မြောက်ကိုရီးယားဘက်က ဒီကနေ့ ဒုံးကျည် စမ်းသပ်မှုတခု ထပ်လုပ်ခဲ့ပြီး နောက်မှာတော့ အမေရိကန် သမ္မတ Donald Trump က နည်းလမ်းပေါင်းစုံ အဆင်သင့် ရှိတယ်လို့ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယားက အိမ်နီးချင်း နိုင်ငံတွေ၊ ကုလသမဂ္ဂ အဖွဲ့ဝင်တွေ အားလုံးနဲ့ လက်ခံနိုင်ဖွယ် နိုင်ငံတကာ ကျင့်ထုံးတွေရဲ့ အနိမ့်ဆုံး အဆင့်ကိုတောင် အမှုမထားတဲ့ အကြောင်း အချက်ပြလိုက်တာ ဖြစ်တယ်လို့အမေရိကန် သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ကြေညာချက်မှာ သမ္မတ Trump က ပြောဆိုထားပါတယ်။
ခြိမ်းခြောက်တာတွေ၊ တည်ငြိမ်မှု ပျက်ပြားစေတဲ့ လုပ်ရပ်တွေက မြောက်ကိုရီးယားကို ဒေသတွင်းကရော ကမ္ဘာ့ နိုင်ငံတွေကြားမှာပါ ပိုပြီး အထီးကျန် ဘေးရောက်သွားစေရုံသာ ဖြစ်စမယ်။ နည်းလမ်းပေါင်းစုံ အဆင့်သင့် ရှိနေတယ်လို့ လည်း အိမ်ဖြူတော် ကြေညာချက်မှာ ဖော်ပြပါတယ်။ ဒီနေ့ အစောပိုင်း မြောက်ကိုရီးယားဘက်က စမ်းသပ်တဲ့ ဒုံးကျည်က ဂျပန်နိုင်ငံပေါ်ကနေ ဖြတ်သွားတာပါ။
ဒီကနေ့ ဒုံးကျည် စမ်းသပ်မှု နောက်ပိုင်းမှာတော့ အမေရိကန် သမ္မတနဲ့ ဂျပန် ၀န်ကြီးချုပ် Shinzo Abe တို့ တယ်လီဖုန်းဆက် ဆွေးနွေးခဲ့ကြပြီး မြောက်ကိုရီးယားရဲ့ ဒုံးကျည် စမ်းသပ်မှုက နှစ်နိုင်ငံ စလုံးအပေါ် တိုက်ရိုက် ခြိမ်းခြောက်မှု ဖြစ်တယ်ဆိုတာကိုလည်း သဘောတူခဲ့ကြပါတယ်။ဒုံးကျည်ကို စမ်းသပ်ပစ်လွှတ်ပြီး ၁၀ မိနစ်လောက် အတွင်းမှာ ဂျပန် နိုင်ငံပေါ်ကနေ ဖြတ်သွားခဲ့ပြီးနောက် အပိုင်းသုံးပိုင်းကွဲထွက်သွားပြီး ဂျပန် နိုင်ငံရဲ့ အဓိက ကျွန်းတခု ဖြစ်တဲ့ ဟော့ကိုင်းဒိုးရဲ့ အရှေ့ဘက် ပစိဖိတ် သမုဒ္ဒရာထဲကို ကျရောက်သွားတာလို့ ဂျပန် အစိုးရက ပြောပါတယ်။