သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာဖဂန်နယ်စပ် စစ်သွေးကြွပစ်မှတ်တွေ ပါကစ္စတန်လေကြောင်းကတိုက်ခိုက်


အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်မှာတွေ့ရတဲ့ အာဖဂန်ဒုက္ခသည်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၂၊ ၂၀၂၃)
အာဖဂန်နစ္စတန်-ပါကစ္စတန်နယ်စပ်မှာတွေ့ရတဲ့ အာဖဂန်ဒုက္ခသည်များကိုတွေ့ရစဉ် (နိုဝင်ဘာ ၁၂၊ ၂၀၂၃)

အာဖဂန်နစ္စတန်က စစ်သွေးကြွတွေခိုအောင်းနေတယ်လို့ သံသယရှိတဲ့နေရာတွေကို တနင်္လာနေ့အစောပိုင်း ပါကစ္စတန်က နယ်စပ်ဖြတ်ကျော် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ အတွက် လူအများအပြားသေဆုံးတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒီတိုက်ခိုက်မှုဟာ တကမ္ဘာလုံးက အကြမ်းဖက်အဖြစ်သတ်မှတ်ထားတဲ့ Tehrik-e-Taliban Pakistan (TTP) စစ်သွေးကြွတွေနဲ့ ဆက်နွယ်နေတဲ့နေရာတွေကို ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တဲ့အကြောင်း အမည်မဖော်လိုတဲ့ ပါကစ္စတန် လုံခြုံရေးအရာရှိတဦးက VOA ကိုပြောဆိုတာပါ။ ပြီးခဲ့တဲ့ စနေနေ့က နယ်စပ်ဒေသ North Waziristan မှာရှိတဲ့ ပါကစ္စတန်စစ်တပ်အခြေစိုက်စခန်းတခုကို TTP စစ်သွေးကြွတွေ ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့တဲ့အတွက် ပါကစ္စတန်အရာရှိ ၂ ဦးအပါအဝင် တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့တာကို ပါကစ္စတန်က လက်တုံ့ံ့န်တိုက်ခိုက်တာလို့ ယူဆရပါတယ်။

တနင်္လာနေ့အစောပိုင်း အာဖဂန်နစ္စတန်နိုင်ငံ အရှေ့တောင်ပိုင်း Paktika နဲ့ Khost ပြည်နယ်က နေရာတော်တော်များများကို ပါကစ္စတန်က လေကြောင်းကတိုက်ခိုက်ခဲ့တာကြောင့် အမျိုးသမီးတွေနဲ့ ကလေးငယ်တွေအပါအဝင် အရပ်သား ၈ ဦးသေဆုံးခဲ့တယ်လို့ အာဖဂန် တာလီဘန်တွေက ပြောဆိုပါတယ်။ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid က ဒီတိုက်ခိုက်မှုကို ပြင်းပြင်းထန်ထန်ရှုတ်ချပြီး ဒါဟာ နယ်မြေချိုးဖောက်မှုဖြစ်တယ်လို့ပြောဆိုပါတယ်။

ပါကစ္စတန်ဒါမှမဟုတ် တခြားနိုင်ငံကို တိုက်ခိုက်နေတဲ့ စစ်သွေးကြွအဖွဲ့တွေကို တာလီဘန်အစိုးရအနေနဲ့ အာဖဂန်မြေမှာ အခြေချခွင့်ပြုထားတယ်ဆိုတဲ့အချက်ကိုလည်း သူက ငြင်းဆိုပါတယ်။ အာဖဂန်နစ္စတန်ပိုင်နက်တွင်း ပြဿနာတွေနဲ့ ပတ်သက်လို့ ပါကစ္စတန်အနေနဲ့ ပြစ်တင်ပြောဆိုခွင့်မရှိသလို အခုလုပ်ရပ်ကြောင့် ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာနိုင်တယ်လို့ တာလီဘန်ပြောခွင့်ရ Zabihullah Mujahid ကပြောဆိုပါတယ်။ TTP စစ်သွေးကြွအဖွဲ့ သီးခြားထုတ်ပြန်ချက်မှာတော့ ပါကစ္စတန်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေက အာဖဂန်နယ်စပ်ဒေသ ပါကစ္စတန်ဒုက္ခသည်စခန်းတွေကို ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG