သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နျူကင်းစင်ရေး ကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေအားထုတ်ဖို့ တောင်ကိုရီးယားသမ္မတတိုက်တွန်း


တောင်ကိုရီးယားသမ္မတ Moon Jae-in က အမေရိကန်ပြည်ထောင်စုနဲ့ မြောက်ကိုရီးယားနိုင်ငံတွေအနေနဲ့ ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းစင်ရေး အောင်မြင်အောင် ဆောင်ရွက်နိုင်ဖို့အတွက် ခိုင်မာတဲ့ သန္နိဋ္ဌာန်ချထားဖို့ တိုက်တွန်းလိုက်ပါတယ်။

ဒီကနေ့ကျင်းပတဲ့ တောင်ကိုရီးယားအစိုးရအဖွဲ့ ဆွေးနွေးပွဲအတွင်း သမ္မတ Moon က မြောက်ကိုရီးယားအနေနဲ့ နျူးကလီးယားလက်နက် အစီအစဉ်စွန့်လွှတ်ရေး အမေရိကန်အနေနဲ့ ဦးဆောင်တိုက်တွန်းစေလိုကြောင်း ပြောလိုက်တာပါ။

အမေရိကန်သမ္မတ Donald Trump စီ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဆွေးနွေးဖို့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က စာရေးသားပေးပို့ခဲ့ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်က မနေ့က ပြောဆိုအပြီး ဒီကနေ့မှာ တောင်ကိုရီးယားသမ္မတက အခုလို တိုက်တွန်းလိုက်တာပါ။

ဒီကနေ့မှာပဲ မြောက်ကိုရီးယားဆိုင်ရာ အမေရိကန် အထူးကိုယ်စားလှယ် Stephen Biegun ဟာလည်း တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Kyung-hwa ၊ နျူကလီးယားဖျက်သိမ်းရေးဆိုင်ရာ အထူးကိုယ်စားလှယ် Lee Do-hoon တို့နဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်မှာ တွေ့ဆုံပြီး ကိုရီးယားကျွန်းဆွယ်မှာ နျူးကလီးယားကင်းစင်ရေး ဆောင်ရွက်နိုင်ဖို့ နည်းလမ်းတွေ ရှာဖွေနေပါတယ်။

ရှေ့ဆက်လုပ်ဆောင်ရမှာက ခက်ခဲပေမယ့် သမ္မတ ထရမ့်၊ သမ္မတ မွန်းနဲ့ ဥက္ကဌ ကင်မ်တို့ရဲ့ အမျှော်အမြင်ရှိရှိဆောင်ရွက်မှုတွေကြောင့် အောင်မြင်အောင် ဆောင်ရွက်ဖို့ အခွင့်အလမ်းကောင်းတွေ ရှိနေကြောင်းလည်း Biegun က ပြောပါတယ်။ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားစမ်းသပ်တဲ့ နေရာတချို့နဲ့ မစ်ဇိုင်း အင်ဂျင်စမ်းသပ်ရာနေရာကို ဖျက်ဆီးပစ်ခဲ့ပေမယ့်လည်း လွန်ခဲ့တဲ့ဇွန်လက စင်္ကာပူမှာကျင်းပတဲ့ အမေရိကန်နဲ့ ထိပ်သီးအစည်းအဝေးအတွင်း ရရှိထားတဲ့ သဘောတူညီချက်အတိုင်း လက်နက်ဖျက်သိမ်းရေး ခိုင်မာတဲ့ ခြေလှမ်းတွေစတင်ဖို့ လိုအပ်တယ်ဆိုပြီး အမေရိကန်ဘက်က ပြောဆိုထားတာပါ။

XS
SM
MD
LG