Netflix နက်ဖလစ် အွန်လိုင်းရုပ်သံလိုင်းက ထုတ်လုပ်ပြီး စပိန်ဘာသာနဲ့ရိုက်ကူးထားတဲ့ တေးသရုပ်ဖော်ရုပ်ရှင် "Emilia Perez" "အယ်မီလီယာ ပီရက်ဇ်" က အော်စကာဆုအတွက် တစ်ကြိုအမည်စာရင်းတင်သွင်းခံရတဲ့ ရုပ်ရှင်တွေထဲမှာ ထိပ်ဆုံးကနေ ဦးဆောင်နေပါတယ်။ ဇန်နဝါရီ ၂၃ ရက် ကြာသပတေးနေ့က ကြေညာသွားတဲ့ တစ်ကြိုစာရင်းထဲမှာတော့ "The Brutalist" နဲ့ "Wicked" ဇာတ်ကားတို့က ဒုတိယက လိုက်ပါတယ်။
မက္ကဆီကို မူးယစ်ရာဇာတယောက်က အမျိုးသမီးဘဝကို ပြောင်းလဲခံယူပြီး ဘဝသစ်စတင်တဲ့ ဇာတ်လမ်းဖြစ်တဲ့ "အယ်မီလီယာ ပီရက်ဇ်" က ဆု ၁၃ ဆုအတွက် တစ်ကြိုရွေးခံထားရတာ ဖြစ်ပါတယ်။ ဂျူးမျိုးနွယ်တွေကို လူမျိူးတုန်းသတ်ဖြတ်မှုကနေ လွတ်မြောက်ကျန်ရသ်သူတဦး အမေရိကန်အိပ်မက်ကို အကောင်အထည်ဖော်ဖို့ ကြိုးစားတဲ့အကြောင်း ဇာတ်အိမ်တည်ရိုက်ထားတဲ့ "The Brutalist" ဇာတ်ကားနဲ့ "The Wizard of Oz" ရုပ်ရှင်ရဲ့ ရှေ့ဖြစ်ဇာတ်လမ်း "Wicked" ရုပ်ရှင်ကားတို့က တစ်ကြိုဆု နေရာ ၁၀ ခုစီ အတွက် စကာတင် ရွေးခံရထားတာပါ။
ဒီရုပ်ရှင်သုံးကားလုံးက မတ်လ ၂ ရက်နေ့မှာ ဟောလီးဝုဒ်မှာ ကျင်းပမယ့် အော်စကာဆုပေးပွဲမှာ အကောင်းဆုံးရုပ်ရှင်ဆုအတွက် ယှဉ်ပြိုင်ကြမှာ ဖြစ်ပါတယ်။
နာမည်ကျော်သရုပ်ဆောင်တွေ ဖြစ်တဲ့ Bowen Yang ဘိုဝင်ယန်းနဲ့ Rachel Sennott ရေးချဲလ်ဆီနော့တို့က ဒီ အော်စကာဆု စကာတင်စာရင်းကို ကြေညာခဲ့တာ ဖြစ်ပြီး ရုပ်ရှင်လောကရဲ့ အမြင့်ဆုံးဂုဏ်ပြုဆုဖြစ်တဲ့ ဒီအော်စကာ စကာတင်စာရင်းကြေညာတာက ဒီနှစ် ၂ ကြိမ်တိတိ ရွှေ့ခဲ့ရတာ ဖြစ်ပါတယ်။ ဒီလထဲမှာ လော့စ်အိန်ဂျလိစ်မြို့ရဲ့ နေရာတချို့မှာ တောမီးကူးစက်လောင်ကျွမ်းမှ ဆိုးဆိုးရွားရွားဖြစ်ခဲ့လို့ ကော်ဇော်နီခင်း အခမ်းအနား တော်တော်များများကိုလည်း ရွှေ့ဆိုင်း၊ ဖျက်သိမ်းခဲ့ရပါတယ်။
အော်စကာဆုပေးပွဲကိုတော့ ရုပ်ရှင်အနုပညာနဲ့ လော့စ်အိန်ဂျလိစ်မြို့ရဲ့ ခံနိုင်ရည်စွမ်းအားကို ဂုဏ်ပြုတဲ့ အနေနဲ့ ကျင်းပသွားမယ်လို့ စီစဉ်သူတွေက ပြောပါတယ်။
ရုပ်ရှင်အကယ်ဒမီက သရုပ်ဆောင်တွေ၊ ထုတ်လုပ်သူတွေ၊ ဒါရိုက်တာတွေနဲ့ ရုပ်ရှင်အနုပညာရှင် ၁၁,၀၀၀ လောက်က အော်စကာရုပ်ထုဆုရှင်တွေကို ရွေးချယ်ပေးမှာ ဖြစ်ပါတယ်။
Forum