မြောက်ကိုရီးယားနိုင်ငံက နျူကလီးယားလက်နက် နောက်ဆုံးအကြိမ်စမ်းသပ်ပစ်လွှတ်ခဲ့ပြီးတဲ့နောက် ၉ ရက်အကြာမှာ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက - မြောက်ကိုရီးယားဘက်က အဏုမြူနဲ့ ဒုံးကျည်လက်နက်တွေ တိုးပွားမယ့် စီမံကိန်းတွေကို ရပ်တန့်မယ်ဆိုရင် ဆွေးနွေးပွဲတွေကို ပြန်စလိုတဲ့စိတ်ဆန္ဒ ဆက်ရှိနေတုန်းပါပဲ-လို့ တနင်္ဂနွေနေ့က ပြောခဲ့ပါတယ်။
မြောက်ကိုရီးယားဘက်ကသာ ရန်လိုတဲ့အပြုအမှုတွေ နောက်ထပ်မလုပ်တော့ရင် အနာဂတ်အတွက် လေးနက်တဲ့ညှိနှိုင်းဆွေးနွေးမှု ဖြစ်လာနိုင်ပါတယ် - လို့ ဂျပန်နဲ့ တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးတွေကို ပြောခဲ့တာပါ။
ဝန်ကြီးကယ်ရီက Kim Jong Un ဟာ အဆင်ခြင်မဲ့တဲ့ ရွေးချယ်မှုတွေကို လုပ်ခဲ့ကြောင်း မှတ်ချက်ပေးခဲ့တဲ့ မြောက်ကိုရီးယားရဲ့ ငါးကြိမ် မြောက် မြေအောက် နျူကလီယားစမ်းသပ်မှုနဲ့ အရှိန်တိုးလာတဲ့ ပုံမှန် ဒုံးကျည်ပစ်လွှတ်မှုတွေအပြီးမှာ တနင်္ဂနွေနေ့က ၃ နိုင်ငံ ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပါတယ်။
ကိုရီးယားကျွန်းဆွယ်မှာ နျူကလီယားလက်နက်တွေ ဖယ်ရှားရေး တောင်နဲ့မြောက် ကိုရီးယားနှစ်နိုင်ငံနဲ့အတူ၊ တရုတ်၊ ဂျပန်၊ ရုရှားနဲ့ အမေရိကန်ပြည်ထောင်စု တို့ပါဝင်တဲ့ နိုင်ငံစုံအဖွဲ့ကို ၂၀၀၃ ခုနှစ်မှာ စတင်ထူထောင်ခဲ့ပေမယ့် - ၂၀၀၈ ခုနှစ်၊ ဒီဇင်ဘာကစပြီး အတည်ပြုရေး ကိစ္စတွေနဲ့ပတ်သက်ပြီး သဘောတူညီချက်မရဘဲ ဆွေးနွေးပွဲတွေ ရပ်တန့်ခဲ့တာဖြစ်ပါတယ်။
တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Yun Byung-se ကတော့ သူ့နိုင်ငံရဲ့ အဓိကပြိုင်ဘက်ဖြစ်တဲ့ မြောက်ကိုရီးယားက ကုလလုံခြုံရေး ကောင်စီရဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပြောင်ပြောင်တင်းတင်း ဖီဆန်နေတဲ့ အဖြေအနေကြောင့် ညှိနှိုင်းဆွေးနွေးရေး တွေကို စဉ်းစားမယ့်ပုံမရပါဘူး။
ဝန်ကြီး Yun က ညီညွတ်ပြီး ခိုင်မာမဲ့သတင်းစကားပေးဖို့နဲ့ - အခုအခါမှာ နျူကလီယားလက်နက်တွေ ဖြန့်ချမှု နောက်ဆုံးအဆင့်ရောက်နေတဲ့ မြောက်ကိုရီးယားအပေါ်မှာ တင်းကြပ်ထိရောက်တဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေကို ပိုပြီးချမှတ်ပြဌာန်းဖို့ လက်ရှိ ကုလသမဂ္ဂ အထွေထွေညီလာခံကို တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။