သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်မှာ ပစ်ခတ်မှုနဲ့ ပေါက်ကွဲမှုတွေဖြစ်၊ လူသေဆုံးမှုရှိ


ရန်ကုန်မြို့တနေရာတွင် လုံခြုံရေးတင်းကြပ်ခဲ့စဉ် (AP Photo)
ရန်ကုန်မြို့တနေရာတွင် လုံခြုံရေးတင်းကြပ်ခဲ့စဉ် (AP Photo)

{{Zawgyi/Unicode}}

ရန်ကုန်မြို့၊ သာကေတမြို့နယ်မှာ ဒီကနေ့ လူတယောက် သေနတ်နဲ့ပစ်ခံရပြီး သေဆုံးသွားပါတယ်။ သာကေတမြို့နယ်အပါအဝင် ရန်ကုန်မြို့က နေရာတချို့မှာလည်း ပေါက်ကွဲမှုတွေ ဆက်တိုက်ဆိုသလို ဖြစ်နေပါတယ်။ မွန်ပြည်နယ် ဘီးလင်းမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ သေနတ်နဲ့ပစ်သတ်ခံရပါတယ်။ ဒီအခြေအနေအပြည့်အစုံ ရန်ကုန်ကလာတဲ့သတင်းကို မဆုမွန်က ပြောပြပါမယ်။

ရန်ကုန်၊ သာကေတမြို့နယ် ၃ ရပ်ကွက်မှာနေထိုင်တဲ့ ဦးဘုန်းငွေဆိုသူကို ဒီကနေ့ မနက်ပိုင်းက သေနတ်နဲ့ပစ်ခတ်ခဲ့လို့ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားပါတယ်။ သေနတ်နဲ့ပစ်ခတ်မှုဟာ ဘယ်သူ့လက်ချက်လဲဆိုတာတော့ မသိရသေးပါဘူး။ အခင်းဖြစ်ပြီးချိန်မှာ ရဲနဲ့စစ်တပ်ကရောက်လာပြီး အဲဒီအနီးတဝိုက်မှာ ရှာဖွေစစ်ဆေးတာတွေ လုပ်ခဲ့ပါတယ်။ သေဆုံးသွားသူဟာ ရပ်ကွက်ရာအိမ်မမှူးဖြစ်တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပေမဲ့ တကယ်က စစ်ကောင်စီသတင်းပေးဖြစ်တယ်လို့ အများက မြင်ကြသူဖြစ်တဲ့အကြောင်း အဲဒီအနီးဝန်းကျင်မှာ နေထိုင်သူတဦးက VOA ကိုပြောပါတယ်။

“ရာအိမ်မှူးတော့ မဟုတ်ဘူးဗျ။ ဒီစစ်ကောင်စီကို သတင်းပေးနေတဲ့ အမာခံသတင်းပေးတယောက်လို့တော့ ကြားသိရပါတယ်ဗျ။ မနက်စောစောပိုင်းလောက်က သူ့အိမ်ထဲကိုဝင်ပြီးတော့ သေနတ်နဲ့ပစ်တယ်။ ပစ်ပြီးတော့မှ သူတို့အိမ်ထဲကို ဗုံးတလုံးပစ်သွင်းတယ်လို့လည်း ကြားတယ်ဗျ။ ပြီးတော့ အဲဒီပတ်ဝန်းကျင်၊ သာကေတမြို့အနှံ့မှာ ဗုံးတွေခွဲတယ်လို့တော့ ကြားပါတယ်ဗျ။ လုံခြုံရေးကတော့ ပုံမှန်ပါပဲ။ တခုတော့ရှိတာပေါ့၊ စစ်ကောင်စီဘက်ကတော့ ကားတွေနဲ့ပတ်နေတယ်။ သူတို့လုပ်တဲ့သူတွေကို ပိုက်စိပ်တိုက်ပြီးတော့ ရှာဖွေနေတယ်။”

မနက် ၈ နာရီခွဲဝန်းကျင်မှာ ဒီလိုသေနတ်နဲ့ အပစ်ခံရတဲ့ အဖြစ်အပျက် ဖြစ်ခဲ့သလို သာကေတမြို့နယ်ထဲက ရပ်ကွက်တွေမှာ ပေါက်ကွဲမှုတွေလည်း ရှိခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ တချို့လည်းရှိခဲ့တယ်လို့ မြို့ခံတဦးကပြောပါတယ်။

“ကြားတာတော့ ၇လုံး၊ တချို့ကျတော့လည်း ဟိုနားထပ်ပေါက်တယ်၊ ဒီနားထပ်ပေါက်တယ်ပြောတော့ ကျနော်တို့ခန့်မှန်းကြည့်တာတော့ ၇ လုံးနဲ့ ၉ လုံးကြားတော့ ရှိသွားပြီဗျ။ ထိခိုက်မှုကတော့ နောက်ဆုံးပေါက်တဲ့ သာကေတ (၁၀) ရပ်ကွက်ဘက်က ဈေးနားကဗုံးကတော့ ကယ်ရီသမားတယောက်နဲ့ အမျိုးသမီးတယောက် ထိတယ်လို့တော့ ကြားတယ်ဗျ။”

ရန်ကုန်မြို့၊ လှိုင်သာယာမြို့နယ်၊ ၃ ရပ်ကွက်အတွင်းမှာရှိတဲ့ နေအိမ်တခုမှာလည်း ဗုဒ္ဓဟူးနေ့ညက ပေါက်ကွဲမှုတခုဖြစ်ခဲ့ပါတယ်။ လူထိခိုက်မှုမရှိပေမဲ့ အခင်းဖြစ်ပြီးပြီးချင်း စစ်ကားတွေရောက်လာပြီး ဒီကနေ့မှာတော့ အရပ်ဝတ်တွေနဲ့ ရပ်ကွက်ထဲရှိနေတယ်လို့ သိရပါတယ်။ ဗုံးအပစ်ခံရတဲ့ အဲဒီနေအိမ်ဟာ စစ်ကောင်စီကို ထောက်ခံအားပေးပြီး ရပ်ကွက်တွင်းသတင်းတွေကို ပေးနေတဲ့ အိမ်လို့ ရပ်ကွက်နေပြည်သူတွေက ပြောပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဗီအိုအေက သီးခြားအတည်မပြုနိုင်ပါဘူး။

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီ မြို့နယ်ဥက္ကဋ္ဌ ဦးမြင့်ဆွေနဲ့ သူ့အမျိုးသမီးတို့ဟာ ဒီကနေ့မနက်ပိုင်းက အလူးလေးရွာမှာရှိတဲ့ သူတို့ပိုင် ကြက်မောက်ဥယျာဉ်ကိုသွားရင်း သေနတ်နဲ့ ပစ်ခံရလို့ ဦးမြင့်ဆွေသေဆုံးသွားတယ်လို့ မွန်ပြည်နယ်ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူတဦးက ပြောပါတယ်။

“ခြံမရောက်ခင် တဖာလုံလောက်အလိုမှာ အဲ့လူငယ်နှစ်ယောက်က တားတယ်။ တားတော့ အဲ့မှာရပ်ပေးလိုက်တာ၊ ဆိုင်ကယ်နဲ့သွားတာပေါ့။ ရပ်ပေးလိုက်တော့ အဲ့မှာ ရပ်တဲ့အချိန်မှာ ပစ်တာပေ့ါ။ ပစ်တော့ ဥက္ကဋ္ဌ ဦးမြင့်ဆွေကိုတော့ အဲ့မှာခေါင်းကိုထိသွားတယ်၊ နောက်သူ့အမျိုးသမီးကတော့ လည်ပင်းနဲ့ မေရိုးကျိုးသွားတာပေ့ါ။ သူ့အမျိုးသမီးကတော့ ဒဏ်ရာရပြီးတော့ ကုတင် ၃၀၀ မော်လမြိုင်စစ်ဆေးရုံမှာ ကုထားတာပေါ့။ မေးရိုးကျိုးပြီးတော့ မေးရိုးကြေသွားတယ်။ နောက် သွား ခြောက်ချောင်း ထွက်သွားတယ်ပေါ့နော်။ လောလောဆယ်အတွင်းလူနာအဖြစ် အတွင်းလူနာဆိုတာ အသက်အန္တရာယ်ကတော့ သိပ်မစိုးရိမ်ရဘူးပေါ့နော်။”

ဒါ့အပြင် ဒီကနေ့ ချောင်းဆုံမြို့နယ်မှာလည်း ပြည်ခိုင်ဖြိုးပါတီရုံးဘေးကပ်လျက်မှာရှိတဲ့ ကျွန်းသာယာခန်းမဝင်းအတွင်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ အလားတူ မေလ ၁၁ ရက်နေ့တုန်းက ကျိုက်ထိုမြို့၊ ပြည်ခိုင်ဖြိုးပါတီရုံး ဗုံးပေါက်ကွဲမှုကြောင့် ရုံးကင်းစောင့်တဦး ဗုံးစထိမှန် ဒဏ်ရာရရှိခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီဝင်တွေ ပစ်မှတ်ထား တိုက်ခိုက်ခံနေရတယ်လို့ ပါတီတာဝန်ရှိသူတဦးက တုန့်ပြန်ပြောဆိုထားပါတယ်။

“ကျနော်တို့ပါတီက ပါတီနိုင်ငံရေး သွားနေတာကလွဲ ကျန်တာဘာမှ မပတ်သက်ဘူးလေ။ သို့သော်လည်း သူတို့က ကျနော်တို့အပေါ်မှာ အဲလိုပစ်မှတ်တွေထားလာတာတော့ ဒါမကောင်းဘူးပေါ့။၊ ဒါနိုင်ငံရေးပါတီအချင်းချင်း ဒီလိုပြောမယ်ဆိုရင်တော့ ကျနော်တို့မှာ လက်နက်ကိုင်ထားတဲ့ အဖွဲ့အစည်းလည်း မဟုတ်ဘူး။ နောက်ကျနော်တို့က ပြည်သူကိုဒုက္ခပေးနေတဲ့ အဖွဲ့အစည်းလည်းမဟုတ်ဘူး။ ပြီးရင် ဘာမှ ကျနော်တို့ရဲ့ ပါတီလုပ်ငန်းကိုပဲ ကျနော်တို့လုပ်နေတဲ့ လူတွေဖြစ်တယ်ပေါ့။ အဲလိုမျိုးအပေါ်မှာတော့ ဒီလိုမျိုးအကြမ်းဖက်ခံရတယ်၊ လက်နက်မရှိတဲ့လူကို လက်နက်နဲ့ အကြမ်းဖက်ခံရတယ်ဆိုတဲ့ဟာတွေကတော့ ကျနော်တို့အနေနဲ့ ဒါမဖြစ်သင့်တဲ့ကိစ္စတွေပေါ့နော်။”

ဘယ်သူတွေက ခုလို တိုက်ခိုက်နေသလဲဆိုတာတော့ အတိအကျမသိရသေးပါဘူး။ ခုလို ရန်ကုန်မြို့အပါအဝင် မြို့တွေမှာ စစ်တပ်နဲ့ ရဲတွေ ကင်းလှည့်သွားလာနေချိန် ဒီလို ကျူးလွန်သူမပေါ်တဲ့ သေနတ်နဲ့အပစ်ခံရတာတွေ၊ ပေါက်ကွဲမှုတွေဖြစ်နေတာကြောင့် ပြည်သူလူထုကြား လုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေကြပါတယ်။

.........................................................

တိုက်ရိုက် လင့်ခ်

{{Unicode}}












XS
SM
MD
LG