သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်စပ်ရေပြင်လှုပ်ရှားမှု မြောက်ကိုရီးယား သတိပေး


တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ မြောက်ကိုရီးယားစစ်သားများ။ (စက်တင်ဘာ ၂၅၊ ၂၀၂၀)
တောင်-မြောက် ကိုရီးယားနှစ်နိုင်ငံ နယ်စပ်မှာ စောင့်ကြပ်နေတဲ့ မြောက်ကိုရီးယားစစ်သားများ။ (စက်တင်ဘာ ၂၅၊ ၂၀၂၀)

(Zawgyi / Unicode)

မြောက်ကိုရီးယားဘက်က ပစ်ခတ်လိုက်လို့ သေဆုံးသွားတဲ့ တောင်ကိုရီးယား အရာရှိရဲ့ ရုပ်အလောင်းကို ပြန်ရှာဖွေပေးနေကြောင်းနဲ့ အဲဒီဧရိယာတဝိုက် တောင်ကိုရီးယားရေတပ်က ရှာဖွေမှုတွေ လုပ်ဆောင်နေတာကြောင့် နှစ်ဖက် တင်းမာမှုတွေ ဖြစ်လာနိုင်ကြောင်း မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။

တောင်ကိုရီးယား ငါးလုပ်ငန်းဌာန အရာရှိတယောက်ကို မြောက်ကိုရီးယား ရေပိုင်နက်ထဲမှာ အသေပစ်သတ်ခဲ့တဲ့အပေါ် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un က သောကြာနေ့က တောင်းပန်ကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

ဒီဖြစ်ရပ်အတွက် စုံစမ်းစစ်ဆေးပေးဖို့ကို တောင်ကိုရီးယားက တိုက်တွန်းခဲ့ပြီး ဒီစုံစမ်းစစ်ဆေးမှုမှာ နှစ်ဖက် ပူးပေါင်းလုပ်ဆောင်ဖို့ ပြောခဲ့တာပါ။

မြောက်ကိုရီးယား စစ်သားတွေက ဒီ တောင်ကိုရီးယား အရာရှိကို ရေပိုင်နက် နယ်စပ်အနီးမှာ ပစ်သတ်ပြီး ဓာတ်ဆီလောင်း မီးရှို့လိုက်တာဖြစ်တယ်လို့ တောင်ကိုရီးယားစစ်တပ်က စွပ်စွဲပြောဆိုခဲ့ပါတယ်။

မြောက်ကိုရီးယားက ဒီအရာရှိရဲ့ ရုပ်အလောင်းကို ပြန်ရှာတွေ့တာနဲ့ တောင်ကိုရီးယားဘက်ကို ပြန်လွှဲအပ်ပေးဖို့ နည်းလမ်းတွေ စဉ်းစားနေတယ်လို့ မြောက်ကိုရီးယား သတင်းဌာန KCNA က ဒီကနေ့ ပြောပါတယ်။

အခင်းဖြစ်ခဲ့တဲ့ နေရာတဝိုက် တောင်ကိုရီးယားရေတပ်ရဲ့ လှုပ်ရှားမှုတွေက မြောက်ကိုရီးယား ရေပိုင်နက်ထဲ ကျူးကျော်နေတဲ့အတွက် တင်းမာမှုတွေ ပိုများလာနိုင်တာကြောင့် ဒီလို ကျူးကျော်မှုတွေကို ချက်ချင်းရပ်တန့်ပေးဖို့လည်း မြောက်ကိုရီးယားဘက်က တိုက်တွန်းခဲ့တယ်လို့ KCNA သတင်းက ဖော်ပြပါတယ်။

မြောက်ကိုရီးယားဘက်က ဒီလိုပြောဆိုမှုတွေနဲ့ ပတ်သက်လို့ တောင်ကိုရီးယား အမျိုးသားကာကွယ်ရေး ဝန်ကြီးဌာန ပြောခွင့်ရက တစုံတရာ တုံ့ပြန်ပြောဆိုတာတော့ မရှိသေးပါဘူး။

မြောက်ကိုရီးယားက တားမြစ်နေတဲ့ကြားကပဲ တောင်ကိုရီးယားက ရေတပ်သင်္ဘော ၁၆ စင်း အပါအဝင် သင်္ဘော ၃၉ စင်း၊ လေယာဉ် ၆ စင်းနဲ့ သေဆုံးသူအရာရှိရဲ့ ရုပ်အလောင်းကို တနင်္ဂနွေနေ့အထိ ဆက်ရှာဖွေနေတယ်လို့ တောင်ကိုရီးယား Yonhap သတင်းဌာနက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

------------------------------

(Unicode)










XS
SM
MD
LG