သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ကိုရီးယားကိုကိုင်တွယ်ဖို့ တနည်းသာရှိကြောင်း Trump ခံယူ


အမေရိ ကန်သမ္မတ Donald Trump
အမေရိ ကန်သမ္မတ Donald Trump

မြောက်ကိုရီးယားနဲ့ဆက်ဆံဖို့ အမေရိကန်ရဲ့နှစ်ပေါင်း၂၀ကျော်ကြိုးပမ်းမှုတွေဟာ အောင်မြင်မှုမရှိခဲ့ဘူးလို့ အမေရိကန်သမ္မတ Donald Trump က မနေ့ကပဲပြောလိုက်ပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းကတော့ ကျူးကျော်ရန်စမှုတွေကို ကာကွယ်ရေးမှာ နျူကလီးယားလက်နက် အစီအစဉ်က အဖိုးတန်လက်နက်တခုပဲလို့ ပြော နေပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် Victor Beattie သတင်းပေးပို့ထားတာကို ကိုကျော်အောင်လွင်က ဆက်ပြီးပြောပြပါလိမ့်မယ်။

၂၅နှစ်တာကာလအတွင်း ဒေါ်လာတွေဘီလီယံနဲ့ချီသုံးစွဲခဲ့ပြီး မြောက်ကိုရီးယားနဲ့ဆက်ဆံနိုင်ဖို့အမေရိကန်ဘက်က ကြိုး ပမ်းမှုတွေက ဘာမှလည်းဖြစ်မလာဘူး၊ ဒီလိုလုပ်ခဲ့တဲ့နည်းတွေက မအောင်မြင်တဲ့နည်းတွေပဲလို့ သမ္မတဒေါ်နလ်ထရမ့် က တွစ်တာလူမှုကွန်ယက်ကနေ သူ့သဘောထားကို ရေးသားဖေါ်ပြခဲ့တာပါ။

"ပြီးခဲ့တဲ့အမေရိကန်သမ္မတ တွေ က မြောက်ကိုရီးယားခေါင်းဆောင်တွေနဲ့ပြောဆိုမှုတွေလုပ်ခဲ့ပြီး သဘောတူညီမှုတွေရအောင် ငွေတွေအမြောက် အများ သုံးစွဲခဲ့ရတယ်။ ပြီးတော့အလုပ်လည်းမဖြစ်ဘူး။ သဘောတူညီမှုတွေက မှင်မခြောက်ခင်မှာပဲ ချိုးဖေါက်ခံခဲ့ရတယ်။ အမေရိကန်စေ့စပ်ညှိနှိုင်းရေးသမားတွေ အရူးလုပ်ခံခဲ့ရတယ်။ ဆောရီးပါပဲ။ အလုပ်ဖြစ်နိုင်မယ့် လမ်းကြောင်းကတော့ တခုထဲပဲရှိ တယ်"လို့ တွစ်တာကနေတဆင့် စနေနေ့တုန်းက သမ္မတထရမ့်ပြောခဲ့ပါတယ်။

သူဘာကိုဆိုလိုသလဲ ဆိုတာကတော့ အတိအကျမသိရပါဘူး။ ဒါပေမဲ့ကြည့်ရတာ စစ်ရေးနဲ့တုံ့ပြန်ဖို့ဆိုလိုတယ်လို့ယူဆရပါတယ်။ အမေရိကန် အစိုးရ အသုံးစရိတ် စီမံခန့်ခွဲမှု ညွှန်ကြားရေးမှုး Mick Mulvaney ကတော့ သမ္မတထရမ့်ရဲ့ဆိုလိုချက်က မြောက်ကိုရီး ယားနဲ့ပတ်သက်ပြီး စစ်ရေးအရလုပ်ဆောင်ဖို့ အဆင်သင့်ပဲလို့ဆိုလိုတာ ရှင်းနေတာပဲလို့ NBC သတင်းဌာနကို ပြောခဲ့ပါတယ်။

"သမ္မတက တွစ်တာကနေ ရှင်းရှင်းလင်းလင်းရေးနေတာတွေက လူတိုင်းသိပြီးသားပါ။ မြောက်ကိုရီးယားကို စစ်ရေးနဲ့ တုံ့ပြန်ဖို့က အဆင်သင့်ပြင်ထားပြီးသာဆိုတာ ဘယ်သူမဆိုသိနေတဲ့ကိစ္စပါ။"

တချိန်ထဲမှာပဲ မြောက်ကိုရီးယားအစိုးရပိုင်သတင်းဌာနကလည်း သူတို့ခေါင်းဆောင် ကင်ဂျုံအွန်းရဲ့ နျူကလီးယား အစီအစဉ်ဆိုင်ရာ သဘောထားတွေကိုဖေါ်ပြနေပါတယ်။ ကိုရီးယားကျွန်းဆွယ်နဲ့အာရှအရှေ့မြောက်ပိုင်းရဲ့ ငြိမ်းချမ်း ရေးနဲ့လုံခြုံမှုအတွက် နျူကလီးယားအစီအစဉ်ဟာ အစွမ်းထက်တဲ့အကာအကွယ်ပဲ၊ ကျူးကျော်ရန်စမှုတွေကို ခုခံနိုင်ရေးမှာ နျူကလီးယားလက်နက်အစီအစဉ်က အဖိုးတန်တဲ့ဓါးတလက်လို့ဆိုပါတယ်။

ဂျပန်နိုင်ငံတိုကျိုမြို့အခြေ စိုက် မဟာဗျူဟာလေ့လာရေးအဖွဲ့ရဲ့ အကြီးတန်းသုတေသီ Grant Newsham ကတော့ အမေရိကန်က မြောက်ကိုရီး ယားကိုအရေးယူပိတ်ဆို့မှုတွေ အပြည့်အ၀ မလုပ်ဆောင်သေးဘူးလို့ဆိုပါတယ်။

"တကယ့်အရေးယူပိတ်ဆို့မှုတွေကို ကျနော်တို့ မလုပ်ကြည့်ရသေးပါဘူး။ တချို့အရေးယူမှုတွေက တဝက်တပျက်ပဲ အောင်မြင်မှုတွေရှိခဲ့တာပါ။ သမ္မတထရမ့်လက်ထက်မှာတော့ မြောက်ကိုရီးယားကို ထဲထဲဝင်ဝင်အရေးယူမှုတွေလုပ် လာပါတယ်။ အမေရိကန်ရဲ့အရေးယူမှုတွေမှာ တခြားနိုင်ငံတွေကပါဝင်လာအောင်လည်းအခုလုပ်လာနေပါတယ်။ ဒါမျိုး က အရင်သမ္မတတွေမလုပ်ခဲ့တဲ့ အရေးယူမှုမျိုးတွေပါ။ သမ္မတထရမ့်လက်ထက်မှာ မြောက်ကိုရီးယားအရေး တရုတ်နိုင် ငံကိုပါဖိအားတွေပေးလာတာပါ။ ဒီလုပ်ရပ်တွေက ချက်ချင်းထိရောက်တာမျိုးမဟုတ်ပါဘူး။ အချိန်တော့ယူရပါလိမ့်မယ်။"

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သူ့ရဲ့ညီမ၂၈နှစ်အရွယ် Kim Yo-Jongကို ပေါလစ်ဗျူရို အလှည့်ကျ အဖွဲ့ဝင်အဖြစ်ရာထူးတိုးပေးခဲ့ပါတယ်။ ဒီလိုလုပ်တာဟာ သူ့ဘေးပတ်ဝန်းကျင်မှာ ယုံကြည်စိတ်ချရတဲ့သူတွေနဲ့ပဲ ဝိုင်းရံ ထားချင်တဲ့သဘောဖြစ်တယ်၊ကင်ဂျုံအွန်းရဲ့အစိုးရဆက်ပြီးအုပ်ချုပ်ခွင့်ရအောင်စီစဉ်နေတာဖြစ်တယ်၊ နျူကလီးယား လက်နက်အစီအစဉ်ဟာလည်း သူ့ခေါင်းဆောင်မှုဆက်ပြီးခိုင်မာအောင်လုပ်နေတာပဲဖြစ်တယ်လို့ သုတေသီ Grant Newshamက ဗွီအိုအေကိုပြောပါတယ်။

ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov က မြောက်ကိုရီးယားနဲ့ပတ်သက်ပြီးတင်းမာမှုတွေတိုးမြင့်လာအောင် အမေရိကန်က လုပ်နေတယ်ဆိုပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Rex Tillersonကို မနေ့တုန်းက သတိပေးစကား ပြောခဲ့ပါတယ်။ မြောက်ကိုရီးယားနဲ့ပတ်သက်ပြီး အမေရိကန်ရဲ့စစ်ရေးပြင်ဆင်မှုတွေမြင့်တက်လာမယ်ဆိုရင် ဒါဟာ လက်မခံနိုင်တဲ့ကိစ္စပဲလို့လည်း ရုရှားဘက်ကပြောပါတယ်။ ရုရှားနဲ့အမေရိကန်နိုင်ငံခြားရေးဝန်ကြီး၂ဦး မနေ့က တယ်လီ ဖုန်းနဲ့ဆက်သွယ်ပြောဆိုမှုအတွင်း ရုရှားဘက်ကအခုလိုပြောဆိုခဲ့တာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG