သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါကစ္စတန်အနောက်မြောက် အကြမ်းဖက်နယ်မြေမှာ ရွေးကောက်ပွဲ ကျင်းပ


လွန်ခဲ့တဲ့ နှစ်အနည်းငယ်အထိ နိုင်ငံတကာ အကြမ်းဖက်သမားတွေရဲ့ ဗဟိုချက်ဒေသလို့ တင်စားခေါ်ကြတဲ့ ပါကစ္စတန် အနောက်မြောက်ဘက် အာဖဂန်နဲ့ ပါကစ္စတန် နယ်စပ်ဒေသမှာ ပထမဦးဆုံးသော ဒေသဆိုင်ရာ ရွေးကောက်ပွဲကို ပါကစ္စတန်နိုင်ငံက စနေနေ့မှာ ကျင်းပခဲ့ပါတယ်။

ဗဟိုအစိုးရက တိုက်ရိုက် ကိုင်တွယ်အုပ်ချုပ်တဲ့ လူမျိုးစုဒေသလို့ ခေါ်တဲ့ FATA ဒေသက ခရိုင် ခုနစ်ခုမှာ ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့ တယ်လို့ ပါကစ္စတန် တာဝန်ရှိသူတွေကပြောပါတယ်။

ဒီရွေးကောက်ပွဲတွေဟာ ဒေသတွင်းနဲ့ ကမ္ဘာကပါ ကြိုးပမ်းနေတဲ့ အာဖဂန်ငြိမ်းချမ်း ရေးရဖို့အတွက်ရော အစွန်းရောက်မှုကို တန်ပြန်ရာမှာ အထောက်အကူဖြစ်လာစေဖို့ ပါကစ္စတန်အစိုးရရဲ့ လုပ်ဆောင်ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲမှာ မဲပေးဖို့ မှတ်ပုံတင်သူပေါင်း ၂.၈ သန်းလောက်ရှိပြီး Khyber Pakhtunkhwa ပြည်နယ်လွှတ်တော်ထဲက အမတ် ၁၆ နေရာ အတွက် ကိုယ်စားလှယ်ပေါင်း ၂၈၅ ဦးထဲက ရွေးချယ်ကြတာ ဖြစ်ပါတယ်။

ဝင်ရောက်ယှဉ်ပြိုင်သူတွေထဲမှာ အဓိက နိုင်ငံရေးပါတီကြီးက အမျိုးသမီးကိုယ်စားလှယ် နှစ် ဦး ပါဝင်တယ်လို့ ဆိုပါတယ်။ ရွေးကောက်ပွဲအတွက် လုံခြုံရေးတင်းကြပ်ခဲ့ပြီး အခုချိန်ထိ အကြမ်းဖက်မှု တစုံတရာ ပေါ်ပေါက်တာမျိုး မရှိသေးပါဘူး။

ဒီသမိုင်းဝင်ရွေးကောက်ပွဲဟာ ပါကစ္စတန်ဝန်ကြီးချုပ် Imran Khan က အမေရိကန်သမ္မတနဲ့ ပထမဦးဆုံးအကြိမ် တွေ့ဆုံဖို့ ခရီးထွက်ချိန်နဲ့လည်း တိုက်ဆိုင်နေပါတယ်။

ဝန်ကြီးချုပ် Khan နဲ့ သမ္မတထရမ့်တို့ဟာ တနင်္လာနေ့ အိမ်ဖြူတော်မှာ တွေ့ဆုံဖို့ရှိပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး အပါဝင် အခြားသော ကာကွယ်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေးကိစ္စတွေကို ဆွေးနွေးဖို့ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG