မြန်မာနိုင်ငံမှာ ဖမ်းဆီးထိန်းသိမ်းခံနေရတဲ့ ထိုင်းငါးဖမ်းသမားလေးယောက်ဆီ သွားတွေ့မယ့် အစီအစဉ်ကို ဖျက်သိမ်းပေးဖို့ ထိုင်းအတိုက်အခံပြည်သူ့ပါတီအမတ် Viroj Lakkana-adisorn ကို ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက တိုက်တွန်းနေပါတယ်။ ငါးဖမ်းသမားလေးယောက်ကို သွားတွေ့တာဟာ မြန်မာစစ်ကောင်စီကို အတင်းအကြပ် ဖိအားပေးသလို ဖြစ်သွားနိုင်တဲ့အတွက် အကျိုးထက် အပြစ်ပိုဖြစ်နိုင်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု ဝန်ကြီး Ras Chalee Chan က မနေ့က သတိပေးတာကို ထိုင်းနိုင်ငံထုတ် သတင်းစာတွေမှာ ရေးသားပါတယ်။
ထိုင်း အတိုက်အခံအမတ်လည်းဖြစ်၊ အောက်လွှတ်တော် စစ်ဘက်ရေးရာကော်မတီဥက္ကဋ္ဌလည်းဖြစ်တဲ့ ထိုင်းအတိုက်အခံ ပြည်သူ့ပါတီအမတ် Viroj Lakkana-adisorn က ကော့သောင်းကိုသွားပြီး ငါးဖမ်း သမားလေးယောက်ကို လူကိုယ်တိုင်သွားတွေ့ဖို့ စီစဉ်နေပါတယ်။ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန ကတော့ အခုလို သွားတွေ့မယ်ဆိုရင် သံတမန်ရေးအရ နည်းလမ်းကပဲ ချဉ်းကပ်ဖို့ တိုက်တွန်းနေပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့ကတည်းမှာ မြန်မာရေပိုင်နက်ထဲမှာ ငါးခိုးဖမ်းတယ်ဆိုပြီး မြန်မာရေတပ် က ပစ်ခတ်ဖမ်းဆီးခဲ့ပြီးတဲ့နောက် ထိုင်းငါးဖမ်းသမားတွေကို မြန်မာစစ်တပ်ကဖမ်းဆီးပြီး ထောင် ဒဏ်တွေ ချမှတ်ထားတာပါ။ သူတို့ကို မကြာခင် စစ်ကောင်စီက ပြန်လွှတ်ပေးမယ်ဆိုပြီး ထိုင်းအစိုးရ တာဝန်ရှိသူတွေ အကြိမ်ကြိမ် ပြောဆိုနေပေမဲ့ အခုအထိ အကျဉ်းထောင်ထဲမှာ ရှိနေပါတယ်။ သူတို့ကို ငါးခိုးဖမ်းမှု၊ နိုင်ငံတွင်း တရားမဝင်,ဝင်ရောက်မှုတွေနဲ့ စစ်ကောင်စီက အရေးယူထားပါတယ်။
သူတို့နဲ့အတူ မြန်မာငါးဖမ်းသမား ၂၇ ယောက်ကိုလည်း ဖမ်းဆီးထားပြီး ဖမ်းဆီးထားသူတွေထဲမှာ အကြမ်းဖက်လုပ်ရပ်နဲ့ ဆက်စပ်တဲ့ အထောက်အထားတွေတွေ့ရတဲ့အတွက် စစ်ဆေးနေကြောင်း အစောပိုင်းက ပြောထားပါတယ်။
Forum