မြန်မာရေတပ်က ပစ်ခတ်ဖမ်းဆီးခဲ့တဲ့ ထိုင်းငါးဖမ်းစက်လှေမှာ လိုက်ပါသွားသူတွေထဲက ထိုင်းနိုင်ငံသား ၄ ယောက်ကို ထောင်ဒဏ်ချမှတ်လိုက်ကြောင်း ထိုင်းသတင်းတွေက ဖော်ပြပါတယ်။
စက်လှေပိုင်ရှင်ကို မြန်မာရေပိုင်နက်မှာ တရားမဝင် ငါးခိုးဖမ်းမှုနဲ့ ထောင်ဒဏ် ၅ နှစ်အပြင် နိုင်ငံတွင်း တရားမဝင်,ဝင်ရောက်မှုနဲ့ ၁ နှစ် စုစုပေါင်း ထောင်ဒဏ် ၆ နှစ်၊ ဒဏ်ငွေအဖြစ် မြန်မာကျပ်ငွေ ၂ သိန်း ချမှတ်လိုက်ကြောင်း ကော့သောင်းတရားရုံးနဲ့ နီးစပ်သူတွေကို ကိုးကားပြီး သတင်းတွေမှာ ဖော်ပြခဲ့တာပါ။ ကျန် ၃ ဦးကိုတော့ ငါးခိုးဖမ်းမှု၊ တရားမဝင် နိုင်ငံတွင်း ဝင်ရောက်မှုတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၄ နှစ်၊ ငွေဒဏ် ကျပ် ၃ သောင်း ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ထောင်ဒဏ် အပြစ်ပေးခံခဲ့ရတဲ့ ထိုင်းငါးဖမ်းသမားတွေ နှစ်သစ်ကူးကာလ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာနိုင်ကြောင်းလည်း ထိုင်းဝန်ကြီးချုပ် Paetongtarn Shinawatra ကို ကိုးကားပြီး ထိုင်းသတင်းတွေမှာ ဖော်ပြနေကြတာပါ။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်နေ့က ထိုင်းငါးဖမ်းစက်လှေတွေကို ငါးခိုးဖမ်းနေတယ်ဆိုပြီး မြန်မာရေတပ် က ပစ်ခတ်ဖမ်းဆီးခဲ့ရာမှာ ရေထဲခုန်ချထွက်ပြေးရာက တဦး သေဆုံးခဲ့ပါတယ်။ ထိုင်းနိုင်ငံသား ၄ ယောက်နဲ့ မြန်မာ ၂၇ ယောက်ကိုလည်း ဖမ်းဆီးခဲ့တာပါ။ ဖမ်းဆီးခံထားရတဲ့ မြန်မာနိုင်ငံသားတွေရဲ့ အခြေအနေကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ စစ်ကောင်စီ ပြောခွင့်ရကတော့ စုံစမ်း စစ်ဆေးမှုတွေအတွင်း လက်နက်မဟုတ်တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ ဆက်စပ်တဲ့ အထောက်အထားတွေ တွေ့ရကြောင်း အစောပိုင်းမှာ ပြောထားပါတယ်။
Forum