သုံးရလွယ်ကူစေသည့် Link များ

နျူကလီးယားနဲ့ ပဲ့ထိန်းတပ်ဒုံးလက်နက် အစီအစဉ်တွေကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ က ပိတ်ဆို့ဒဏ်ခတ်မှုအသစ်တွေ ချမှတ်လိုက်တဲ့အပေါ် မြောက်ကိုရီးယားက တုံ့ပြန်သတိပေးလိုက်ပါတယ်။

နိုင်ငံပိုင် ကိုရီးယားဗဟိုသတင်း အေဂျင်စီကတဆင့် ဒီကနေ့ပဲ ထုတ်ပြန်လိုက်တဲ့ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ကြေညာချက်မှာတော့ ဒဏ်ခတ်မှု အသစ်တွေဟာ စီးပွားရေးအရ အပြည့်အ၀ ပိတ်ဆို့တားဆီးမှုတွေနဲ့ မြောက်ကိုရီးယားနိုင်ငံနဲ့ လူထုကို အသက်ရှုကျပ်စေဖို့ ရည်ရွယ်တဲ့ လုပ်ရပ်ဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာအာဏာနဲ့ တည်တံ့ခိုင်မြဲရေးအတွက် အကာအကွယ်ပေးနိုင်အောင် စွမ်းရည်တိုးမြှင့်ရေး လုပ်ငန်းတွကို ဆတိုးဆောင်ရွက်သွားမှာ ဖြစ်ကြောင်းလည်း ပြောဆိုထားပါတယ်။

ဒဏ်ခတ်မှုအသစ်တွေ ချမှတ်ရေး လုံခြုံရေးကောင်စီမှာ ဦးဆောင်ကြိုးပမ်းခဲ့တဲ့ အမေရိကန် ပြည်ထောင်စုက အထိအနာဆုံး ကြုံရလိမ့်မယ်လို့လည်း ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ ကုလသမဂ္ဂက ကမကထလုပ် ကျင်းပတဲ့ လက်နက်ဖျက်သိမ်းရေး ညီလာခံမှာ ကုလသမဂ္ဂဆိုင်ရာ မြောက်ကိုရီးယား သံအမတ်ကြီး Han Tae Song က မနေ့တုန်းကပဲ ပြောဆိုခဲ့တာပါ။ စက်တင်ဘာလ ၃ ရက်နေ့မှာ မြောက်ကိုရီးယားက ဟိုက်ဒြိုဂျင်ဗုံး ဖြစ်ပုံရတဲ့ နောက်ဆုံးအကြိမ် အနုမြူဗုံး စမ်းသပ်မှုကို တုံ့ပြန်တဲ့အနေနဲ့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ မြောက်ကိုရီးယားက နောက်ဆုံးအကြိမ် အနုမြူဗုံးစမ်းသပ်မှုအပြီး နောက်တရက်မှာ လေထုထဲမှာ ရေဒီယိုသတ္တိကြွ ဓာတ်ငွေ့အနည်းအကျဉ်း စစ်ဆေးတွေ့ရှိခဲ့ကြောင်း တောင်ကိုရီးယား နျူကလီးယား ဘေးကင်းလုံခြုံရေး ကော်မရှင်က ပြောဆိုလိုက်ပေမဲ့လည်း မြောက်ကိုရီးယားက ပြောနေသလို၊ အင်အားပြင်းတဲ့ ဟိုက်ဒြိုဂျင်ဗုံး ဟုတ်မဟုတ် ဆိုတာကိုတော့ အတည်မပြုနိုင်ကြောင်းလည်း ပြောဆိုခဲ့တာပါ။

XS
SM
MD
LG