သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိဘမဲ့ ရိုဟင်ဂျာကလေးများ စောင့်ရှောက်မှု လိုအပ်နေ


မိဘမဲ့ရိုဟင်ဂျာကလေးများ
မိဘမဲ့ရိုဟင်ဂျာကလေးများ

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွေက ရိုဟင်ဂျာကလေးငယ်တွေအတွက် အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အစီရင်ခံစာအသစ်က ဖော်ပြလိုက်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာမိသားစုတွေရဲ့ အာဟာရချို့တဲ့နေတဲ့ ကလေးငယ်တွေအတွက် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုအပါအဝင် ရာသီဥတုပူပြင်းတဲ့ ဒဏ်နဲ့ မုတ်သုံရာသီရောက်လာတဲ့အခါ မိုးသည်းထန်စွာရွာသွန်းမှု ဆိုးဝါးတဲ့ ဒဏ်ခံနိုင်အောင် ကျန်းမာရေးနဲ့ညီညွတ်တဲ့ နေထိုင်မှုတွေ အပြင် ပညာဆက်လက်သင်ကြားနိုင်ခွင့်တွေလည်း လိုအပ်တယ်လို့လည်း ဒုက္ခသည်စခန်းရောက် ရိုဟင်ဂျာဒုက္ခသည်တွေကပြောပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ မဆုမွန် ဆက်ပြောပြပါမယ်။

မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ထဲမှာ ရိုဟင်ဂျာကလေးငယ် ခန့်မှန်းအရေအတွက် တစ်သိန်းရှစ်သောင်းငါးထောင်ခန့် ၁၈၅,၀၀၀ ရှိနေသေးပြီး သူတို့ မိသားစုတွေ၊ ဆွေမျိုးချင်းတွေနဲ့ အိမ်နီးချင်းတွေ ထွက်ပြေးသွားရတဲ့ အကြမ်းဖက်အခြေအနေနဲ့ ဆိုးရွားလှတဲ့အနေအထားတွေကြောင့် ထိတ်လန့်နေကြတယ်လို့ UNICEF က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံ စာမှာ ဖော်ပြထားပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ခြမ်း တိမ်းရှောင်သွားတဲ့ ရိုဟင်ဂျာကလေးငယ်တွေကတော့ ပြီးခဲ့တဲ့နှစ်နဲ့ အရင်ကထွက်ပြေးသွားတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ် ခန့်မှန်း ခြေ ငါးသိန်းသုံးသောင်း လေးထောင် (၅၃၄,၀၀၀) ပတ်ဝန်းကျင်ရှိနေတယ်လို့ ဆိုထားပါတယ်။

ဒီလိုမျိုးမြန်မာနိုင်ငံမှာရော ဘင်္ဂလားဒေ့ရှ်မှာပါ ရှိနေတဲ့ ရိုဟင်ဂျာကလေးငယ်တွေဟာ အခြေအနေဆိုးတွေထဲမှာ ပိတ်မိနေပြီး သူတို့ရဲ့ အခြေခံအခွင့်အရေး တွေ ဆုံးရှုံးနေသလို သူတို့ရဲ့အနာဂတ်အပေါ် စိုးရိမ်စရာဖြစ်နေတယ်လို့ အစီရင်ခံစာပြုစုရေးသားသူ UNICEF အဖွဲ့ရဲ့ ပြန်ကြားရေးဆိုင်ရာ အကြီးတန်း အကြံပေးပုဂ္ဂိုလ် Simon Ingram က အစီရင်ခံစာထုတ်ပြန်တဲ့ ဖေဖော်ဝါရီလ ၂၂ ရက်၊ ကြာသပတေးနေ့မှာ ပြောထားပါတယ်။ UNICEF အဖွဲ့ရဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာကိုယ်စားလှယ် Edouard Beigbeder ကလည်း ရိုဟင်ဂျာဒုက္ခသည် ကလေးငယ်တွေ အခုလက်ရှိ အရေးတကြီးလိုအပ်နေတာတွေနဲ့ပတ်သက်လို့ သတင်းစာရှင်းလင်းပွဲအတွင်း အခုလို ပြော ပါတယ်။

“ပထမထောက်ပံ့ရမှာက အသက်ရှင်သန်ရေးအတွက်ပါ။ ဒုတိယကတော့ မျှော်လင့်ချက်ဖြစ်ပါတယ်။ ဒီကလေး တွေနဲ့ သူတို့ရဲ့မိဘတွေမှာ မျှော်လင့်ချက် ပြန်ရှင်သန်လာအောင် လုပ်ပေးဖို့ တကယ့်ကို လိုအပ်နေပါတယ်။ ဒါကြောင့်လည်း ကျောင်းအတွက်၊ ပညာရေးအတွက် ကူညီဖို့ သိပ်ကိုအရေးကြီးနေတာပါ။ ဒါက ကလေးတွေ ကျောင်းပြန်တက်ရဖို့တင်မဟုတ်ဘဲ ပုံမှန်ပတ်ဝန်းကျင်မျိုးမှာ သူတို့ ပြန်ရှင်သန်ခွင့် ရစေဖို့ပါ။”

ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေထဲက တချို့ဟာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ နယ်မြေရှင်းလင်းမှုတွေမှာ အသတ်ခံလိုက်ရတဲ့ မိသားစုတွေထဲက မိဘမဲ့ကလေးတွေဖြစ်ပြီး ဒုက္ခသည်စခန်းရောက်လာတဲ့သူတို့ကို ဆွေမျိုးမိတ်ဆွေတွေက စောင့်ရှောက်ထားကြပေမဲ့လို့ စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေနဲ့ ကျန်းမာရေးချို့တဲ့မှုနဲ့ ရင်ဆိုင်နေရတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံ Cox's Bazar မှာရှိတဲ့ Balukhali ဒုက္ခသည်စခန်းမှာ ခိုလှုံနေထိုင်တဲ့ ကိုအီစလံက အခုလိုပြောပြပါတယ်။

" မိဘမဲ့ကလေးငယ်တွေ တော်တော်များများရှိတယ်ခင်ဗျာ ဒီမိဘမဲ့ကလေးတွေက ဟိုမှာ အသတ်ခံရတဲ့ မိသားစုရဲ့ ကလေးတွေပေါ့။ နောက် ဒီမှာ ကျန်းမာရေးချို့တဲ့တဲ့ကလေးတွေ အာဟာရချို့တဲ့တဲ့ကလေးတွေ အတိဒုက္ခရောက်နေတဲ့ အာဟာရချို့တဲ့ကလေးတွေ တွေ့ရပါတယ်။ ကျနော်တို့ ဒုက္ခသည်စခန်းတိုင်းမှာ ကလေးငယ်တွေ အာဟာရချို့တဲ့တာတို့ မိဘမဲ့ကလေးငယ်တို့ အဲ့လို ဆင်းရဲကြတဲ့ကလေးလေးတွေ မြင်တွေ့ရတယ်။"

ရိုဟင်ဂျာဒုက္ခသည်ကလေးငယ်တွေအပါအဝင် သက်ကြီးရွယ်အိုတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေ ကျန်းမာရေးချို့တဲ့သူတွေအတွက် သိန်းနဲ့ချီခိုလှုံနေရတဲ့ ဘင်္ဂလားဒေ့ရှ်နယ်စပ်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်မှု အခက်အခဲဖြစ်ကြရတဲ့အပြင် ပူပြင်းလာတဲ့ ရာသီဥတုဆိုးဝါးမှုနဲ့ လာမယ့် မုတ်သုံမိုးရာသီအတွက်လည်း စိုးရိမ်မှုတွေရှိနေကြတယ်လို့ Balukhali ဒုက္ခသည်စခန်းက ကိုအီစလံက ပြောပြပါတယ်။

" ဟုတ်ကဲ့ပါ ရှေ့လဆို မတ်လ ရောက်မှာပါ။ နွေရာသီအပူချိန်ရာသီရောက်ပြီဆိုတော့ အပူချိန်တွေက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ မြန်မာထက်ကို အပူချိန် ပြင်းထန်ပါတယ်။ အခု နွေရာသီအချိန်ကာလဆိုရင် နှစ်ပေ သုံးပေ အခန်းလေးမှာ နှစ်ပေသုံးပေ အမိုးအကာအောက် အမြင့်အောက်မှာ နေရတယ်ဆိုတော့ အပူချိန်က တော်တော်လေး ခံစားရမှာပါ။ နောက် အပူရှိန်ကြောင့် ဝမ်းပျက် ဝမ်းလျှော ရောဂါတို့ အခြားရောဂါတို့ ဝင်လာမှာကို စိုးရိမ်ပါတယ်။ နောက် မိုးရာသီဆိုရင်လည်း ဒီလိုကလေးငယ်တွေ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေ ဒီလိုပဲ ကြုံရမှာကိုလည်း စိုးရိမ်ကြပါတယ်။ နောက်ပြီးတော့ မိုးရာသီရောက်ပြီဆိုရင်လည်း မိုးရွာသွန်းမှုက ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ များပါတယ် လေမုန်တိုင်းတို့ မိုးကြီးလေကြီးတို့ အဲ့တာ ရင်ဆိုင်ရမှာပါ အဲ့တာကို အလွန်စိုးရိမ်နေကြပါတယ်ခင်ဗျာ။"

အခုလို သိန်းနဲ့ချီ ခိုလှုံနေကြတဲ့ ဒုက္ခသည်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရ နောက် ကုလသမဂ္ဂလက်အောက်ခံအဖွဲ့အစည်းတွေအပါအဝင် စေတနာရှင်အဖွဲ့တွေက လှူဒါန်းမှုတွေနဲ့ အခြေခံ ကျန်းမာရေးစောင့်ရှောက်မှု နေထိုင်စားသောက်မှုတွေအတွက် တာဝန်ယူ ဆောင်ရွက်ပေးနေပေမဲ့လို့ အခက်အခဲတွေနဲ့ ကြုံနေရဆဲဖြစ်ပါတယ်။ ဒါပေမဲ့လို့ သူတို့နေရပ်ရင်းကို ပြန်ဖို့ကလည်း လုံခြုံရေးစိုးရိမ်နေရဆဲ အခြေအနေဖြစ်တာကြောင့် အဆင်မပြေသေးဘူးလို့ ကုတုပလောင်ဒုက္ခသည်စခန်းနေ ဦးမောင်မောင်ကပြောပြပါတယ်။ အထူးသဖြင့်ကတော့ ကလေးငယ်တွေအတွက် ပညာဆက်လက်သင်ကြားနိုင်ခွင့်နဲ့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခဲ့တာတွေကို ပြန်လည်ကုစားပေးဖို့ကလည်း အရေးတကြီးလိုအပ်တယ်လို့ ဒုက္ခသည်စခန်းနေ ဒုက္ခသည်တွေကပြောပါတယ်။

"ဟုတ်ကဲ့ အစားအစာ ကျန်းမာရေးစောင့်ရှောက်မှု ဆေးကုသမှုတွေ ဘာတွေ အဲ့တာတွေ ကလေးတွေ လိုအပ်တယ်။ နောက် ပညာသင်ကြားခွင့်ကိုလည်း ကျနော်တို့ လိုလားနေပါတယ်။ ဒါပေမဲ့ လောလောဆယ်တော့ ရသင့်ရထိုက်တာတွေ ရဖို့ ကျျနော်တို့ ကြိုးစားနေပါတယ်။"

ရခိုင်မြောက်ပိုင်းမှာ လူနည်းစုရိုဟင်ဂျာတွေအပေါ် မတရားဖမ်းဆီးအရေးယူတာတွေအပါအဝင် အကြမ်းဖက်မှုတွေ အဆုံးသတ်ဖို့၊ ရိုဟင်ဂျာတွေအပေါ် ရွှေ့ပြောင်းသွားလာခွင့် ကန့်သတ်ထားတာ၊ ကျန်းမာရေး၊ ပညာရေးနဲ့ အသက်မွေးဝမ်းကျောင်းမှုတွေမှာ ပြင်းထန်လွန်းတဲ့ ကန့်သတ်ချက်တွေ ရှိနေတာကို ရည်ညွှန်းပြီး ရခိုင်ပြည်နယ်က လူ့အခွင့်အရေးအကျပ်အတည်းကို ကိုင်တွယ်ဖြေရှင်းဖို့ မြန်မာအစိုးရကိုလည်း UNICEF အပါအဝင် ကုလအဖွဲ့အစည်းတွေ က တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG