တောင်-မြောက် ကိုရီးယားခေါင်းဆောင် ၂ ယောက်ကြား ရရှိခဲ့တဲ့ သဘောတူညီချက် အရ အမေရိကန် ပြည်ထောင်စုဘက်ကလည်း လိုက်လျောညီထွေ ဆောင်ရွက်လာမယ်ဆိုရင် အဓိက နျူကလီးယားစက်ရုံဖြစ်တဲ့ Yongbyon ကို ဖျက်သိမ်းမယ့်အကြောင်း မြောက်ကိုရီးယားက ပြောဆိုလိုက်ပါတယ်။
၃ ရက်ကြာ ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ တောင်ကိုရီးယားသမ္မတ Moon Jae-in တို့ ဒီနေ့တွေ့ဆုံအပြီးမှာပဲ ၂ နိုင်ငံကြား သဘောတူညီချက်ကို ကြေညာလိုက်တာပါ။
မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်မှာတော့ Yongbyon နျူကလီးယားစက်ရုံ ပိတ်ပစ်ဖို့အပြင်၊ နိုင်ငံတကာကျွမ်းကျင်သူတွေ အနီးကပ် စောင့်ကြည့်နေတဲ့ မစ်ဇိုင်းအင်ဂျင် စမ်းသပ်မှုတွေနဲ့ ပစ်စင်တွေကို အပြီးတိုင် ဖျက်သိမ်းဖို့လည်း ပါဝင်ပါတယ်။ ကိုရီးယားကျွန်းဆွယ်ကို နျူကလီးယား လက်နက်တွေနဲ့ ခြိမ်းခြောက်မှုတွေ ကင်းစင်ပြီး ငြိမ်းချမ်းတဲ့ နယ်မြေဖြစ်လာစေဖို့ သဘောတူခဲ့ကြတာ ဖြစ်ကြောင်းလည်း မြောက်ကိုရီးယား ခေါင်းဆောင်က တောင်ကိုရီးယား သမ္မတနဲ့အတူ သဘောတူညီချက်ကို ပူးတွဲကြေညာရာမှာ သတင်းထောက်တွေကို ပြောဆိုခဲ့တာပါ။
၂၀၃၂ ခုနှစ် နွေရာသီ အိုလံပစ် အားကစားပွဲတော်ကို ပူးတွဲကျင်းပနိုင်ရေး ကြိုးပမ်းမယ့် အစီအစဉ်အပါအဝင် ကိုရီးယား ၂ နိုင်ငံကြား သဘောတူညီချက် ရရှိခဲ့တဲ့ အပေါ်မှာတော့ တကယ့်ကို စိတ်လှုပ်ရှားစရာတခုအဖြစ် အမေရိကန်သမ္မတ Donald Trump ကလည်း Twitter လူမှုကွန်ယက်ကနေ ဒီနေ့ပဲ ချီးကျုးပြောဆိုလိုက်ပါတယ်။
မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ ပဲ့ထိန်းတပ်မစ်ဇိုင်းဒုံး အစီအစဉ်တွေ အဆုံးသတ်ရေး အမေရိကန်သမ္မတနဲ့ မြောက်ကိုရီးယားခေါင်းဆောင်တို့ရဲ့ စင်္ကာပူနိုင်ငံက ဇွန်လထဲ သမိုင်းဝင် ထိပ်သီးဆွေးနွေးပွဲမှာ သဘောတူထားခဲ့ပေမဲ့ တိုးတက်မှုနှေးကွေးနေတဲ့ အခြေအနေတွေကို ကျော်လွှားနိုင်ဖို့ ရည်ရွယ်ပြီး တောင်ကိုရီးယားသမ္မတ မြောက်ကိုရီးယားကိုသွားရောက် တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
တိုးတက်မှုမရှိတဲ့ အခြေအနေတွေကြောင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ပြီးခဲ့တဲ့လထဲ မြောက်ကိုရီးယားကို သွားမယ့် အစီအစဉ်ကိုလည်း သမ္မတ Trump က ဖျက်ခဲ့တာပါ။ ၁၉၅၀ ပြည့်နှစ်ကနေ ၁၉၅၃ ခုနှစ်အထိ ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအပြီး တောင်-မြောက် ကိုရီးယား ၂ နိုင်ငံအဖြစ် ကွဲကွာခဲ့ချိန်ကစလို့ ပထမဆုံးအကြိမ်အဖြစ် မြောက်ကိုရီးယားခေါင်းဆောင် ဒီနှစ်ထဲမှာပဲ တောင်ကိုရီးယားကို သွားရောက်မှာ ဖြစ်ကြောင်းလည်း ကိုရီးယား ၂ နိုင်ငံ ခေါင်းဆောင်တွေ ကြေညာထားပါတယ်။