သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin ကို မလေးရှားဝန်ကြီးချုပ်ရဲ့ အာဆီယံရေးရာ ကိုယ်ရေးအကြံပေးခန့်ဖို့အစီအစဉ် ထိုင်းအစိုးရ ကြိုဆို


ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်
ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra ကို မလေးရှားဝန်ကြီးချုပ်ရဲ့ အာဆီယံရေးရာ ကိုယ်ရေး အကြံပေးအဖြစ် ခန့်ထားမယ့်အစီအစဉ်ဟာ မြန်မာနိုင်ငံ ပဋိပက္ခအပါအဝင် ဒေသတွင်း ငြိမ်းချမ်းရေး ထိုင်းနိုင်ငံရဲ့ အစီအစဉ်တွေ ရှေ့တိုးဆောင်ရွက်နိုင်ဖို့ အခွင့်အရေး ဖြစ်တဲ့အကြောင်း ထိုင်း အဓိကအတိုက်အခံ ပြည်သူ့ပါတီ လွှတ်တော်အမတ် Romadon Panjor က ပြောဆိုပါတယ်။

လာမယ့်နှစ် မလေးရှားနိုင်ငံ အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌအဖြစ် တာဝန်ယူမယ့်အချိန်မှာ ဝန်ကြီးချုပ်ဟောင်း Thaksin ကို အာဆီယံရေးရာ ကိုယ်ရေး အကြံပေးအဖြစ် အလွတ်သဘော ခန့်ထားမယ့်အကြောင်း မလေးရှား ဝန်ကြီးချုပ် Anwar Ibrahim က ပြီးခဲ့တဲ့ တနင်္လာနေ့က ပြောဆိုထားပါတယ်။ ဝန်ကြီးချုပ်ဟောင်း Thaksin ရဲ့ သမီး လက်ရှိ ထိုင်းနိုင်ငံ ဝန်ကြီးချုပ် Paetongtarn Shinawatra မလေးရှားနိုင်ငံကို သွားရောက်တဲ့ ခရီးစဉ်အတွင်းမှာ မလေးရှားဝန်ကြီးချုပ်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

ဒီအစီစဉ်ကို ထိုင်းအစိုးရကလည်း ကြိုဆိုထောက်ခံပြီး ထိုင်းတောင်ပိုင်းဒေသ ငြိမ်းချမ်းရေးနဲ့ နှစ်နိုင်ငံ ပူးတွဲ ဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် အကျိုးရှိမယ်လို့ ထိုင်းအစိုးရဘက်က မျှော်လင့်ထား တဲ့အကြောင်း ဘန်ကောက်ပို့စ်သတင်းစာမှာ ရေးသားပါတယ်။

မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူ တဦးဖြစ်တဲ့ ဝန်ကြီးချုပ်ဟောင်း တက်ခ်ဆင်ဟာ ထိုင်းနိုင်ငံမှာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနစ်အထိ ဝန်ကြီးချုပ် တာဝန်ယူခဲ့သူဖြစ်ပါတယ်။

ကမ္ဘောဒီးယားနိုင်ငံရဲ့ စီးပွားရေးအကြံပေး တာဝန်အပါအဝင် နိုင်ငံတချို့ရဲ့ အကြံပေးအဖြစ် တာဝန်ယူခဲ့ဖူးပါတယ်။ ပြည်ပမှာ ၁၅ နှစ်လောက်တိမ်းရှောင်ပြီး အာဏာအလွဲသုံးစားလုပ်မှုတွေနဲ့ တရားစွဲဆိုခံခဲ့ရပေမဲ့ ထိုင်းနိုင်ငံရေးမှာ ဩဇာလွှမ်းမိုးနေဆဲ ခေါင်းဆောင်တယောက်အဖြစ် အသိအမှတ်ပြုခံထားရပါတယ်။

Forum

XS
SM
MD
LG