သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Notre Dame ဘုရားကျောင်း ပြန်လည်ပြင်ဆင်ရေး အချိန်ကြာနိုင်


Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီးရဲ့ အတွင်းဘက်ကနေ တွေ့ရတဲ့ ပျက်စီးနေတဲ့ ခေါင်မိုးနဲ့ အပျက်အစီးများ (ဧပြီ၊ ၁၆၊ ၂၀၁၉)
Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီးရဲ့ အတွင်းဘက်ကနေ တွေ့ရတဲ့ ပျက်စီးနေတဲ့ ခေါင်မိုးနဲ့ အပျက်အစီးများ (ဧပြီ၊ ၁၆၊ ၂၀၁၉)

Catholic ဘာသာဝင်တို့ အထွဋ်အမြတ်ထားရာ ပြင်သစ်နိုင်ငံက Notre Dame Cathedral ဘုရားရှိခိုးကျောင်းကြီး မီးလောင်ပျက်စီးသွားတဲ့အတွက် သူ အင်မတန် စိတ်ထိခိုက်ရတယ်လို့ ပုပ်ရဟန်းမင်းကြီး Francis ကပြောကြားလိုက်ပါတယ်။ ပြင်သစ်လူမျိုးတွေ အမြတ်တနိုးထားကြတဲ့ Cathedral ဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း ပြန်လည်ပြင်ဆင်မယ်လို့ သမ္မတ Emmanuel Macron က အင်္ဂါနေ့က ကတိပြုပါတယ်။ မူလထက်ကို ပိုမို လှပအောင်ပြင်ဆင်မယ်လို့ သမ္မတ Macron ကပြောထားပေမဲ့ သမိုင်းဝင်အဆောက်အဦးကြီးကို ၅ နှစ်အတွင်း ပြင်ဆင်ဖို့ အခက်အခဲတွေ ရှိနိုင်တယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။ VOA သတင်းထောက် Zlatica Hoke ရဲ့ သတင်းကိုအခြေခံပြီး မစုမြတ်မွန်က ဆက်ပြီးတင်ပြပါမယ်။

နှစ်ပေါင်း ၈၀၀ ကျော် သက်တမ်းရှိတဲ့ ပါရီမြို့တော်က Notre Dame Cathedral ဘုရားကျောင်းကြီးဟာ ပြင်သစ်နိုင်ငံအတွက် သမိုင်းဝင်ဖြစ်ရုံတင်မက Catholic ဘာသာဝင်တွေအတွက်လည်း ဘာသာရေးအရ အင်မတန် တန်ဖိုးထားကြတဲ့ အဆောက်အဦးကြီး ဖြစ်ပါတယ်။ Cathedral ဘုရားရှိခိုကျောင်းကြီး တနင်္လာနေ့က မီးလောင်ပျက်စီးခဲ့တဲ့အတွက် သူ အင်မတန် စိတ်မကောင်းဖြစ်ရတယ်လို့ ပုပ်ရဟန်း Francis က ဒီကနေ့ပြောကြားလိုက်ပါတယ်။ မီးလောင်စဉ်အတွင်း ဘုရားရှိခိုးကျောင်းကြီး တခုလုံး ပျက်စီးမသွားအောင် သက်စွန့်ဆံဖျား ကာကွယ်ခဲ့ကြသူတွေ အားလုံးကို Catholic အသင်းတော်တခုလုံးက ကျေးဇူးတင်နေကြတယ်လို့လည်း Vatican က St. Peter’s ရင်ပြင်မှာ ဒီကနေ့ပြုလုပ်တဲ့ ဝတ်ပြုဆုတောင်းပွဲမှာ ပုပ်ရဟန်းမင်းကြီးက ပြောကြားခဲ့ပါတယ်။

"Notre Dame Cathedral ဘုရားကျောင်းကြီး မီးလောင်ခဲ့တဲ့အတွက် ပါရီက Catholic ဘာသာဝင်တွေ ပြင်သစ်ပြည်သူတွေ အားလုံးနဲ့ထပ်တူ ဝမ်းနည်းကြေကွဲရပါတယ်။ ဘုရားကျောင်းကြီးတခုလုံး မီးလောင်ပြာကျ မသွားအောင် ကာကွယ်ခဲ့သူအားလုံးကို ကျေးဇူးတင်ပါတယ်။ အသင်တို့ကို မယ်တော်မာယာ aကာင်းချီးပေးပါစေ။"

မီးလောင်ပျက်စီးသွားတဲ့ ဘုရားရှိခိုးကျောင်းကြီးကို ပြန်လည်ပြင်ဆင်ရေးလုပ်ငန်းတွေ ချောချောမွေ့မွေ့ဖြစ်စေဖို့လည်း ပုပ်ရဟန်းမင်းကြီးက ဆုတောင်းပေးခဲ့ပါတယ်။ ၁၁ ရာစုကစပြီး နှစ်ပေါင်း ၂၀၀ နီးပါးကြာအောင် တည်ဆောက်ခဲ့တဲ့ Notre Dame Cathedral ဘုရားကျောင်းကြီး တနင်္လာနေ့တုန်းက ၁၅ နာရီလောက်ကြာအောင် မီးလောင်ကျွမ်းခဲ့တာပါ။ ဒါပေမဲ့ မီးငြိမ်းသွားပြီးတဲ့နောက် ထွက်ပေါ်လာတဲ့ ပုံတွေကြောင့် တော်တော်များများ စိတ်သက်သာရာ ရခဲ့ပါတယ်။ ဝက်သစ်ချသားတွေနဲ့ ဆောက်ထားတဲ့ ခေါင်မိုးပိုင်းနဲ့ ခေါင်ချွန်းပျက်စီးသွားပေမဲ့ ကျောက်တုံးတွေနဲ့ တည်ဆောက်ထားတဲ့ ဘုရားကျောင်း ကိုယ်ထည်ပိုင်းကတော့ မပျက်မစီးကျန်နေပါတယ်။ မီးလောင်ပြီး ၁ ရက် အကြာမှာပဲ Notre Dame Cathedral ဘုရားကျောင်းကြီးကို ပြန်လည်ပြင်ဆင်ဖို့ အလှူငွေ ထည့်ဝင်မယ်လို့ ကတိပြုကြတာ ဒေါ်လာ သန်း ၈၀၀ ထက်မနည်းရှိပါတယ်။ ပြင်သစ်သမ္မတ Emmanuel Macron ကဘုရားကျောင်းကြီးကို ၅ နှစ်အတွင်း မူလထက် ပိုလှအောင် ပြင်ဆင် တည်ဆောက်မယ်လို့ ကတိပြုခဲ့ပါတယ်။

"Notre Dame Cathedral ဘုရားကျောင်းကြီးကို ပိုပြီးလှအောင် ပြန်လည် တည်ဆောက်သွားပါမယ်။ ၅ နှစ်အတွင်းမှာ ပြီးအောင်ပြင်ဆင်ချင်ပါတယ်။ ကျွန်တော်တို့လုပ်နိုင်မှာပါ။"

၁၃ ရာစု Gothic အနုပညာလက်ရာတွေ အပြည့်နဲ့ ဘုရားကျောင်းကြီးကို ပြန်လည် ပြင်ဆင်တည်ဆောက်ဖို့ ဆယ်စုနှစ်နဲ့ချီ ကြာနိုင်တယ်လို့ ကျွမ်းကျင်သူတွေကတော့ ပြောပါတယ်။ Strasbourg မြို့က ခေတ်လည်ခေတ် Gothic လက်ရာ Cathedral ဘုရားရှိခိုးကျောင်း မွမ်းမံရေးကို ဦးစီးလုပ်နေတဲ့ ကျွမ်းကျင်သူ Eric Fisher က ပြန်လည်တည်ဆောက်ရေး မလုပ်ခင် ပြင်ဆင်ဖို့တောင် အချိန်လိုတယ်လို့ ရှင်းပြပါတယ်။

"ကျနော်ကတော့ ဆယ်စုနှစ်ပိုင်းလောက်အထိ အချိန်ကြာမယ်လို့ ထင်ပါတယ်။ မပြင်ခင် ဘာတွေ ပျက်စီးသွားသလဲ၊ ဘာကို အရင်အတိုင်းထားပြီး ထိန်းသိမ်းသင့်သလဲဆိုတာ ကနဦးဆန်းစစ် သုံးသပ်တဲ့လုပ်ငန်းက သိပ်ကို အရေးကြီးပါတယ်။ ဒုတိယအဆင့်က ဘယ်လို ပြန်လည်မွန်းမံမလဲဆိုတဲ့ နည်းလမ်းတွေကို စဉ်းစားရပါတယ်။ ဒါတွေက ပြန်လည်တည်ဆောက်ရေးလုပ်ငန်းတွေ မစခင်လုပ်ရတဲ့ အဆင့်တွေပါ။"

သမိုင်းဝင် အဆောက်အဦးတွေကို ပြင်ဆင်တဲ့နေရာမှာ ကျွမ်းကျင် ပန်းရံတွေ၊ လက်သမားတွေ၊ ရောင်စုံမှန်ကူခွက်လုပ်သူတွေကို ရှာရတာကိုက စိန်ခေါ်မှုဖြစ်တယ်လို့ ဗြိတိန်ဗိသုကာ Francis Maude က ပြောပါတယ်။ ဗြိတိန်က Windsor နန်းတော်ကြီး 1992 ခုနှစ်က မီးလောင်ခဲ့ပြီးနောက် ပြင်ဆင်ခဲ့တဲ့ ဗိသုကာတယောက်လည်း ဖြစ်ပါတယ်။

"လောလောဆယ် ဥရောပတိုက်တခုလုံးမှာ သစ်သားတွေ၊ ကျောက်တုံးတွေ၊ မှန်တွေ၊ ခဲတွေကို လက်ရာမြောက်အောင် ကျွမ်းကျွန်းကျင်ကျင် လုပ်နိုင်သူတွေရှာနိုင်ဖို့က စိန်ခေါ်မှုဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါတင်မကပါဘူး အင်မတန်ကြီးမားတဲ့ ပစ္စည်းကြီးတွေကို ကိုင်တွယ်ပြင်ဆင်နိုင်မယ့် သူရှာဖို့လည်း အခက်အခဲရှိနိုင်ပါတယ်။"

ပြင်သစ်နိုင်ငံရဲ့သမိုင်းဝင် ပြင်သစ်လူမျိုးတွေ အမြတ်တနိုးထားတဲ့ Notre Dame Cathedral ဘုရားကျောင်းကြီးကို မူလပုံစံအတိုင်း ပြန်ဆောက်သင့်တယ်လို့ အလေးထားပြောနေကြသူတွေလည်းရှိပါတယ်။ ဒါပေမဲ့ ဘုရားရှိခိုးကျောင်းကြီးကို နောင် နှစ်ပေါင်း ၈၀၀ ခံနိုင်အောင်ဆိုရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ တုန်းက အသုံးပြုခဲ့တဲ့ ပစ္စည်းတွေ၊ နည်းပညာတွေအတိုင်း သုံးတာထက် ခေတ်နဲ့ညီတဲ့ နည်းနဲ့ ပစ္စည်းတွေကိုလည်း သုံးဖို့လိုတယ်လို့ ကျွမ်းကျင်သူတွေက ထောက်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG