သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အလုပ်သမားတွေ သေဆုံးရမှု ထိထိရောက်ရောက် အရေးယူဖို့ ပါကစ္စတန်ကို တရုတ်ဖိအားပေး


{{Zawgyi/Unicode}}

ပါကစ္စတန်နိုင်ငံ မှာ ကားဗုံးပေါက်ကွဲမှုကြောင့် တရုတ်အလုပ်သမား ၉ ဦးနဲ့ ပါကစ္စတန်အလုပ်သမား ၃ ဦး သေဆုံးခဲ့ရတာနဲ့ ပတ်သက်ပြီး သေသေချာချာ စုံစမ်းစစ်ဆေးဖို့နဲ့ ဒီအကြမ်းဖက်မှုလုပ်ဆောင်သူတွေကို အပစ်ပေးအရေးယူဖို့ တရုတ်ဝန်ကြီးချုပ် Li Keqiang က ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan ကို သောကြာနေ့က တယ်လီဖုံးနဲ့ ဆက်သွယ်ပြောကြားခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်ကလည်း ဒီဖြစ်ရပ်အတွက် သေသေချာချာ စုံစမ်းမှာ ဖြစ်သလို ပါကစ္စတန်နဲ့ တရုတ်တို့ရဲ့ ညီရင်းအကိုဆက်ဆံရေး ပျက်ပြားစေမယ့် လုပ်ရပ်ကို လုပ်ခွင့်ပြုမှာ မဟုတ်ကြောင်း ဝန်ကြီးချုပ်ရုံးက ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။

ဗုဒ္ဓဟူးနေ့က ပါကစ္စတန် အနောက်မြောက်ပိုင်း Kohistan ဒေသက တရုတ်အစိုးရထောက်ပံ့မှုနဲ့ ဆောက်လုပ်နေတဲ့ Dasu ရေအားသုံးလျှပ်စစ် စက်ရုံစီမံကိန်းက တရုတ်နဲ့ ပါကစ္စတန် အလုပ်သမားတွေကို သယ်ပို့ပေးနေတဲ့ ဘတ်စကား ၂ စင်းကို ပစ်မှတ်ထားပြီး အသေခံဗုံးခွဲတယ်လို့ သံသယရှိတဲ့ တိုက်ခိုက်မှု ဖြစ်ပွါးခဲ့တာပါ။

ဒါဟာ မကြာခင်နှစ်တွေ အတွင်း ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံသားသေဆုံးမှု အများဆုံး ဖြစ်ရပ်တခုလည်း ဖြစ်ပါတယ်။

ဒီဖြစ်ရပ်ကို ပါကစ္စတန်အရာရှိတွေက အစောပိုင်းမှာ စက်ချို့ယွင်းမှုကနေ ဖြစ်ပွါးတဲ့ မတော်တဆမှု တခုအဖြစ် ပြောကြားခဲ့ပေမယ့် ကြာသပတေးနေ့ကတော့ ပါကစ္စတန်ပြန်ကြားရေးဝန်ကြီးက ဒီဖြစ်ရပ်ကနေ ဖေါက်ခွဲရေးပစ္စည်း အပိုင်းအစတွေတွေ့ရတဲ့ အတွက် အကြမ်းဖက် တိုက်ခိုက်မှု တခု အဖြစ်ရည်ညွှန်းပြောဆိုပြီး မတော်တဆမှုဖြစ်နိုင်ချေကိုလည်း ပယ်မချခဲ့ပါဘူး။

ပါကစ္စတန်စုံစမ်းစစ်ဆေးသူ တွေဆီက ရတဲ့ သတင်းအရ ပေါက်ကွဲမှုဖြစ်ပွါးတဲ့ ကားနဲ့ ကားမောင်သူရဲ့ ကြွင်းကျန်တဲ့ ခန္ဓာအစိတ်အပိုင်းတွေကို စစ်ဆေးရာမှာ အသေခံကား ဗုံးခွဲတာ ဖြစ်နိုင်ကြောင်း ပြောပါတယ်။

ပါကစ္စတန်နိုင်ငံမှာ တရုတ်နိုင်ငံသားတွေ အခုလို အတိုက်ခိုက်ခံရတာဟာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

တရုတ်နဲ့ ပါကစ္စတန်တို့ဟာ အနီးကပ်မဟာမိတ်တွေ ဖြစ်ကြပြီး မကြာခင် နှစ်တွေအတွင်းမှာ တရုတ်က ပါကစ္စတန်မှာ လမ်းတွေနဲ့ ဆက်သွယ်ရေးကွန်ယက်တွေ၊ ဆိပ်ကမ်းတွေ၊ လျှပ်စစ်ဓါတ်အားပေးစက်ရုံတွေ တည်ဆောက်ရေးအတွက် ဒေါ်လာဘီလီယံနဲ့ချီ ရင်းနှီးမြှုပ်နှံထားတာ ဖြစ်ပါတယ်။

...............................................

{{Unicode}}









XS
SM
MD
LG