ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ရောက်နေတဲ့ ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ် ထောင်ပေါင်းများစွာနဲ့ သူတို့မိသားစုတွေအတွက် ကုလ သမဂ္ဂ ကလေးသူငယ်များ ရန်ပုံငွေအဖွဲ့ UNICEF ရဲ့ အရေးပေါ်အကူအညီတွေ ဒါကာမြို့တော်မှာရောက်သွားပါပြီ။
မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားသူတွေလို့ပြောတဲ့ အဲဒီဒုက္ခသည်တွေကို မြန်မာအစိုးရက ရိုဟင်ဂျာလို့မခေါ်ဘဲ ရခိုင်ပြည်နယ်က မွတ်စလင်များလို့ သုံးနှုန်းပြောဆိုသလို မြန်မာလူထုအများစုကလဲ ဘင်္ဂါလီဆိုပြီး သုံးစွဲ ပြောဆိုကြပါတယ်။
ဒိန်းမတ်နိုင်ငံ၊ ကိုပင်ဟေဂင်မြို့ကနေ ထွက်သွားတဲ့ ကုန်တင်လေယာဉ်ပေါ်မှာ ရေသန့်ဆေးပြားတွေ၊ မိသားစု သန့်ရှင်းရေး ပစ္စည်းတွေ၊ ရေနဲ့မိလ္လာဆိုင်ရာပစ္စည်းတွေ၊ ပလတ်စတစ်အမိုးအကာတွေ၊ ကလေးတွေအတွက် ကစားစရာတွေနဲ့ တခြားပစ္စည်း တန် ၁၀၀ ပါသွားပါတယ်။
ရိုဟင်ဂျာ ဒုက္ခသည်ကလေးငယ် ခန့်မှန်းခြေ ၂ သိန်းခွဲလောက်အတွက် အရေးပေါ်လိုအပ်နေတဲ့ အကူအညီတွေကို အခုရောက် သွားတဲ့ပစ္စည်းတွေနဲ့ ဖြည့်ပေးမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသူပေါင်းဟာ ကလေး ငယ်တွေအပါဝင် လူပေါင်း ၄ သိန်း ၃ သောင်းနီးပါး ရှိပြီလို့ ကုလသမဂ္ဂနဲ့ နို်င်ငံတကာအဖွဲ့အစည်းတွေက ပြောထားပါတယ်။ ဒုက္ခ သည်တွေဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံတောင်ပိုင်းမှာ ဆိုးရွားတဲ့အခြေအနေတွေနဲ့ နေထိုင်နေကြရပါတယ်။
အခုရောက်သွားတဲ့ အကူအညီပစ္စည်းတွေကို ထရပ်ကားတွေနဲ့တင်ပြီး အဲဒီ နိုင်ငံတောင်ပိုင်း Cox’s Bazar ဒေသကို ပို့ပေးမှာပါ။ ဘင်္ဂလားဒေ့ရှ်တောင်ပိုင်းက ဒုက္ခသည်တွေကို နောက်သုံးလအတွင်း အကူအညီပေးဖို့အတွက် နောက်ထပ်ရန်ပုံငွေ ဒေါ်လာ ၇.၃ သန်း UNICEF က ပန်ကြားထားပါတယ်။ ဒါပေမဲ့ ဒုက္ခသည်အရေအတွက် တိုးလာတာနဲ့အမျှ နောက်ထပ်ရန်ပုံငွေတွေ လိုအပ်လာ မှာဖြစ်ပါတယ်။