သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အော်လန်းဒိုးပစ်ခတ်မှု အကြမ်းဖက်မှုအဖြစ် FBI စုံစမ်းနေ


အော်လန်းဒိုး ပစ်ခတ်မှု အကြမ်းဖက်မှုအဖြစ် FBI စုံစမ်းနေကြောင်း သမ္မတက သတင်းထောက်တွေကိုပြောသွားပါတယ်။
အော်လန်းဒိုး ပစ်ခတ်မှု အကြမ်းဖက်မှုအဖြစ် FBI စုံစမ်းနေကြောင်း သမ္မတက သတင်းထောက်တွေကိုပြောသွားပါတယ်။

ဖလော်ရီဒါပြည်နယ် အော်လန်းဒိုးမြို့မှာ တနင်္ဂနွေ မနက်အစောပိုင်း ကဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုဟာ အမေရိကန်သမိုင်းမှာ အဆိုးရွားဆုံး လူအစုလိုက်အပြုံလိုက် သေစေခဲ့တဲ့ ပစ်ခတ်မှုတခုဖြစ်ပြီး အကြမ်းဖက်လုပ်ရပ်သာမက အမုန်းတရားလုပ်ရပ်လည်း ဖြစ်တယ်လို့ အမေရိကန်သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

အမေရိကန်ပြည်ထောင်စုထဲမှာပဲ စည်းရုံးသိမ်းသွင်းခံရတဲ့ အကြမ်းဖက်သမားတွေရဲ့လုပ်ရပ်ကြောင့် အနာဂတ်ပြည်တွင်း လုံခြုံရေးကို အများပြည်သူ စိုးရိမ်မကင်းဖြစ်နေချိန်မှာ ဖလော်ရီဒါပြည်နယ်က မြန်မာ-အမေရိကန်ပြည်သူတချို့ရဲ့ အမြင်တွေကို မအင်ကြင်းနိုင်က စုစည်းတင်ပြထားပါတယ်။

အော်လန်းဒိုးမြို့က လိင်တူစုံမက်ကြသူများစုဝေးရာ ညကလပ်တခုကို မနေ့မနက်အစောပိုင်းက သေနတ်သမားတဦး ဝင်ရောက်ပစ်ခတ်မှုကြောင့် လူပေါင်း (၅၀)ဦးသေဆုံးပြီး (၅၃)ဦး ဒဏ်ရာရခဲ့ပါတယ်။ ဒါဟာ အမေရိကန်သမိုင်းမှာ သေနတ်နဲ့ပစ်ခတ်တဲ့အကြမ်းဖက်မှုတွေထဲ လူအများဆုံးသေဆုံးခဲ့ရတဲ့ ဖြစ်ရပ်တခုပါ။

အကြမ်းဖက်မှုဖြစ်ပြီး နာရီပိုင်းအကြာ ဒေသစံတော်ချိန်နေ့လည်ပိုင်းမှာ အမေရိကန်သမ္မတအိုဘားမားက အိမ်ဖြူတော်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သေဆုံးခဲ့သူတွေနဲ့ မိသားစုဝင်တွေအတွက် ဝမ်းနည်းကြေကွဲမိကြောင်းပြောဆိုခဲ့ပါတယ်။ ဒီပစ်ခတ်မှုအတွက် စုံစမ်းစစ်ဆေးမှုတွေကိုစတင် လုပ်ဆောင်နေပြီး ဒါဟာ အကြမ်းဖက်လုပ်ရပ်သာမက အမုန်းတရားအခြေခံတဲ့လုပ်ရပ်လည်းဖြစ်တယ်ဆိုတာကိုတော့ အခုချိန်မှာ သူ့အနေနဲ့ ပြောနိုင်ပြီးဖြစ်ကြောင်း သမ္မတက အခုလို သတင်းထောက်တွေကိုပြောသွားပါတယ်။

“ဒီတိုက်ခိုက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကျနော်တို့ လေ့လာနေတုန်းပဲ ဖြစ်ပါတယ်။ ဒါဟာ ဆက်လက် စုံစမ်းနေဆဲ အမှုဖြစ်ပါတယ်။ လူသတ်သမားက ဘယ်လို သဘောမျိုးနဲ့ တိုက်ခိုက်တယ်ဆိုတာကို ကျနော်တို့အနေနဲ့ တိကျတဲ့ ဆုံးဖြတ်ချက် မရချသေးပါဘူး။ FBI အနေနဲ့လည်း အကျိုးအကြောင်း ဆီလျော်စွာပဲ ဒီကိစ္စကို အကြမ်းဖက် တိုက်ခိုက်မှုသဖွယ် စုံစမ်း စစ်ဆေးနေပါတယ်။ လူသတ်သမားအနေနဲ့ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ်မှု ရှိမရှိဆိုတာ သိနိုင်ဖို့ အစွမ်းကုန် စုံစမ်း စစ်ဆေးကြဖို့အတွက်လည်း ကျနော် ညွန်ကြားထားပါတယ်။ သေချာတာကတော့ သေနတ်သမားဟာ အမုန်းတရားတွေနဲ့ ပြည့်နေတဲ့သူ ဆိုတာပါပဲ။ လာမယ့် ရက်တွေအတွင်းမှာ ဒီကိစ္စ ဘာကြောင့်ဖြစ်ရတယ်၊ ဘယ်လို ဖြစ်ရတယ်ဆိုတာကို ကျနော်တို့ သိရှိကြရမှာ ဖြစ်ပါတယ်။ ရှာဖွေ တွေ့ရှိတဲ့ အချက်တွေအပေါ် မူတည်ပြီး ကျနော်တို့ ဆက်လက် ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အခုလို ပြည်တွင်းမှာ အကြမ်းဖက် ပစ်ခတ်မှုတွေကြောင့် လူတွေသေဆုံးခဲ့တာနဲ့ပတ်သက်လို့ မစ္စတာ အိုဘားမား အနေနဲ့ သတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့အကြိမ်ပေါင်း ဟာ သူရဲ့၈ နှစ်ကြာ သမ္မတသက်တမ်းအတွင်း (၁၅) ကြိမ်မြောက်လည်း ဖြစ်ပါတယ်။

လောလောဆယ်ပစ်ခတ်မှုဖြစ်ခဲ့တဲ့ နေရာနဲ့ အနီးအနားဝန်းကျင်တွေမှာတော့ လုံခြုံရေးတင်းကြပ်မှုတွေ ရှိနေတယ်လို့ အော်လန်းဒိုးမြို့မှာနေတဲ့ မြန်မာအမျိုးသမီးတဦးက ဗွီအိုအေကိုပြောပါတယ်။

“စိတ်ကတော့ တော်တော်လေးကိုမကောင်းဘူး။ ကိုယ်နေတဲ့မြို့မှာဖြစ်တယ်ဆိုတော့လေ တော်တော်လေးကို စိတ်မကောင်းဘူး အဲဒီသေသွားတဲ့လူတွေအတွက်ရော၊ ကျန်ခဲ့တဲ့ မိသားစုတွေအတွက်ရောပေါ့နော်။ လုံခြုံရေးကတော့ အဲဒီဘက် ဧရိယာတွေမှာတော့ တော်တော်တော့ tight ဖြစ်နေမှာပဲ။ ဒါပေမယ့်သူတို့ ပစ်တဲ့လူကို သူအသေဖမ်းမိလိုက်တယ်ဆိုတော့လေ။”

အသက် (၂၉)နှစ်အရွယ် သေနတ်သမားအမည်ဟာ Omar Saddiqui Mateen ဖြစ်ပြီး သူ့ကို နယူးရောက်မြို့မှာ အာဖဂန်မိဘနှစ်ဦးက မွေးဖွားခဲ့တာဖြစ်ပါတယ်။

ညကလပ်ကို ဝင်ရောက်ပစ်ခတ်ရာမှာ သူသုံးခဲ့တဲ့ AR 15 မောင်းပြန်ရိုင်ဖယ်သေနတ်ဟာ မိနစ်ပိုင်းအတွင်း လူတွေကို အစုလိုက်အပြုံလိုက်သေအောင်ပစ်ခတ်နိုင်တာပါ။ ဒီလိုဆီမီးရိုင်ဖယ်လ်လို သေနတ်မျိုးကို အမေရိကန်ပြည်ထောင်စုမှ အလွယ်တကူဝယ်ယူလို့ရနိုင်ပြီး ဒါကို အကြမ်းဖက်သမားတွေက အသုံးချခဲ့တယ်လို့ မြင်ကြောင်း ဖလော်ရီဒါပြည်နယ်က မြန်မာဆရာဝန်တဦးကလည်း ပြောပါတယ်။

“ Terrorist တွေအတွက်ပိုပြီးလွယ်တာက ဒီ Gun Control က ဒီနိုင်ငံမှာ လုံးဝတင်းကျပ်မှုမရှိဘူး။ အထူးသဖြင့် Florida မှာဆိုရင် တခြား state ထက်လျော့တယ်။ Florida တို့ New Hampshire တို့ Texas တို့ဆိုရင် လိုင်စင်တောင်မလိုဘူး ကျနော်ဆိုရင် Ring shooting ဝါသနာပါလို့သွားဝယ်တယ်ဆိုရင် background check လုပ်ပြီးရင် ရတယ်။ ဘာလိုင်စင်မှမလိုဘူး အိမ်မှာထားဖို့အတွက်ပေါ့နော်။ အထူးသဖြင့် ဒီ ဆီမီးအော်တိုမက်တစ်ရိုင်ဖယ်လ် ဆိုရင် အချိန်တိုတိုအတွင်းမှာ အကြိမ် အများကြီးပစ်လို့ရတော့ လူတွေအများကြီးထိနိုင်ပါတယ်။”

သေနတ်သမား Mateen သူ့ကို အမေရိကန်လုံခြုံရေးတပ်တွေက ပစ်မသတ်ခင်မှာ ကလပ်မှာရှိတဲ့လူအမြောက်အများကို ဓါးစာခံအဖြစ် သုံးနာရီကြာအောင် ထိန်းချုပ်ထားခဲ့ပါတယ်။

တနင်္ဂနွေနေ့အစောပိုင်းက အကြမ်းဖက်ပစ်ခတ်မှုကြောင်း သေဆုံးခဲ့တဲ့သူတွေအတွက် ဝမ်းနည်းကြေကွဲဖွယ်အထိမ်းအမှတ်အနေနဲ့ အမေရိကန်အလံတွေကို တိုင်တဝက်ပဲ လွှင့်ထူဖို့ သမ္မတအိုဘားမားက အမိန့်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG