{{Zawgyi/Unicode}}
မြန်မာစစ်အာဏာပိုင်တွေက အရေးယူမယ်လို့ သတိပေးနေတဲ့ ကြားကပဲ အမျိုးသားညီညွတ်ရေးအစိုးရ NUG က ထီရောင်းချတဲ့ အစီအစဉ်ကို တနင်္ဂနွေနေ့ကစ အွန်လိုင်းကနေ ဆက်လုပ်နေပါတယ်။ NUG ရဲ့ အောင်လံလွှင့်ချီ နွေဦးထီ ရောင်းချမှုကိုတော့ တရားမဝင်ဘူးဆိုပြီး စစ်ကောင်စီက အရေးယူမယ့်အကြောင်း သတိပေးထားတာပါ။ ဒီအကြောင်း ရန်ကုန်ကလာတဲ့ သတင်းအပြည့်အစုံကိုတော့ ကိုရဲမွန်က ပြောပြမှာပါ။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က နွေဦးထီ E-Lottery ကို ဩဂုတ်လ ၁၅ရက်နေ့က စတင်ခဲ့ရာမှာ သတ်မှတ်ထားတဲ့ ထီအစောင်ရေ ၅၀,၀၀၀ ကို ပထမဆုံးနေ့မှာပဲ နာရီပိုင်းအတွင်း ရောင်းချခဲ့ရပြီး၊ ဒုတိယနေ့မှာလည်း ထီအစောင်ရေ ၇၂,၀၀၀ ကျော် ရောင်းချခဲ့ရတယ်လို့ ပြောပါတယ်။ ရန်ပုံငွေအတွက် ရည်ရွယ်ပြီး ထီရောင်းချတဲ့ အစီအစဉ်မှာ တစောင်ကို ကျပ် ၂,၀၀၀ သတ်မှတ်ထားပြီး၊ ထီဆုကြေးကတော့ တဆုကို ၁၅ သိန်း သတ်မှတ်ထားပါတယ်။ NUG က ဖွဲ့စည်းထားတဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဝန်ကြီး ဦးတင်ထွန်းနိုင်ကတော့ ဆုကြေးငွေနဲ့ ပတ်သက်လို့ အခုလို ရှင်းပြပါတယ်။
"ထီရောင်းချရငွေ အားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကို နိုင်ငံ့ဝန်ထမ်း CDM အာဇာနည်တွေအတွက် သုံးစွဲသွားမှာဖြစ်ပြီး၊ ၃၀ ရာခိုင်နှုန်းကိုတော့ ဆုမဲအဖြစ် ပြန်လည်ပေးအပ်သွားမှာ ဖြစ်ပါတယ်။ တော်လှန်ရေးထီဖြစ်တဲ့အပြင် ထီထိုးတဲ့သူနဲ့ ထီပေါက်တဲ့သူရဲ့ လုံခြုံရေးကို အဓိကထား ကာကွယ်ပေးလိုတဲ့အတွက် ပုံမှန်ထိုးနေကျထီတွေလို သိန်းသောင်းချီတဲ့ဆုမဲတွေ မပေးနိုင်တာကိုလည်း နားလည်ပေးကြဖို့ ကြိုတင်တောင်းပန်လိုပါတယ်။"
ထီဝါသနာအိုး တယောက်ကတော့ နွေဦးထီထိုးဖြစ်တဲ့အကြောင်း အခုလို ပြောပြပါတယ်။
" အောင်ဘာလေတုန်းကတော့ ကျနော်တို့က ဆုကြီးပေါက်ချင်လို့ ထိုးတာ။ အခု နွေဦးထီကတော့ ပြောရမယ်ဆိုရင်တော့ နိုင်ငံသားတယောက်အနေနဲ့ အားပေးချင်လို့ ထိုးတာမျိုးပေါ့။ အနှစ်သာရချင်းတော့ မတူဘူး"
NUG ရဲ့ ထီလုပ်ငန်းကိုတော့ တရားမဝင်ဘူးဆိုပြီး အာဏာပိုင်တွေက အရေးယူဖို့ ပြင်ဆင်နေတာပါ။ နွေဦးထီကံစမ်းမယ့်သူတွေရဲ့ ဘဏ်အကောင့်တွေကို စောင့်ကြည့်ဖို့ကိုလည်း စစ်ကောင်စီဘက်က ညွှန်ကြားထားပါတယ်။ ဘဏ်တွေအနေနဲ့ သံသယဖြစ်ဖွယ်ကိစ္စတွေ ဖြစ်လာရင် သက်ဆိုင်ရာအဖွဲ့အစည်းကို သတင်းပို့ပေးဖို့ ညွှန်ကြားထားတယ်လို့ ဗဟိုဘဏ်ဒုဥက္ကဋ္ဌ ဦးဝင်းသော်က ပြောပါတယ်။ နွေဦးထီကို ပူးပေါင်းရာရောက်တဲ့ လုပ်ဆောင်မှုတွေကို ငွေကြေးခဝါချ တိုက်ဖျက်ရေးဥပဒေ၊ အကြမ်းဖက်တိုက်ဖျက်ရေး ဥပဒေအရ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ ပူးပေါင်းပြီး အရေးယူသွားဖို့ စီစဉ်ထားတယ်လို့ ဗွီအိုအေကို ပြောပါတယ်။
"အဓိကတော့ NUG နဲ့ CRPH ဆိုတာ တရားမဝင်အဖွဲ့အစည်း ဖြစ်တယ်။ ဒီတရားမဝင်တဲ့ အဖွဲ့အစည်းဟာ တရားဝင်အစိုးရ လုပ်နေတဲ့ထီမျိုးကို သူကထီဖွင့်မယ် လုပ်တာပေါ့။ ဒီအတွက်သူက ဥပဒေနဲ့ မညီဘူးပေါ့။ အဲဒီတော့ ဥပဒေနဲ့မညီတဲ့ အဖွဲ့အစည်းကနေပြီးတော့ အခုလို ထီရောင်းတဲ့အခါမှာ သူကတရားဥပဒေနဲ့အညီ ဖွင့်ထားတဲ့ account တွေကို အသုံးပြုလာတာတို့ နိုင်ငံတော်အတွင်းမှာ တရားဝင်သုံးနေတဲ့ banking system တွေကိုသုံးပြီး လွှဲပြောင်းတာတို့ ရှိလာမယ်ဆိုရင် ဒါတွေကို ပိတ်ပင်တားဆီးပေးဖို့ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ ညှိနှိုင်းချက်နဲ့ ကျနော်တို့ ဗဟိုဘဏ်ကနေ စီရင်ချက်ထုတ်တာပါ။"
မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်တွင်းအခွန်များ ဦးစီးဌာနရဲ့ အောင်ဘာလေထီ လုပ်ငန်းတွေမှာ အခက်အခဲတွေ ကြုံခဲ့ရတာပါ။ အာဏာသိမ်းမှု ဆန့်ကျင်တဲ့ လှုပ်ရှားသူတွေကြား ထီအရောင်းကျခဲ့တာကြောင့် ဈေးကွက်မြှင်တင်ဖို့ ကြိုးပမ်းတာတွေလည်း ရှိခဲ့ပါတယ်။
........................................................
{{Unicode}}