွားမှာဖြစ်ကြောင်းနဲ့ မြောက်ကိုရီးယားရဲ့ အခုလို ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုကို အလေးအနက်ထား ကိုင်တွယ် ဆောင်ရွက်နေကြောင်း သမ္မတ Trump က အိမ်ဖြူတော်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

ဒီကိစ္စကို ဘယ်လို ကိုင်တွယ် ဖြေရှင်းမယ်ဆိုတဲ့ အသေးစိတ်ကိုတော့ သမ္မတ Trump က ထုတ်ဖော် ပြောဆိုခဲ့ခြင်း မရှိပါဘူး။ ဒါပေမယ့် မြောက်ကိုရီးယားအပေါ် အမေရိကန်ရဲ့ ချဉ်းကပ် ဆောင်ရွက်ပုံကတော့ ပြောင်းလဲခြင်း မရှိဘူးလို့ ဆိုပါတယ်။

အမေရိကန် ကာကွယ်ရေးဝန်ကြီး Jim Mattis ကတော့ ဒီ တိုက်ချင်းပစ် ဒုံးကျည်ဟာ အရင်က မြောက်ကိုရီးယားက စမ်းသပ် ပစ်လွှတ်ခဲ့တဲ့ ဒုံးကျည်တွေထက် ပိုဝေးပြီး ပိုမြင့်ဒေသကို ရောက်ခဲ့တယ်လို့ ပြောပါတယ်။ ဒါဟာ ကမ္ဘာ့ နေရာ ဒေသမရွေးကို ခြိမ်းချောက်နိုင်တဲ့ ဒုံးကျည်ကို တည်ဆောက်နိုင်ရေးအတွက် မြောက်ကိုရီးယားက ကြိုးစား လုပ်ဆောင်နေခြင်းဖြစ်ကြောင်း၊ မြောက်ကိုရီးယားဟာ ကမ္ဘာ့ ငြိမ်းချမ်းရေးအတွက် အန္တရာယ်ရှိကြောင်းလည်း ဝန်ကြီး Mattis က ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Rex Tillerson ကတော့ - မြောက်ကိုရီးယားက အခုလို တိုက်ချင်းပစ် ဒုံးကျည် စမ်းသပ် ပစ်လွှတ်ခဲ့မှုဟာ အိမ်နီးချင်းနိုင်ငံတွေသာ မကဘဲ ဒေသတွင်းနဲ့ ကမ္ဘာလုံးဆိုင်ရာ တည်ငြိမ်မှုကို အထိန်းအကွပ်မရှိ ငြိမ်းခြောက်ရာ ရောက်ကြောင်း၊ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက် တည်ဆောက်ရေးနဲ့ အဲဒီလက်နက်ကို အသုံးပြုနိုင်ရေးဆိုင်ရာ မဆုပ်မနစ် ကြိုးပမ်းမှုတွေကို ပြောင်းပြန် ဖြစ်သွားအောင် လုပ်ဆောင်ဖို့ လိုအပ်ကြောင်း အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်လိုက်ပါတယ်။

ဝါရှင်တန် စံတော်ချိန် ညနေ ၁ နာရီ ၁၇ မိနစ်ခန့်က မြောက်ကိုရီးယား ဒုံးလက်နက် စတင်းကို ပစ်လွတ်လိုက်တဲ့အကြောင်း အမေရိကန် ကာကွယ်ရေးဌာနက စုံစမ်း သိရှိခဲ့ရပြီး ကနဦး ခန့်မှန်းချက်အရ ဒီဒုံးလက်နက်ဟာ ICBM ခေါ် တိုက်ချင်းပစ် ဒုံးလက်နက် ဖြစ်တဲ့အကြောင်း

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူးကြီး Robert Manning က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အဲဒီ ဒုံးကျည်ဟာ ဂျပန် ပင်လယ်ပြင်အတွင်း ပျက်မကျခင် ကီလိုမီတာ ၁,၀၀၀ လောက် ပျံသန်းခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG