သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ နိုင်ငံရေးအံတုမှု လှုပ်ရှားရေး စေ့ဆော်သူ Gene Sharp ကွယ်လွန်


 နိုင်ငံရေးသိပ္ပံပညာရှင် Gene Sharp
နိုင်ငံရေးသိပ္ပံပညာရှင် Gene Sharp

အကြမ်းမဖက် နိုင်ငံရေးလှုပ်ရှားမှု သဘောတရားစာအုပ်တွေ ရေးသားခဲ့ပြီး ၊ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအံတုမှု လှုပ်ရှားမှုကို စေ့ဆော်ခဲ့သူ နိုင်ငံရေးသိပ္ပံပညာရှင် Gene Sharp ဟာ ပြီးခဲ့တဲ့ စနေနေ့က ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။ မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားမှု အပြောင်းအလဲ တွေမှာလည်း ဂျင်းရှပ်ရဲ့နိုင်ငံရေး အတွေးအခေါ်တွေက အများကြီး အကျိုးသက်ရောက်မှု ရှိစေခဲ့တယ်လို့ နိုင်ငံရေးလှုပ်ရှားသူ တချို့က ပြောပါတယ်။ ဒီအကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြမှာပါ။

မြန်မာ့နိုင်ငံရေး လှုပ်ရှားသူတွေကြားမှာ “အာဏာရှင်စနစ်မှ ဒီမိုကရေစီစနစ်သို့” ဆိုတဲ့စာအုပ်နဲ့ “နိုင်ငံရေးအံတုမှု လက်စွဲ” ဆိုတဲ့ ဒေါက်တာ ဂျင်းရှပ်ရဲ့ အတွေးအခေါ် နည်းနာစာအုပ်တွေဟာ ၁၉၉၀ ခုနှစ်နောက်ပိုင်း ထိုင်းမြန်မာနယ်စပ်နဲ့ မြန်မာပြည်တွင်းမှာပါ လူသိ များလာခဲ့တာပါ။ အခုတော့ Gene Sharp ဟာ အသက်(၉၀)အရွယ် အမေရိကန်ပြည်ထောင်စု မက်ဆာချူးဆက်ပြည်နယ် ဘော့စတွန်မြို့ နေအိမ်မှာ ပြီးခဲ့တဲ့ စနေနေ့ ဇန်နဝါရီ(၂၈)ရက်နေ့မှာ လူကြီးရောဂါနဲ့ပဲ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။

၁၉၈၈ မှာ အာဏာသိမ်းပြီးတက်လာတဲ့ စစ်အစိုးရကလည်း အစိုးရဆန့်ကျင်တဲ့ လှုပ်ရှားမှုမှာ နောက်ကွယ်ကပါဝင်သူ အမေရိကန်နိုင်ငံသား ၄ ယောက်ရှိတဲ့အနက် ဂျင်းရှပ်လဲ တယောက်အပါဝင်ဖြစ်တယ်လို့ ၁၉၉၆ ခုနှစ် သတင်းစာရှင်းလင်းပွဲတခုမှာ စွပ်စွဲပြောဆိုခဲ့ပြီး ဂျင်းရှပ်ရဲ့စာအုပ် လက်ဝယ်ထားရှိသူ၊ သူ့အတွေးအခေါ်ဆောင်းပါးတွေ ပြန်လည် ဖြန့်ဝေသူတွေကို ဖမ်းဆီး ထောင်ချခဲ့ပါတယ်။

မုံရွာမြို့က ဒေါက်တာ ဒေါ်ခင်မာကြည်ဟာ ဂျင်းရှပ်ရဲ့စာအုပ် လက်ဝယ်ထားရှိမှု တဆင့်ဖြန့်ဝေမှုတွေနဲ့ ၁၉၉၆ ခုနှစ် ဇွန်လမှာ ထောင်ဒဏ် (၇)နှစ် ချမှတ်ခံရပြီး၊ (၇)နှစ်လုံးလုံး တိုက်ပိတ်ခံရသူ ဖြစ်ပါတယ်။

"Gene Sharp ရဲ့ စာအုပ်က ကျမတို့ အကြမ်းမဖက်တဲ့ လမ်းစဉ်နဲ့ ပြည်သူကို စည်းရုံးပြီးတော့ ဆန့်ကျင်တဲ့နည်းလမ်းပါ။ အာဏာရှင်ကတော့ ဆန့်ကျင်တယ်ဆိုရင် ဖမ်းမှာပဲ။ အဲဒါကြောင့်မို့လို့ ကျမတို့ အဖမ်းခံရတာပါ။ ကျမတို့ နှစ်သက်တဲ့ အပိုင်းကဏ္ဍလေးတွေကို ဖြတ်ပြီးတော့ ပြည်သူထဲကို ကျမတို့ ဖြန့်တယ်လေ။"

ဂျင်းရှပ်ရဲ့စာအုပ်ကြောင့် စစ်အစိုးရက ဖမ်းဆီးထောင်ချခဲ့သူ ဒါဇင်နဲ့ချီ ရှိခဲ့ပါတယ်။ ဒေါက်တာဂျင်းရှပ်ဟာ ထိုင်းမြန်မာနယ်စပ် KNU ကရင်တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့ အခြေစိုက်တဲ့ မာနာပလောစခန်းကို ၁၉၉၀ ခုနှစ် ဝန်းကျင်လောက်က ရောက်လာခဲ့ပြီး စင်ပြိုင် အမျိုးသားညွန့်ပေါင်းအစိုးရ (NCGUB) နဲ့ ဆက်သွယ်လာသူ ဖြစ်ပြီး သူ့ရဲ့ မဟာဗျူဟာမြောက် အကြမ်းမဖက် လှုပ်ရှားမှုအတွေးအခေါ်တွေကို လာရောက်ရှင်းပြခဲ့သူပါ။ သူ့ရဲ့ “နိုင်ငံရေးအံတုမှု လက်စွဲ”စာအုပ်ကို ဘာသာပြန်ပေးခဲ့တဲ့ အဲဒီ အချိန်က ABSDF ကျောင်းသားတပ်မတော်ရဲ့ အထွေထွေအတွင်းရေးမှူး တာဝန်ယူခဲ့ဖူးတဲ့ ဦးအောင်သူငြိမ်းက ခုလို ပြန်ပြောပြပါတယ်။

"From Dictatorship to Democracy ပေါ့နော် အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ဆိုတာလေ အဲဒီစာအုပ်ကို ဘာသာပြန်တာ ကျနော်မဟုတ်ဘူးခင်ဗျ။ အဲဒါက ခေတ်ပြိုင်ကနေပြီးတော့ ဒီစာအုပ်ကိုထုတ်တယ်ပေါ့နော် ။ နောက်တခုကတော့ ကျနော်တို့နဲ့ နိုင်ငံရေးအံတုမှု ဆိုပြီးတော့ ကိစ္စတွေဆက်ဖြစ်တော့ သူက လူတိုင်းလည်းဖတ်လို့ရအောင် အိတ်ဆောင်စာအုပ်သဘောမျိုး ဆိုပြီးတော့ political defiance handbook ပေါ့ “နိုင်ငံရေးအံတုမှု လက်စွဲ” ဆိုပြီးတော့ ခပ်ပါးပါးလေးပြန်ရေးတယ်ပေါ့နော်။ အဲဒီတော့ ဘာသာပြန်ရေးရတာက ကျနေ်ာပြန်ပေးရတယ်။"

တကယ်တော့ ဒေါက်တာဂျင်းရှပ်ရဲ့ အကြမ်းမဖက်နည်းနဲ့ နိုင်ငံရေးအံတုမှုဟာ ဒီကနေ့အချိန်ထိ မြန်မာ့နိုင်ငံရေးမှာ အများကြီး အထောက်ကူ ဖြစ်စေခဲ့တယ်လို့ ဒေါက်တာ ဒေါ်ခင်မာကြည်က မှတ်ချက်ပေးပါတယ်။

"ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ လက်နက်ကိုင်လမ်းစဉ်နဲ့ သွားမယ်ဆိုရင် ဒီထက်ပိုပြီးတော့ ပေးဆပ်ရလိမ့်မယ်။ ပြည်သူတွေကလည်း ဒီငြိမ်းချမ်းတဲ့ လမ်းစဉ်ကို ကြိုက်တယ်။ ငြိမ်းချမ်းတဲ့ လမ်းစဉ်ကို ကြိုက်တယ်ဆိုတာက မြန်မာနိုင်ငံ ပြည်သူတွေအားလုံးမှာလည်း ဖြန့်ဝေထားတဲ့ ဂျင်းရှပ်ရဲ့အတွေးအခေါ်တွေလည်း ဝင်နေတာလည်းရှိမယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျမတို့ ၂၀၁၅ မှာ NLD ပါတီဟာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီးတော့ ပြိုင်ပွဲဝင်လိုက်တဲ့အခါမှာ လွှမ်းမိုးမှုလည်း အများဆုံးရှိတယ်။

ဂျင်းရှပ်ကွယ်လွန်သွားတဲ့ပေမယ့် သူ့အတွေးအခေါ်တွေ ဆက်ရှိနေဦးမှာဖြစ်တယ်လို့ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။

ဒေါက်တာဂျင်းရှပ်ဟာ အိန္ဒိယက အကြမ်းမဖက်လှုပ်ရှားမှုခေါင်းဆောင် မဟတမဂန္ဓီကြီးရဲ့နည်းနာကို နှစ်သစ် စွဲလမ်းသူဖြစ်ပြီး၊ ဂျင်းရှပ်ရဲ့ မဟာဗျူဟာမြောက် အကြမ်းမဖက်လှုပ်ရှားမှု (Strategic Non-Violence Actions)စာတမ်းကို ဘာသာပေါင်း ၅၀နဲ့ ဘာသာပြန် ထုတ်ဝေခဲ့ ပါတယ်။ သူ့အတွေးအခေါ်တွေဟာ အာဏာရှင်ကြီးစိုးတဲ့ အထူးသဖြင့် အရှေ့ဥရောပ၊ အီရန်နဲ့ မြန်မာနိုင်ငံတွေမှာ ရေပန်းစားခဲ့ပါတယ်။

မစ္စတာ ဂျင်းရှပ်ကို အမေရိကန် အိုဟိုင်းယိုးပြည်နယ်မှာ ၁၉၂၈ ဇန်နဝါရီ (၂၁)ရက်နေ့မှာ မွေးဖွားခဲ့ပြီး၊ အိုဟိုင်းယိုးပြည်နယ် တက္ကသိုလ်နဲ့ လန်ဒန်က Oxford တက္ကသိုလ်တွေမှာ နိုင်ငံရေးသိပ္ပံဘာသာရပ်နဲ့ ပညာသင်ကြားခဲ့ပါတယ်။ Massachusetts Dartmouth တက္ကသိုလ်မှာ နိုင်ငံရေး သိပ္ပံ ပါမောက္ခအဖြစ် လုပ်ဆောင်ခဲ့သူဖြစ်ပါတယ်။ ၁၉၈၀ ခုနှစ်မှာ Albert Einstein အင်စတီကျုဆိုတဲ့ အကြမ်းမဖက်လှုပ်ရှားရေး ဆိုင်ရာ သုတေသန အဖွဲ့ကိုတည်ထောင်ခဲ့သူပါ။

ဂျင်းရှပ်ကို ငြိမ်းချမ်းရေးနိုဘဲလ်ဆု ပေးဖို့ ၂၀၀၉- ၂၀၁၂နဲ့ ၂၀၁၃ ခုနှစ်တွေမှာ အမည်စာရင်းတင်သွင်းခံရပြီး၊ ၂၀၁၂ ခုနှစ်တုန်းက နောက်ဆုံး ဆန်ခါတင်အဆင့်အထိ အစဉ်းစားခံရသူဖြစ်ပါတယ်။ သူဟာ ၂၀၁၁ မှာ El-Hibri Peace Education Prize ငြိမ်းချမ်းရေးဆုကို ရခဲ့သလို၊ Right Livelihood Award တသက်တာ ဒီမိုကရေစီဆုကိုလဲ ရရှိခဲ့သူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG