သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလောင်ဒေသ တိုက်ပွဲပြင်းထန်ဆဲ


ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများ။ (သြဂုတ် ၂၅၊ ၂၀၁၉)
ရှမ်းပြည်နယ်အတွင်း တိုက်ပွဲများကြောင့် ထွက်ပြေးတိမ်းရှောင်ခဲ့ရသည့် ဒေသခံများ။ (သြဂုတ် ၂၅၊ ၂၀၁၉)

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဒီကနေ့ မနက်ပိုင်းမှာလည်း မြန်မာစစ်တပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/ တအာင်းတပ် TNLA တို့ကြား လက်နက်ကြီးနဲ့ရော ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ အပြင်းအထန် ဖြစ်ပွားနေလို့ ဒေသခံပြည်သူ ရာနဲ့ချီ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသခံတွေက ပြောပါတယ်။

TNLA အပါအဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ လာမယ့်သီတင်းပတ်ထဲ ကျိုင်းတုံမှာ ဒုတိယအကြိမ် ထပ်မံတွေ့ဆုံဖို့ ပြင်ဆင်နေချိန်မှာပဲ အခုလို ထိုးစစ်ဆင် တိုက်ခိုက်မှုတွေကြောင့် ရထားတဲ့ တည်ငြိမ်မှုအခြေအနေ ပိုဆိုးရွားလာစေနိုင်တယ်ဆိုပြီး ဒီကနေ့ရက်စွဲနဲ့ ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့က ထုတ်ပြန်ပါတယ်။ အခြေအနေအသေးစိတ်ကို ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန်က တင်ပြပေးထားပါတယ်။

ရှမ်းမြောက်အပါအဝင် စစ်တိုင်းဒေသကြီးငါးတိုင်းမှာ မြန်မာအစိုးရ စစ်တပ်ဘက်က စက်တင်ဘာလ ၂၁ ရက်နေ့အထိ တဖက်သတ် အပစ်ရပ်ဆိုင်းထားမယ့်အချိန် တိုင်းရင်းသား လက်နက်ကိုင်တပ် ညီနောင်မဟာမိတ်အဖွဲ့ဘက်ကလည်း အောက်တိုဘာ ၈ ရက်နေ့အထိ တလတာ တဖက်သတ် အပစ်ရပ်မယ်လို့ နှစ်ဖက် ကြေညာချက်ထုတ်ပြန်ပြီး တွေ့ဆုံဆွေးနွေးဖို့ ပြင်ဆင်နေချိန်မှာပဲ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ အပြင်းထန် ဖြစ်ပွားနေတာပါ။

ရှမ်းပြည်နယ်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ မနေ့ သောကြာနေ့ကစလို့ ဒီကနေ့ စနေနေ့အထိ မြန်မာစစ်တပ်နဲ့ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF/TNLA တို့ကြား လက်နက်ကြီးနဲ့ရော ရဟတ်ယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်မှုတွေ ဆက်တိုက် ပြင်းပြင်းထန်ထန် ဖြစ်ပွားနေလို့ ဒေသခံရာနဲ့ချီ တိမ်းရှောင်ထွက်ပြေးနေကြရတယ်လို့ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးဌာန အလုပ်အမှုဆောင်အဖွဲ့ဝင် မိုင်းသိန်းဇော်က ဗွီအိုအေမြန်မာပိုင်းကို ပြောပြပါတယ်။

“ဒီမနက်က တိုက်ပွဲ စဖြစ်တဲ့အခါကျတော့ နမ့်ဆန်မြို့နယ် ရမ်းကြီးကျေးရွာအုပ်စု ရမ်းကြီးဘုန်းကြီးကျောင်း လူမှုဖူလုံရေးအသင်းက သူတို့ကို သွားထုတ်တယ်။ အဲဒီအနားတဝိုက်မှာရှိတဲ့ လူထုတွေကတော့ အကုန်လုံး လိုက်လာခဲ့တယ်။ အခုက စစ်ရှောင်အဖွဲ့တွေက ၄၀၀ ဝန်းကျင်လောက် ရောက်သွားပြီ။ ဒီနေ့ဖြစ်တဲ့ တိုက်ပွဲအခြေအနေ အရကတော့ မနက်တုန်းက ပြန်တိုက်ခိုက်ကြတယ်။ ပြီးတော့လည်း နေ့လယ် ၂ နာရီခွဲက စစ်တပ်က လေယာဉ်နဲ့ နောက်ထပ် ပျံလာသေးတယ်ဗျ။”

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်းက ဒေသခံပြည်သူတွေကို ဘေးကင်းရာတွေကို တိမ်းရှောင်ကြဖို့နဲ့ သတိထားနေကြဖို့ကိုလည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ အာဏာပိုင်တွေဘက်က သတိပေး နှိုးဆော်နေကြပါတယ်လို့လည်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးမှူးက ပြောပါတယ်။

“ကျနော်တို့က လုံခြုံရေးပိုင်းမှာကျတော့ ဒေသခံပြည်သူတွေကို ဘာလုပ်ရသလဲဆိုရင် သူတို့ကိုလည်း အပြင်မထွက်ပေးဘူး။ ကိုယ့်အိမ်မှာကိုယ် လုံလုံခြုံခြုံ နေပေးဖို့။ နောက်ပြီးတော့ ရဟတ်ယာဉ်တွေ လာတဲ့အခါကျတော့ ကျနော်တို့က အနေအထား အခြေအနေတွေ ခန့်မှန်းကြည့်ပြီးမှ ကိုယ့်ဘာသာကိုယ် ထိန်းထိန်းသိမ်းသိမ်းရှိနိုင်ဖို့ လုပ်ထားတယ်။ ဒီဘက်မှာ လမ်းကြောင်းရှင်းရင်တော့ တောက်လျှောက် လက်နက်ကြီးတွေ ပစ်နေတဲ့အနေအထား ရှိပါတယ်ဗျ။”

မဆုမွန် - ဆရာ နောက်ပြီးတော့ လက်နက်ကြီးနဲ့လည်း ပစ်တယ်။ ပြီးခဲ့တုန်းကလည်း ရဟတ်ယာဉ်နဲ့ ထိုးစစ်ဆင်တဲ့ အနေအထားမျိုးတွေလည်း ရှိတဲ့အခါကျတော့ ဒေသခံတွေကို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ ဘာများ သတိပေးစကား ပြောထားတာမျိုး၊ ကြေညာချက်ထုတ်ထားတာမျိုးတွေ ရှိပါသလဲ၊ လတ်တလော အနေအထားအပေါ်မှာ။

“ကျနော်တို့ကတော့ လက်လှမ်းမီသလောက် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေက ဘာပြောသလဲဆိုရင် ဒီအချိန်မှာ တိုက်ပွဲက နည်းနည်းလေး ပြင်းပြင်းထန်ထန် ဖြစ်တဲ့အချိန်မှာ မိမိရဲ့ ကိုယ့်အိမ်ကိုယ် လုံလုံခြုံခြုံ နေပေးပါ။ လက်ဖက်ခြံတို့ တောင်ယာတို့ မသွားကြပါနဲ့။ အခန့်မသင့်ရင် လက်နက်ကြီးနဲ့ အပေါ်မှာ ရဟတ်ယာဉ်နဲ့ လက်နက်ပစ်ချတဲ့အချိန်မှာ ဖြစ်တတ်တဲ့ဟာလေးတွေ ရှိမှာစိုးတယ်။ တကယ်လို့များ မိမိအိမ်မှာ နေသော်ငြားလည်းပဲ နှစ်ဖက် လက်နက်ကိုင်အဖွဲ့က ပစ်ချတဲ့ လက်နက်ကြီးဖြစ်စေ၊ လက်နက်လေးဖြစ်စေ ထူးခြားဖြစ်စဉ်ကို သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေကို သတင်းပို့ပေးပါလို့ မေတ္တာရပ်ခံထားတာရှိတယ်။”

နှစ်ဖက် လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်မှုတွေကြောင့် တအာင်းဒေသ နမ့်ဆန် တောင်ရိုးဘုရားကုန်းပေါ်က သာသနိက အဆောက်အဦတွေပါ ပျက်စီးခဲ့ရသလို သံဃာတော်တွေ အပါအဝင် ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို ပြေးခဲ့ကြရတယ်လို့ ပလောင်ဒေသခံတွေက ပြောပါတယ်။

လတ်တလော ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်း လုံခြုံရေးအခြေအနေတွေနဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စောင့်ရှောက်ကူညီပေးနေတဲ့ အနေအထားကို ပလောင်အုပ်ချုပ်ခွင့်ရဒေသက စစ်ရှောင်ပြည်သူတွေကို သွားကူညီပေးနေတဲ့ နမ့်ဆန်မြို့ မြို့မဂိုဏ်းချုပ်ဆရာတော်ဘုရား ဦးစီးတဲ့ ဘုန်းတော်ကြီးကျောင်းက သံဃာတော်က မိန့်ပါတယ်။

“လောလောဆယ်ကတော့ တိုက်ပွဲက ဒီမနက်တုန်းကလည်း ဖြစ်တယ်။ နေ့လယ်ပိုင်းလည်းဖြစ်တယ်။ အခု လွန်ခဲ့တဲ့ ၁၅ မိနစ်ကျော်လည်း အသံတွေ ထပ်ပြီး ကြားနေရတယ်။ ကြားနေရတဲ့အခါကျတော့ လူတွေကတော့ ဖြစ်တဲ့နေရာ ဘုန်းကြီးတွေ သီလရှင်တွေကတော့ အကုန်လုံး ရမ်းကြီးဘုန်းကြီးကျောင်းမှာ ခနတဖြုတ် လာရောက်ပြီး တည်းခိုတာပေါ့၊ ဒီမနက်ပိုင်းမှာ။ ဦးဇင်းတော့ အခုလေးပဲ ကူညီပြီးတော့ ပြန်လာတာ။ အားလုံး စစ်ရှောင်တွေက ဦးရေ ၇၀၀ ကျော်တော့ ရမ်းကြီးဘုန်းကြီးကျောင်းမှာပဲ လောလောဆယ် ခနစစ်ရှောင်နေကြတာလေ။ ရွာမှာနေတာထက်စာရင်တော့ နည်းနည်း ပိုလုံခြုံတာပေါ့။

“စိုးရိမ်စရာရှိလားဆိုတာ အဲဒီ ဖြစ်တဲ့နေရာကတော့ စိုးရိမ်စရာ ရာနှုန်းပြည့်ရှိပါတယ်။ ဆန် ဆီ ဆားပေါ့နော် အကုန်လုံး ပရဟိတအသင်းတွေ ထောက်ပံ့တယ်။ လောလောဆယ် လူ ၇၀၀ ကျော် ၁၀၀၀ နီးပါးလောက်ရှိတဲ့ လူဦးရေကို ဒီတရက်နှစ်ရက်အတွင်းမှာတော့ အခက်အခဲမရှိဘူး။ ရက်ကြာရင်တော့ တမျိုးတမည် ဖြစ်နိုင်တာပေါ့။ အသံတွေက ကြားနေရတဲ့အခါကျတော့ သက်ကြီးသမားတွေ ရောဂါရှိတဲ့ပုဂ္ဂိုလ်၊ သွေးတိုးရှိတဲ့ပုဂ္ဂိုလ်၊ နှလုံးမကောင်းတဲ့ပုဂ္ဂိုလ်တွေကတော့ အင်မတန်မှ ကျန်းမာရေးအရ ဆိုးဆိုးဝါးဝါး ခံရလိမ့်မယ်လို့ ဦးဇင်းတို့ မြင်ရတယ်။”

တရုတ်နိုင်ငံရဲ့ ကြားဝင်စေ့စပ်ပေးမှုနဲ့ စက်တင်ဘာ ၁၆-၁၇ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ အစိုးရ ငြိမ်းချမ်းရေးကိုယ်စားလှယ်တွေ တွေ့ဆုံဖို့ ပြင်ဆင်ဆွေးနွေးနေဆဲကာလ အခုလို ရှမ်းမြောက် ပလောင်ဒေသ အပါအဝင် ရခိုင်၊ ကိုးကန့်၊ တအာင်း စတဲ့ တိုင်းရင်းဒေသတွေမှာ တိုက်ပွဲတွေ ဆက်တိုက်ပြင်းထန်လာနေတဲ့အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ ရထားတဲ့ တည်ငြိမ်မှုအခြေအနေတွေကို ထိခိုက်စေနိုင်ပြီး အခြေအနေတွေဟာ ပိုဆိုးရွားသွားနိုင်တယ်လို့ ပြည်သူလူထုနဲ့ သိသင့်သိထိုက်သူတွေကို အသိပေးကြောင်းလည်း ညီနောင်မဟာမိတ်အဖွဲ့ ၃ ဖွဲ့က ဒီကနေ့ စက်တင်ဘာလ ၁၄ ရက်နေ့ နေ့စွဲနဲ့ သဘောထားကြေညာချက် ထုတ်ပြန်ထားပါတယ်။

....................

[Unicode Version]
















ပလောင်ဒေသ တိုက်ပွဲပြင်းထန်ဆဲ
please wait

No media source currently available

0:00 0:05:39 0:00
တိုက်ရိုက် လင့်ခ်


XS
SM
MD
LG