သုံးရလွယ်ကူစေသည့် Link များ

NVC လျှောက်သူ မူဆလင်များကို ခြိမ်းခြောက်မှုများ အရေးယူမည်


၂၀၁၆ စက်တင်ဘာတုန်းက NVC ကဒ်ထုတ်ပေးနေစဉ် (Photo Credit: MOI Webportal Myanmar)

ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောမြို့နယ်အတွင်းမှာ နိုင်ငံသားစိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ် (NVC) လာရောက် လုပ်သူတွေ ခြိမ်းခြောက်ခံရတာရှိတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒီလိုခြိမ်းခြောက်ခံရလို့ တိုင်ကြားတယ်ဆိုရင် အရေးယူဆောင်ရွက်နေတယ်လို့လည်း ဆိုပါတယ်။ အောက်တိုဘာ ၁၂ ရက်နေ့ကစလို့ မောင်တောမြို့နယ်ထဲမှာ NVC ကဒ်ထုတ်ယူသူ ၆၀၀ နီးပါးရှိတဲ့အကြောင်း VOA မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က တင်ပြပေးပါမယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်း မောတောခရိုင်ထဲမှာ သြဂုတ်လ ၂၅ ရက်နေ့အကြမ်းဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးနောက်ပိုင်း ဘင်္ဂလားဒေရှ့်ဖက်ကို အစ္စလာမ်ဘာသာဝင်သိန်းနဲ့ချီ ထွက်သွားကြပြီးနောက် အဲဒီဒေသဖက်မှာ ကျန်နေသူတွေကိုနိုင်ငံသားစိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ် (NVC) တွေကို ထုတ်ပေးတဲ့ လုပ်ငန်းကို အစိုးရက ပြန်လည်ဆောင်ရွက်ခဲ့ပါတယ်။

အဓိကအားဖြင့် မောင်တောမြို့နယ်အတွင်းက ရွှေဇားကျေးရွာအုပ်စုဖက်ကို တာဝန်ရှိသူတွေကိုယ်တိုင်သွားပြီး NVC ကဒ်ပြားတွေ ထုတ်ပေးနေတာဖြစ်ပါတယ်။ ဒါပေမဲ့ မွတ်ဆလင်ရွာသားတွေထဲမှာ NVC ကဒ်ပြားကို မထုတ်ဖို့ အချင်းချင်းခြိမ်းခြောက်မှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။ သက်သေခံကဒ်ထုတ်ယူသူကို အသက်အန္တရာယ်ခြိမ်းခြောက်ခဲ့လို့ အမှုဖွင့်အရေးယူခဲ့ရတာရှိတယ်လို့ ရခိုင်ပြည်နယ်။ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီဌာန ညွှန်ကြားရေးမှူး ဦးအောင်မင်းကပြောပါတယ်။

“ ဒါကတော့ ကျနော်တို့ကိုတော့ ခြိမ်းခြောက်တာမရှိဘူး လုပ်တဲ့လူတွေကို ခြိမ်းခြောက်တာခင်ဗျ။ လုပ်တဲ့လူတွေကို ခြိမ်းခြောက်တာဆိုတာက ရွှေဇားအနောက်ရွာမှာလုပ်တဲ့အချိန်မှာ လာလုပ်တဲ့ ဆိုက်ကားဆရာတယောက်ကိုတော့ လူတယောက်ကတော့ ခြိမ်းခြောက်တာပေါ့နော် ရွှေဇား ကုန်းနားရွာက ။ မင်းဘာလို့လုပ်တာလဲ ငါတို့ ပိုက်ဆံ ချမ်းသာတဲ့လူတွေတောင်မလုပ်ဘူး၊ ဘာလို့လုပ်တာလဲ သေသွားမယ် ဆိုပြီး ခြိမ်းခြောက်တာပေါ့နော်။ အဲဒီလို ခြိမ်းခြောက်တယ်ဆိုတာတွေ ခြိမ်းခြောက်ခံရတဲ့လူက ပြောဖို့တော့လိုတယ်။ ပြောရဲဖို့လိုတယ်၊ သူတို့က တိတိကျကျ မပြောဘူး၊ ကျနော်တို့ကို ခြိမ်းခြောက်နေတယ်ဆိုတာလောက်နဲ့ ကျနော်တို့က အမှုဖွင့်လို့မရဘူး။ အကယ်၍ ခြိမ်းခြောက်ခံရတဲ့လူက တိတိကျကျ ပြောမယ်ဆိုမယ်ဆိုရင် ကျနော်တို့က ဒီထက်ပိုပြီးတော့ အရေးယူဆောင်ရွက်လို့ရမှာဖြစ်ပါတယ်။ ခုက တယောက်ပဲရှိနေတယ် ခြိမ်းခြောက်နေတဲ့လူတွေကတော့ အများကြီး၊ ခြိမ်းခြောက်ခံရတာက တယောက်ပဲ ရှိနေတယ်ဆိုတော့ အခုက ခြိမ်းခြောက်ခံရတာက တိတိကျကျတိုင်တာက တယောက်တည်းရှိနေလို့ပါ။”

အောက်တိုဘာ ၁၂ ရက်က နိုဝင်ဘာ ၇ ရက်အထိ NVC ကဒ် လာရောက်ထုတ်ယူသူ ၅၈၅ ယောက်ရှိတယ်လို့လည်း ပြောပါတယ်။ NVC ကဒ်ဆိုတာဟာ နိုင်ငံခြားသားလို့သတ်မှတ်သူတွေကို ထုတ်ပေးတာဆိုတဲ့အမြင်မျိုးတွေလည်း ရခိုင်ပြည်နယ်က အစ္စလာမ်ဘာသာဝင်တွေကြားမှာ ရှိနေကြသလို။ စိတ်အားထက်ထက်သန်သန်နဲ့ လာရောက်ထုတ်ယူသူလည်း နည်းပါတယ်။ဒါကြောင့် သူတို့အနေနဲ့ နားလည်အောင် ရှင်းပြပေးနေရတယ်လို့ လ၀က ပြည်နယ်ဦးစီးမှူး ဦးအောင်မင်းက ဆက်ပြောပါတယ်။

“သူတို့တွေ တက်တက်ကြွကြွနဲ့ လာလုပ်ကိုင်မှု နည်းနေတာ တခုပါပဲ ဒီဟာကို သူတို့ကို သဘောပေါက်နားလည်ပြီးတော့လာဖို့လိုတယ်။ ကျနော်တို့ကလည်း ဒီဟာကို သဘောပေါက်နားလည်အောင်လည်း ပြောဆိုစည်းရုံးတာလုပ်သလို တဖက်ကလည်း ကျနော်တို့ ဒီ နိုင်ငံသား စိစစ်ရေးလုပ်ငန်းစဉ်ကို အခုစပြီးလုပ်နေတဲ့သူတွေကို ကျနော်တို့ မြန်နိုင်သရွေ့မြန်မြန်လုပ်အောင် တွန်းအားပေးဆောင်ရွက်နေပါတယ်။”

မောင်တောမြို့မှာ နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တစ်ဦးကတော့ NVC ကဒ် သွားရောက် မထုတ်ယူတာနဲ့ ပတ်သက်ပြီး သူ့အမြင်ကိုအခုလိုပြောပါတယ်။

“ ကျနော်တို့က အရင်က ယာယီသက်သေခံ ကဒ်ဆိုပြီးတော့ လုပ်ထားတယ်ဆိုတော့ အခုသွားပြီးတော့မှ နိုင်ငံသားစိစစ်ရေးကဒ်လုပ်ရမယ်ဆိုတော့ သိပ်သဘာဝမကျဘူးလေ။ အရင်က ကျနော်တို့ ယာယီလည်းကိုင်ထားတယ်ဆိုတော့ အဲဒါလည်း မှန်ပါတယ် ကျနော်တို့ကို ဘင်ဂါလီဆိုပြီးတော့ ပေးတယ်။ ကျနော်တို့တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံသားမှမဟုတ်တာ ။ ကျနော်တို့က မြန်မာနိုင်ငံမှာမွေးတယ်ဆိုတော့ မြန်မာနိုင်ငံသားပဲ ဖြစ်ရမယ်လေ။ အဲလို လူမျိုးမှာသွားပြီးတော့ ဘဂါလီဆိုပြီးတော့ ထည့်တယ် အဲဒါတွေက သိပ်သဘောမကျဘူး လူတွေက။”

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာနေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို ၁၉ ၉ ၅ ခုနှစ် စစ်အစိုးရလက်ထက်ထဲက White Card ခေါ် ယာယီသက်သေခံလက်မှတ်တွေ ထုတ်ပေးခဲ့ပါတယ်။ ဒီသက်သေခံလက်မှတ်တွေ ၂၀၁၅ ခုနှစ် မေလ သက်တမ်းကုန်ဆုံးချိန်မှာ ပြန်လည်သိမ်းဆည်းခဲ့ပြီးနောက်ပိုင်းကျမှ နိုင်ငံသားစိစစ်ခံရမည့်သူရဲ့ သက်သေခံကဒ်ဆိုပြီး NVC ကဒ်တွေကို ထုတ်ပေးလာတာဖြစ်ပါတယ်။

XS
SM
MD
LG