သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေး-ဟားမတ်စ်ပဋိပက္ခ အရပ်သားတွေကိုအကာအကွယ်ပေးကြဖို့ NUG တိုက်တွန်း


NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော
NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇော

အစ္စရေး-ဟားမတ်စ်စစ်ပွဲ အချိန်ကြာလာတာနဲ့အမျှ အစ္စရေး ရောက် မြန်မာတွေရဲ့ လုံခြုံရေးအတွက်အာမခံပေးဖို့ အစ္စရေး အစိုးရကို NUG အမျိုးသားညီညွတ်ရေးအစိုးရ ယာယီသမ္မတ ဒူးဝါလာရှီလာက တောင်းဆိုထားပါတယ်။ NUG သမ္မတရုံးပြောခွင့်ရ ဦးကျော်ဇောကို မအင်ကြင်းနိုင်က Zoom ကနေ ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင်။ ။ အစ္စရေး-ဟားမတ်စ် စစ်ပွဲဖြစ်နေတဲ့အခြေအနေမှာ အစ္စရေးနိုင်ငံကိုရောက်နေတဲ့ မြန်မာပြည်သားတွေနဲ့ပတ်သက်ပြီးတော့ NUG သမ္မတရုံးဘက်ကပေါ့နော်- ဘာတွေ ဆောင်ရွက်ပေးနေလဲရှင့်။

ဦးကျော်ဇော။ ။ အခု အရှေ့အလယ်ပိုင်းမှာပေါ့နော်၊ ဟားမတ်စ်နဲ့ အစ္စရေးနဲ့ဖြစ်တယ်။ အခု လူတွေ အရပ်သားတွေ အမြောက်အများသေတယ်။ ထောင်နဲ့ချီပြီးတော့ သေတယ်။ နှစ်ဘက်လုံးမှာပေါ့နော်။ အစ္စရေးရော။​ပါလက်စတိုင်းဘက်ရော အများကြီး သေကြ ကြေကြတယ်။ ကျနော်တို့ သမ္မတကြီးကလည်း ထုတ်ဖော်ပြောကြားပြီးသားဖြစ်ပါတယ်။ တကယ်လည်း ဝမ်းနည်းကြေကွဲရတယ်။ ကျနော်တို့မြန်မာနိုင်ငံမှာဆိုရင် အကြမ်းဖက်စစ်ကောင်စီကြောင့် အရပ်သားတွေက နေ့တိုင်းသေနေတာ။ အစုလိုက်အပြုံလိုက်သေနေတာ။ အဲဒီတော့ ကျနော်တို့ ကိုယ်ချင်းစာတယ်။ အရပ်သားတွေက ဘယ်ဘက်ပဲဖြစ်ဖြစ် အရပ်သားတွေက ပဋိပက္ခမှာ အရပ်သားတွေကို အကာအကွယ်ပေးရမယ်။ အားလုံးမှာ တာဝန်ရှိတယ်။ အဲဒီတော့ သေကြေသွားရတဲ့ အစ္စရေး ပါလက်စတိုင်း အရပ်သားတွေအတွက် သမ္မတကြီးက အထူးပဲ ဝမ်းနည်းကြေကွဲရတယ်ဆိုတာကို ပထမဦးဆုံးပြောချင်ပါတယ်။ နောက်ပီးတော့ အဲဒီဒေသမှာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေ အမြောက်အများ အလုပ်လုပ်နေကြတာတွေ ရှိတယ်။ မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက်လည်း အထူးပဲ​စိုးရိမ်တယ်။ ဘာလို့လဲဆိုတော့ အရပ်သားဆိုတဲ့အခါမှာ ဒီ အစ္စရေးနိုင်ငံသားတွေတင်မကဘူး၊ ပါလက်စတိုင်းတွေတင်မကဘူး။ နိုင်ငံခြားသားတွေဖြစ်တဲ့ ….အရပ်သားတွေ။ အဲဒီတော့ အားလုံးရဲ့လုံခြုံရေးအတွက် သက်ဆိုင်တဲ့အာဏာပိုင်တွေကနေပြီးတော့ တာဝန်ယူပေးရမယ်ဆိုတာကိုလည်း သမ္မတကြီးက တိုက်တွန်းပြောကြားသွားပါတယ်။ အဲဒီမှာ ကျနော်တို့အနေနဲ့ကျတော့ ဒီ အစိုးရအနေနဲ့ ကျနော်တို့ စောင့်ကြည့်နေတယ်။ စောင့်ကြည့်နေပြီးတော့ ဘဘ်လိုအကူအညီပေးနိုင်မလဲဆိုတာ အတတ်နိုင်ဆုံးအကူအညီပေးဖို့ ပြင်ဆင်နေတယ်။

အင်ကြင်းနိုင်။ ။​အစ္စရေးနိုင်ငံရောက် မြန်မာနိုင်ငံသားတွေရဲ့အနေအထားကို ကြည့်မယ်ဆိုလို့ရှိရင် သူတို့တွေက အများစုကတော့ စိုက်ပျိုးရေးသင်တန်းကျောင်း လာတက်ရင်းနဲ့ အခု မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းတယ်ဆိုပြီးတော့ မပြန်ဖြစ်ကြတော့ဘူးပေါ့နော်။ ဒီစစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာလည်း နွေဦးတော်လှန်ရေးတို့၊ နောက်ပိုင်းကျတော့ စစ်အာဏာသိမ်းတာကို လက်နက်ကိုင်ခုခံတော်လှန်နေတဲ့ လှုပ်ရှားမှုတွေမှာလည်း အစ္စရေးရောက် မြန်မာတွေကလည်း တော်တော်လေး တက်တက်ကြွကြွပါဝင်ပြီး ထောက်ခံ လှုပ်ရှားမှုတွေလည်း တွေ့ရပါတယ်။ အဲဒီတော့ အခု အစ္စရေးနဲ့ မြန်မာအတိုက်အခံတွေပေါ့နော် - အထူးသဖြင့် NUG အနေနဲ့ရော အစ္စရေးနိုင်ငံနဲ့ဆက်ဆံရေးမှာ အရင်က ဘယ်လို ရှိခဲ့လဲရှင့်။

ဦးကျော်ဇော။ ။ ကျနော်တို့ မြန်မာနိုင်ငံသူ နိုင်ငံသားတွေပါ့နော်၊ အဲဒီမှာ အစ္စရေးမှာရှိနေတဲ့မြန်မာတွေ။ တခြားတိုင်းပြည်တွေမှာရှိနေတဲ့ မြန်မာတွေလိုပါပဲ၊ သူတို့တွေလည်း တက်တက်ကြွကြွနဲ့ နွေဦးတော်လှန်ရေးမှာ ကူညီထောက်ပံ့ပေးကြတယ်။ သူတို့တတ်နိုင်တဲ့အပိုင်းကနေ ကူညီပေးကြတယ်။ အထူးသဖြင့် ငွေကြေး အကူအညီ အထောက်အပံ့ပေးတယ်။ ဒါတွေအတွက်လည်း ကျနော်တို့ အသိအမှတ်လည်းပြုတယ်။ ကျေးဇူးလည်းတင်တယ်။ ဒါက တော်လှန်ရေးမှာ မြန်မာနိုင်ငံလူတွေ ပြည်တွင်းကရော ပြည်ပကရော တက်ညီလက်ညီနဲ့ လုပ်ကိုင်နေကြတာ။ ကျနော်တို့အစိုးရကျတော့လည်း အားလုံး ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံတွေနဲ့ ချိတ်ဆက်ဖို့ ကြိုးစားတယ်။ အစ္စရေးမှာရော ကျနော်တို့ NUG အစိုးရရဲ့ ကိုယ်စားလှယ်ရုံးတော့ မရှိသေးဘူး။ အရှေ့အလယ်ပိုင်းမှာတော့ ရှိနေပြီ။ ကိုယ်စားလှယ်ရုံးရှိတဲ့နိုင်ငံတွေမှာဆိုရင်လည်း ကိုယ်စားလှယ်ရုံးကနေပြီးတော့ မြန်မာနိုင်ငံသားတွေရဲ့ကိစ္စကို တတ်နိုင်သလောက် ဆောင်ရွက်ပေးနေတယ်။ မရှိတဲ့နေရာတွေမှာလည်း ကျနော်တို့ရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနကနေပြီး အကူအညီတောင်းလာတာတွေကို အတတ်နိုင်ဆုံး ဆောင်ရွက်ပေးနေတာတွေ ရှိပါတယ်။ အခုလို အကျပ်အတည်းနဲ့ကြုံတွေ့နေရတဲ့ အရှေ့အလယ်ပိုင်းဒေသမှာ - တခါမှ ဒီလောက်ကြီးကျယ်တဲ့ အရပ်သားပြည်သူလူထုတွေကို ထိခိုက်တဲ့ …မရှိခဲ့သေးဘူး။ အဲဒီအချိန်မှာလည်း ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံသားတွေရဲ့ လုံခြုံရေးအတွက်ကို စိတ်ပူတယ်။ ကူညီဖို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ဘယ်လို…ပေးရမလဲဆိုတဲ့ စဥ်းစားဆောင်ရွက်နေတယ်။

အင်ကြင်းနိုင်။ ။ အခု ဒီ အစ္စရေးဟားမတ်စ် စစ်ပွဲဖြစ်လာတာနဲ့ပတ်သက်ပြီးတော့ အခု ကမ္ဘာ့နိုင်ငံတွေမှာ ရပ်တည်ချက်အမျိုးမျိုးတွေ ရှိလာနေပြီပေါ့နော်။ အာဆီယံထဲမှာဆိုလို့ရှိရင်လည်း သဘောထားအမျိုးမျိုး ကွဲပြားတာ တွေ့ရတယ်။ ဥပမာ- မလေးရှားဆိုရင် အစ္စရေးကို ဆန့်ကျင်တဲ့သဘောထား ထုတ်ပြန်ထားတယ်။ အဲဒီတော့ NUG အနေနဲ့ကရော ဘာကြောင့် ဘက်မလိုက်ဘဲ ရပ်တည်တဲ့သဘောထားကို ထုတ်ပြန်ရတာလဲရှင့်။

ဦးကျော်ဇော။ ။ နိုင်ငံအသီးသီးကတော့ သူတို့အမြင်နဲ့သူတို့ ရှိကြတာပဲပေါ့နော်။ အားလုံး တူညီတဲ့အချက်တခုကတော့ အရပ်သား ပြည်သူလူထုတွေကို အကာအကွယ်ပေးရမယ်ဆိုတဲ့ “မူ” ကို နိုင်ငံတိုင်းလိုလို ထုတ်ဖော်ပြောကြားတာကို တွေ့ရပါတယ်။ ကျနော်တို့အနေနဲ့ကျတော့ ဒီပဋိပက္ခကကျတော့ ဘယ်သူ မှန်တယ်၊ ဘယ်သူမှားတယ်ဆိုတာ ဒါကတော့ ကျနော်တို့ အစိုးရရဲ့ တာဝန်လည်းမဟုတ်ဘူး။​ ဒီဟာလည်း ကျနော်တို့အနေနဲ့ပြောချင်တာက အခုနက ပြောသလို ပဋိပက္ခကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ဖြေရှင်းဖို့အတွက် အရေးကြီးတယ်ဆိုတာ မှန်ပါတယ်။ ဒိထက်ပိုပြီးအရေးကြီးတာက ပဋိပက္ခဖြစ်နေတဲ့ကာလအတွင်းမှာ အရပ်သားပြည်သူတွေကို မထိခိုက်ဖို့ အတတ်နိုင်ဆုံး ကာကွယ်စောင့်ရှောက်ပေးဖို့ အားလုံးမှာတာဝန်ရှိတယ်။ နောက်ပြီးတော့ international humanitatian law လို့ခေါ်တဲ့ IHL - အဲဒါကို အားလုံး ပဋိပက္ခမှာပါဝင်နေတဲ့ ပါတီ အဖွဲ့အစည်းတွေအားလုံးက လေးစားလိုက်နာဖို့လိုတယ်။​ အရေးကြီးတယ်ဆိုတာကို ပြောကြားချင်တယ်။ ဒါက ကျနော်တို့ရဲ့ သဘောထားပါ။ ကျနာ်တို့ရဲ့သဘောထားက ပဋိပက္ခမှာ အရပ်သားပြည်သူတွေကို မထိခိုက်ဖို့ တာဝန်ယူဖို့။ စောင့်ရှောက်ပေးဖို့။​ အာဏာပိုင်တွေမှာ တာဝန်ရှိတယ်။ international humanitation law ကို လိုက်နာကြဖို့၊ ဒီပဋိပက္ခထဲမှာပါနေတဲ့ အဖွဲ့အစည်းတွေအားလုံးက လိုက်နာဖို့ ဒါကို ကျနော်တို့ တောင်းဆိုတယ်။ အဲဒီဟာက ကျနော်တို့ရဲ့သဘောထားပါ။

XS
SM
MD
LG