သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မနိုဘယ်လ်အေး သေဆုံးမှု ဥပဒေမဲ့ သတ်ဖြတ်မှုအဖြစ် တက်ကြွလှုပ်ရှားသူတွေသတ်မှတ်


မနိုဘယ်လ်အေး သေဆုံးမှု ဥပဒေမဲ့ သတ်ဖြတ်မှုအဖြစ် တက်ကြွလှုပ်ရှားသူတွေသတ်မှတ်

ပဲခူးတိုင်း ဝေါမြို့နယ်ထဲမှာ ဖမ်းဆီးခံခဲ့ရတဲ့ နိုင်ငံရေးအကျဉ်းသူဟောင်း မနိုဘယ်လ်အေး နဲ့ လူငယ် ကိုအောင်ကိုဟိန်းတို့သေဆုံးသွားပြီဆိုတဲ့ ဖြစ်ရပ်ကို မမေ့ဖို့ အောင့်မေ့ဖွယ်အခမ်းအနားကို ထိုင်း-မြန်မာနယ်စပ်တနေရာမှာ ဒီကနေ့ (ဖေဖေါ်၀ါရီလ ၂၆) ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးလုံးကို စစ်ကောင်စီက ဖမ်းဆီးထားချိန်မှာ အသတ်ခံခဲ့ရတာလို့ ယူဆရပြီး ဒါနဲ့ပတ်သက်လို့ ဖြစ်ရပ်မှန်ကို စုံစမ်းစစ်ဆေးဖို့နဲ့ ဥပဒေမဲ့ သတ်ဖြတ်မှုတွေကို လက်မခံကြောင်းပြသဖို့ အခမ်းအနားစီစဥ်သူတွေက ဗွီအိုအေကို ပြောပါတယ်။ ဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

မနိုဘယ်လ်‌အေးနဲ့ကိုအောင်ကိုဟိန်းတို့ဟာ ပြီးခဲ့တဲ့လ ဇန်နဝါရီ ၂၉ ရက်က ပဲခူးတိုင်း၊ ဝေါ်မြို့နယ် ညောင်ခါးရှည်ဂိတ်မှာဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။ ဖမ်းဆီးခံရစဉ်မှာ စစ်ကောင်စီကိုထောက်ခံတဲ့ ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်ကနေ သူတို့ နှစ်ဦးဟာ လက်နက်တွေသယ်ဆောင်လာပြီး အဖမ်းဆီးခံရတာဖြစ်ကြောင်းထုတ်ပြန်ခဲ့သလို သူမနဲ့အတူ လူငယ်တဦးဖြစ်တဲ့ကိုအောင်ကိုဟိန်းကိုပါ ဖမ်းဆီးထားတယ်လို့ထုတ်ပြန်ခဲ့ပါတယ်။ ဒီနောက် သူတို့နဲ့ပတ်သက်လို့မိသားစုကကော ICRC ကပါ သတင်းအဆက်သွယ်မရပဲ စစ်ကောင်စီဘက်က ပစ်သတ်လိုက်လို့ သေဆုံးသွားပြီဖြစ်တယ်လို့ ဒေသအတွင်း ပူးပေါင်းတပ်ဖွဲ့တွေဘက်က အတည်ပြုခဲ့တာပါ၊ ဒီအတွက်မိသားစုအနေနဲ့ ဒီနေ့မှာ ပွဲလေးကျင်းပခဲ့တာဖြစ်တယ်လို့ မနိုဘယ်လ်အေးရဲ့မောင်ဖြစ်သူ ကိုထက်မြတ်က အခုလိုပြောပါတယ်။

"ကျနော်အမ မနိုဘယ်လ်အေးနဲ့ ကိုလေးခွင်းရယ်ဟာ ဝေါနဲ့ဘုရာကြီးကြားထဲက ကျိုက်လတ်ဆိုတဲ့ ရွာလေးမှာ အသေပစ်သတ်ခံရတယ်လို့ကျွန်တော်ကြားပါတယ်။ ဒီအချိန်ထိ စစ်ကောင်စီကတော့ အတည်မပြုသေးဘူး။ ဘာမှကိုမထုတ်ပြန်သေးဘူး။ သေသည်လည်း မသိရဘူး ရှင်သည်လည်း မသိရဘူး။ ဒေသခံတွေရဲ့ပြောကြားချက်အရ သေဆုံးသွားပြီလို့ သိရတယ်။ အဲဒီအတွက်ကြောင့် ကျွန်တော်တို့က ဒီနေ့ပွဲလေးကိုကျင်းပတယ်"

ဒီကနေ့ပွဲကို ဦးဆောင်ကျင်းပသူတဦးဖြစ်တဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဇော်ထွန်းကတော့အခုလိုပြောသွားပါတယ်။

"ဒီနေ့ ကျင်းပတာက မနိုဘယ်လ်အေးနဲ့ ရဲဘော်အောင်ကိုဟိန်းတို့အတွက်ကျနော်တို့ဂုဏ်ပြုပွဲလေးလုပ်တာက အထူးသဖြင့် ရည်ရွယ်ချက်က မတရားသဖြင့် သတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်လို့ မနိုဘယ်လ်အေးနဲ့ ရဲဘော်အောင်ကိုဟိန်း တိုသာမကဘူး အခြားနေရာတွေ တတိုင်းပြည်လုံးဟာဥပဒေမဲ့သတ်ဖြတ်ခံနေရပါတယ်။ စစ်အုပ်စုရဲ့အခုလိုအနိုင်ကျင့်သတ်ဖြတ်လိုက်တဲ့သူတွေကိုကျနော်တို့က မမေ့ဘူးပေါ့ဗျာ ကျနော်တို့က သူတို့ကိုဂုဏ်ပြုတယ် ကျန်ခဲ့တဲ့ရဲဘော်တွေကလည်း သူတို့နဲ့အတူ ပန်းတိုင်ရောက်တဲ့အထိတိုက်ပွဲဝင်သွားမယ်လို့ရည်ရွယ်ချက်တွေနဲ့ ဒီနေ့ပွဲကိုကျင်းပတာပါ"

မနိုဘယ်လ်အေးဟာ ဒဂုံတက္ကသိုလ် က ရူပဗေဒ အထူးပြုဘာသာရပ်နဲ့ကျောင်းတက်ခဲ့သူဖြစ်ပြီး နိုင်ငံရေးလှုပ်ရှားမူ့တွေကြောင့် ၁၉၉၉ ခုနှစ်မှာထောင်ဒဏ် ၄၂ နှစ်ချခံရပြီး အင်းစိန် မြောင်းမြ မြင်းခြံထောင်တွေမှာ အကျဉ်းကျခံခဲ့ရသူဖြစ်ပါတယ်။ သူမဟာ Myanmar Institute for Democracy MID ရဲ့ ဒါရိုက်တာဘုတ်အဖွဲ့ဝင်တဦးလည်း ဖြစ်ခဲ့ပါတယ်။ သူဟာ ၁၉၉၆ ခုနှစ်ကနေ အခု ၂၀၂၄ ခုနှစ်အထိ မြန်မာ့နိုင်ငံရေး လှုပ်ရှားမှုအဆက်ဆက်မှာ ပါဝင်ခဲ့သူတဦးလည်းဖြစ်ပါတယ်။ ကိုအောင်ကိုဟိန်းကတော့ ၂၀၂၁ခုနစ်မှာ အင်းစိန်မြို့နယ် လူထုလှုပ်ရှားမှုကနေ စတင်ပါဝင်ခဲ့ပါတယ်။ သူဟာ ၂၀၂၁ ခုနှစ်မှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ကာကွယ်ရေး ဝန်ကြီးဌာနကလုပ်တဲ့စစ်သင်တန်းတွေတက်ရောက်ခဲ့ပြီး KNU/KNLA တပ်မဟာ(၃) တပ်ရင်း (၇)နဲ့ PDF တပ်ရင်း (၃၇၀၂)တပ်ခဲွ (၄)မှာ ပူပေါင်းပါဝင်တာဝန်ထမ်းဆောင်ခဲ့သူတဦးဖြစ်ပါတယ်။

သူတို့၂ဦးကို ပဲခူးတိုင်းဝေါ်မြို့နယ်အတွင်းမှာစစ်ကောင်စီလုံခြုံရေးအဖွဲ့တွေကဖမ်းဆီးသွားခဲ့ပြီး သတ်ဖြတ်ခံလိုက်ရတယ်ဆိုပြီး ဒေသခံတွေကပြောပါတယ်။ ။သူတို့သေဆုံးမှုနဲ့ပတ်သက်လို့တော့စစ်ကောင်စီဘက်က အတည်ပြုထုတ်ပြန်တာမရှိသေးပါဘူးရှင်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG