ဝါရှင်တန် ဒီစီမြို့တော်မှာ ကျင်းပနေတဲ့ ကွန်ဆာဗေးတစ် နိုင်ငံရေးလှုပ်ရှားမှုညီလာခံ CPAC မှာ အမေရိကန်ဒုသမ္မတ JD Vance မနေ့ ဖေဖော်ဝါရီ ၂၀ ရက်နေ့က မိန့်ခွန်းပြောကြားခဲ့ပါတယ်။ ဒုသမ္မတက နိုင်ငံခြားရေးမူဝါဒနဲ့ဆိုင်တဲ့ သူ့ရဲ့ ကွန်ဆာဗေးတစ်နိုင်ငံရေးအမြင်တွေကို မိန့်ခွန်းထဲမှာ ပြောကြားခဲ့ပါတယ်။
“ဥရောပတိုက်နဲ့ အမေရိကန်ပြည်ထောင်စုကြား မဟာမိတ်အဖြစ်နဲ့ ဆက်ပြီး တည်ရှိနေမယ်ဆိုတာ ကတော့ ရှင်းပါတယ်။ ဒါပေမယ့် အဲဒီ မဟာမိတ်ပြုမှုရဲ့ အားကောင်းခြင်းမကောင်းခြင်းဟာ နှစ်နိုင်ငံ လူမှုအသိုင်းအဝန်းကို မှန်ကန်တဲ့လမ်းကြောင်းဆီ ဦးတည်ပေးမလားဆိုတဲ့အပေါ်မှာ မူတည်ပါလိမ့် မယ်” - လို့ ဒုသမ္မတ JD Vance က ပြောသွားတာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရေးမှာ ဩဇာရှိတဲ့စုဝေးမှုအဖြစ် သတ်မှတ်ထားတဲ့ CPAC နှစ်ပတ်လည် ညီလာခံကို ရီပတ်ဘလီကန်ပါတီရဲ့ ထိပ်တန်းခေါင်းဆောင်တွေအပြင် ဗြိတိန်၊ ပိုလန်၊ ဟန်ဂေရီ၊ အီတလီနဲ့ အာဂျင်တီးနားစတဲ့ နိုင်ငံတကာက လက်ယာယိမ်းခေါင်းဆောင်တွေ၊ ကွန်ဆာဗေးတစ်ပါတီဝင်တွေပါ ဒီနှစ် တက်ရောက်ကြပါတယ်။
သမ္မတ Trump အစိုးရရဲ့ ပြောင်းလဲလာနေတဲ့ နိုင်ငံခြားရေးမူဝါဒကြောင့် နှစ်ပေါင်း ၈၀ လောက် ခိုင်မာစွာတည်ရှိလာခဲ့တဲ့ အမေရိကန်-ဥရောပ မဟာမိတ်ဆက်ဆံရေးဟာ တဖြည်းဖြည်း ယိုယွင်းလာ နေတာကို တွေ့ရတယ်လို့ လေ့လာသူပြောပါတယ်။ ဒါပေမယ့်လည်း ဥရောပက လက်ယာယိမ်း အမြင်ရှိသူတွေကလည်း သမ္မတ Trump အစိုးရရဲ့ ပေါ်လစီကို ထောက်ခံနေကြပါတယ်။
ကွန်ဆာဗေးတစ် အတွေးအမြင်နိုင်ငံရေးမှာ Donald Trump ကို ထိပ်တန်းရောက်အောင် CPAC ညီလာခံကနေပဲ စင်တင်ပေးခဲ့တာဖြစ်ပါတယ်။ မနက်ဖြန် ဖေဖော်ဝါရီ ၂၂ ရက်၊ စနေနေ့ကျရင် တော့ သမ္မတ Trump တက်ရောက် မိန့်ခွန်းပြောကြားဖို့ရှိပါတယ်။
Forum