သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိပ်သီးဆွေးနွေးပွဲ မတိုင်ခင် ကန်ကို မြောက်ကိုရီးယား သတိပေး


ငြိမ်းချမ်းရေးလုပ်ဖို့ ကမ်းလှမ်းတာကို အားနည်းတဲ့လက္ခဏာတခုအဖြစ် မှားယွင်း သတ်မှတ်တာမျိုး မလုပ်ဖို့ မြောက်ကိုရီးယားက အမေရိကန်ကို သတိပေးလိုက်ပါတယ်။ သမ္မတ Donald Trump နဲ့ Kim Jong Un တို့ ထိပ်သီးအစည်းအဝေးလုပ်ဖို့ ရှိနေချိန် မှာပဲ အခုလို သတိပေးလိုက်တာပါ။

“ကိုရီးယားကျွန်းဆွယ်က အခြေအနေဟာ ငြိမ်းချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးဆီ ဦးတည်နေချိန်မှာပဲ အမေရိကန်ဟာ DPRK ကို ရည်ရွယ်ချက်ရှိရှိ ရန်စနေတယ်” လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးဌာန ပြောခွင့်ရတဦးက နိုင်ငံပိုင်သတင်းဌာနကို တနင်္ဂနွေနေ့မှာပြောပါတယ်။ DPRK ဆိုတာကတော့ မြောက်ကိုရီးယားရဲ့ တရားဝင် နိုင်ငံအမည် ကိုရီးယား ပြည်သူ့ ဒီမိုကရက်တစ် သမ္မတနိုင်ငံရဲ့ အတိုကောက်ပါ။

သမ္မတထရမ့်ပ်ရဲ့ အမြင့်မားဆုံး နိုင်ငံရေးဖိအားပေးမှုနဲ့ ဒဏ်ခတ် အရေးယူမှုတို့ကြောင့် စေ့စပ်ရေးစားပွဲကို မြောက်ကိုရီးယားတို့ ရောက်လာတာဖြစ်တယ်လို့ အမေရိကန်ဘက်က ပြောနေတာကို မြောက်ကိုရီးယားနိုင်ငံခြားရေးဌာန တာဝန်ရှိသူက ရည်ညွှန်း ပြောဆိုတာပါ။

ဒီလကုန် ဒါမှမဟုတ် ဇွန်လဆန်းပိုင်းမှာ လုပ်ဖို့ရှိတဲ့ အမေရိကန်-မြောက်ကိုရီးယား ထိပ်သီးအစည်းအဝေးမတိုင်ခင် သီတင်းပတ် အနည်းငယ်အလို၊ တောင် မြောက် ကိုရီးယား ခေါင်းဆောင်နှစ်ယောက်ရဲ့ သမိုင်းဝင် ထိပ်သီးအစည်းအဝေးအပြီး တလတောင် မရှိတဲ့အချိန်မှာပဲ မြောက်ကိုရီးယားဘက်က အခုလို ဝေဖန်ပြောဆိုချက် ထွက်လာတာပါ။

ကိုရီးယားနှစ်နိုင်ငံခေါင်းဆောင်တွေ တွေ့ဆုံကြချိန်က ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားကင်းမဲ့ရေး ဦးတည်လုပ်ဆောင်ဖို့ Kim Jong Un က ကတိပြုခဲ့သလို တောင်ကိုရီးယားအချိန်နဲ့ ကိုက်ညီအောင် မြောက်ကိုရီးယားအချိန်ကို နာရီဝက် ရှေ့တိုးမယ် လို့လည်း ကတိပေးခဲ့ပါတယ်။ အဲဒီကတိအတိုင်း စနေနေ့ကပဲ မြောက်ကိုရီးယားစံတော်ချိန်ကို ပြောင်းခဲ့ပြီးပါပြီ။

ဒါပေမဲ့လည်း ဒေသတွင်းမှာ အမေရိကန်က စစ်ဘက်ဆိုင်ရာ လူသူလက်နက်အင်အား ရွှေ့ပြောင်းမှုတွေ လုပ်နေတာနဲ့ လူ့အခွင့် အရေးချိုးဖောက်မှုတွေအကြောင်း ပြောတာတွေဟာလည်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ထိခိုက်စေတယ်လို့ မြောက်ကိုရီးယား နိုင်ငံခြားရေးပြောခွင့်ရ တနင်္ဂနွေနေ့ကပြောတဲ့ထဲမှာ ပါပါတယ်။

XS
SM
MD
LG