သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းဝန်ကြီးချုပ်သစ်ဖြစ်လာတဲ့ ရှင်နာဝတ်မျိုးဆက်


ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အဖြစ်တင်မြှောက်လိုက်တဲ့ ပေထုံတန် ရှင်နာဝတ်ကို Pheu Thai ပါတီ ဌာနချုပ် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (ဩဂုတ် ၁၆၊ ၂၀၂၄)
ထိုင်းလွှတ်တော်က ဝန်ကြီးချုပ်သစ်အဖြစ်တင်မြှောက်လိုက်တဲ့ ပေထုံတန် ရှင်နာဝတ်ကို Pheu Thai ပါတီ ဌာနချုပ် သတင်းစာရှင်းလင်းပွဲအတွင်းတွေ့ရစဉ် (ဩဂုတ် ၁၆၊ ၂၀၂၄)

ထိုင်းဝန်ကြီးချုပ်ဟောင်း Thaksin Shinawatra (သက်ဆင် ရှင်နာဝတ်) ရဲ့ သမီး Paetongtarn Shinawatra (ပေထုံတန် ရှင်နာဝတ်) ကို ဝန်ကြီးချုပ်သစ်အဖြစ် ထိုင်းလွှတ်တော်က ဒီနေ့ သောကြာနေ့မှာ ရွေးချယ် တင်မြှောက်ခဲ့ပါတယ်။ ထိုင်းနိုင်ငံမှာ ဩဇာအရှိန်အဝါ ကြီးမားတဲ့ သက်ဆင်မိသားစုထဲက အသက် ၃၇ နှစ်အရွယ် Paetongtarn Shinawatra က အသက်အငယ်ဆုံး ဝန်ကြီးချုပ် ဖြစ်လာခဲ့တာပါ။ ပါတီ အတွက်၊ နိုင်ငံအတွက် အလုပ်အကျွေး ပြုရမယ့်အချိန် အဖြစ် သူ ဆုံးဖြတ်ထားသလို၊ တိုင်းပြည် တိုးတက်ရေး အကောင်းဆုံး လုပ်ဆောင်သွားနိုင်ဖို့ မျှော်လင့်တယ်လို့ ပေထုံတန် ရှင်နာဝတ်က ဒီကနေ့ သတင်းထောက်တွေကို ပြောကြားသွား ပါတယ်။

“ပြည်သူတွေ ယုံကြည်မှု ရအောင် လုပ်နိုင်ဖို့ ကျမ မျှော်လင့်ပါတယ်။ ထိုင်းပြည်သူ အားလုံးရဲ့ လူနေမှု အဆင့်အတန်း နဲ့ ဘဝတွေ တိုးတက် ကောင်းမွန်လာအောင် ဆောင်ရွက်သွားနိုင်ဖို့ မျှော်လင့်ပါတယ်" ဆိုပြီး ဒီကနေ့ ဝန်ကြီးချုပ်သစ်အဖြစ် ခန့်အပ်ခံရအပြီး သတင်းထောက်တွေကို ပြောသွားခဲ့တာပါ။ Pheu Thai ပါတီ ခေါင်းဆောင်တဦးဖြစ်တဲ့ ပေထုံတန် ရှင်နာဝတ်ကို ဝန်ကြီးချုပ်အဖြစ် ထောက်ခံမဲ ၃၁၉ မဲ၊ ကန့်ကွက်မဲ ၁၄၅ မဲနဲ့ လွှတ်တော်က အတည်ပြုလိုက်တဲ့အကြောင်း အောက်လွှတ်တော် ဥက္ကဋ္ဌ Wan Muhamad Noor Matha က ရုပ်သံကနေ တိုက်ရိုက် ကြေညာသွားခဲ့တာပါ။ သူ့ မတိုင်ခင် ဝန်ကြီးချုပ် တာဝန်ယူခဲ့တဲ့ Srettha Thavisin ကို ကျင့်ဝတ် ဖောက်ဖျက်မှုနဲ့ အပြစ်ရှိကြောင်း ထိုင်းဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးက ဩဂုတ်လ ၁၄ ရက်နေ့က ဆုံးဖြတ်ပြီး ရာထူးကနေ ဖယ်ရှားခဲ့ပါတယ်။

ပေထုံတန် ရှင်နာဝတ်ကိုဝန်ကြီးချုပ်အဖြစ်ခန့်ဖို့ အာဏာရ ညွန့်ပေါင်းပါတီတွေက ကြာသပတေးနေ့က ရွေးချယ်ခဲ့ပြီးနောက် ဒီနေ့ လွှတ်တော်မှာ မဲခွဲ အတည်ပြု ခန့်အပ်ခဲ့တာဖြစ်ပါတယ်။ အဒေါ်ဖြစ်သူ ဝန်ကြီးချုပ်ဟောင်း ယင်လတ် ရှင်နာဝတ်ပြီးရင် ထိုင်းနိုင်ငံမှာ ဒုတိယမြောက် အမျိုးသမီးဝန်ကြီးချုပ် ဖြစ်ပါတယ်။ ဝန်ကြီးချုပ်ဟောင်း ယင်လတ်နဲ့ ဖခင်သက်ဆင်ရှင်နာဝတ် တို့နှစ်ဦးလုံးကတော့ စစ်တပ်က အာဏာသိမ်း ဖယ်ရှားတာကို ခံခဲ့ရသူတွေ ဖြစ်ပါတယ်။ ဖခင်သက်ဆင်ဟာ အဂတိလိုက်စားမှုတွေနဲ့ တရားစွဲ အရေးယူခံခဲ့ရလို့ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲ ကျင်းပပြီး လပိုင်းအကြာမှာ နိုင်ငံကို ပြန်လာခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG