သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ခန့်အပ်


ပါကစ္စတန်နိုင်ငံမှာ ဝန်ကြီးချုပ်သစ် အဖြစ် Shahid Khaqan Abbasi (ရှာဟိဒ် ဟာခန်း အဘာစီ) အင်္ဂါနေ့က ကျမ်းသစ္စာ ကျိန်ဆိုခဲ့ပါတယ်။ အဂတိလိုက်စားမှု စွဲချက်တွေကြောင့် Nawaz Sharif ဝန်ကြီးချုပ် တာဝန် ဆက်မယူသင့်ဘူးလို့ တရားလွှတ်တော်ချုပ်က ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဆုံးဖြတ်ခဲ့ပြီးနောက် Mr. Sharif ရာထူးကနေ နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် Abbasi ဟာ ဝန်ကြီးချုပ်ဟောင်း Sharif ကို အမာခံ ထောက်ခံသူ ဖြစ်သလို လက်ရှိအာဏာရ Pakistan Muslim League-Nawaz ပါတီရဲ့ အကြီးတန်း အဖွဲ့ဝင်ဖြစ်ပါတယ်။ နိုင်ငံရဲ့ ရေရှည် ဝန်ကြီးချုပ်အဖြစ် ဝန်ကြီးချုပ်ဟောင်း Nawaz Sharif ရဲ့ညီ Shahbaz Sharif ကို တာဝန်ပေးဖို့ အာဏာရပါတီက လိုလားတာပါ။

ဒါပေမဲ့ လွှတ်တော်မှာ လစ်လပ်သွားတဲ့ Nawaz Sharif ရဲ့ နေရာမှာ အစားထိုးမယ့်သူ ရွေးချယ်မှုတွေ စတင်ဖို့ ၄၅ ရက်လောက် စောင့်ရမှာ ဖြစ်ပါတယ်။ အသက် ၆၅ နှစ်ရွယ် Shahbaz Sharif ဟာ Pakistan မှာ လူဦးရေ အထူထပ်ဆုံး Punjab ပြည်နယ်ရဲ့ ဝန်ကြီးချုပ်ဖြစ်ပြီးနောက်လကျင်းပမဲ့ လွှတ်တော်ကြားဖြတ် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိပါတယ်။

Shahbaz Sharif လွှတ်တော်အမတ် ဖြစ်လာပြီမှ လက်ရှိဝန်ကြီးချုပ် Abbasi ထံက ရာထူးလွှဲပြောင်းယူဖို့ မျှော်လင့်ထားတာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်သစ် Mr. Abbasi က သူ့အနေနဲ့ ၄၅ ရက်ပဲဖြစ်ဖြစ် ၄၅ နာရီပဲ ဖြစ်ဖြစ် ဝန်ကြီးချုပ်တာဝန် ယူရတဲ့ ကာလအတွင်း နိုင်ငံအတွက် အရေးကြီးတဲ့ ကိစ္စတွေကို ဆောင်ရွက်သွားမယ်လို့ ကျမ်းကျိန်ပွဲမှာ ပြောကြားသွားပါတယ်။ အမတ် ၃၄၂ ယောက်ရှိတဲ့ အောက်လွှတ်တော်မှာ PML-N ပါတီရဲ့ အမတ်တွေက အများစု လွှမ်းမိုးထားပြီး အင်္ဂါနေ့ အစောပိုင်းက မဲခွဲခဲ့တာမှာ Mr. Abbasi ကိုထောက်ခံမဲ ၂၂၁ မဲရရှိခဲ့ပါတယ်။ အတိုက်အခံPakistan People’s Party က ပြိုင်ဘက် Syed Naveed Qamar ကတော့ ထောက်ခံမဲ ၄၇ မဲသာရရှိခဲ့ပါတယ်။

ပါကစ္စတန်ဝန်ကြီးချုပ်သစ် ခန့်အပ်
please wait

No media source currently available

0:00 0:01:04 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG