သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တာလီဘန်လက်အောက် အာဖဂန်အမျိုးသမီးသတင်းသမား


တာလီဘန်တွေအုပ်ချုပ်မှုကြောင့် အာဖဂန်ကနေ ထွက်ခွါလာရတဲ့ သတင်းသမားနဲ့ ဥပဒေကျောင်းသူဟောင်း Nadia Momand (Photo: VOA video ss)
တာလီဘန်တွေအုပ်ချုပ်မှုကြောင့် အာဖဂန်ကနေ ထွက်ခွါလာရတဲ့ သတင်းသမားနဲ့ ဥပဒေကျောင်းသူဟောင်း Nadia Momand (Photo: VOA video ss)

Nadia Momand က အာဖဂန်နစ္စတန်က သတင်းထောက်၊ ဥပဒေ ကျောင်းသူ တဦး ဖြစ်ပါတယ်။ ဒါပေမဲ့ တာလီဘန်တို့ အာဏာရလာပြီးနောက်မှာတော့ ဌာနေနဲ့ သူမ မျှော်မှန်းချက် အိပ်မက်တွေကို စွန့်လွှတ်ခဲ့ရပါတယ်။ Muska Safi ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

Nadia Momand က ပြည်တွင်း ရုပ်သံဌာန Enikass မှာ အစီအစဉ်တင်ဆက်သူဖြစ်သလို ဂျလာလာဘတ်မှာရှိတဲ့ Nangarhar တက္ကသိုလ်မှာ ဥပဒေ ဘာသာရပ်ကို သင်ယူနေသူဖြစ်ခဲ့ပေမဲ့ အခုတော့ အားလုံး ဆုံးရှုံးခဲ့ပါပြီ။ အာဖဂန်မှာ တာလီဘန်တို့ အာဏာရပြီးနောက်ပိုင်း အမျိုးသမီးတွေကို အခြေခံ ပညာအဆင့်ကိုကျော်လွန်ပြီး ပညာသင်ကြားခွင့်မပေးတော့ပါဘူး။ သတင်းသမားဟောင်း Nadia Momand က အခုလို ပြောပါတယ်။

"တာလီဘန်တွေတက်လာတော့ ကျမ ပညာဆက်သင်ခွင့် မရတော့ပါဘူး။ သတင်းသမားလည်း လုပ်လို့မရတော့ပါဘူး။ ကျမက ရှေ့နေတဦး ဖြစ်ချင်ခဲ့တာပါ။ တာလီဘန်တွေ အာဏာပြန်ရသွားတော့ ကျမ ကျောင်းပြီးအောင် ဆက်တက်လို့ မရတော့ပါဘူး။"

ပိုဆိုးတာကတော့ သတင်းသမားတဦး၊ အမျိုးသမီးတဦးအနေနဲ့ သူမလုံခြုံရေးကို စိုးရိမ်ခဲ့ရပါတယ်။ Nadia Momand က

"အစပိုင်းမှာ အခက်အခဲတွေ ရှိခဲ့ပါတယ်။ ၂ ကြိမ် ပစ်မှတ်ထားခံခဲ့ရပါတယ်။ ကျမကိုသတ်ပစ်ဖို့ ကြိုးစားခဲ့ကြပေမဲ့ မအောင်မြင်ခဲ့တာပါ။ ကျမရဲ့ လုပ်ဖော်ကိုင်ဖက်တွေ အသတ်ခံရပါတယ်။"

မီဒီယာအလုပ်နဲ့ ရှေ့နေဖြစ်ရေးရည်မှန်းချက်၊ နောက် နိုင်ငံရင်းကို စွန့်ခွာခဲ့ရတဲ့ အသက် ၂၀ အရွယ် Momand ဟာ အခုတော့ ပါကစ္စတန်နိုင်ငံ Peshawar မှာ နေထိုင်နေပါတယ်။ သူမတယောက်တည်း ဒီလို ကြုံရတာတော့ မဟုတ်ပါဘူး။ တာလီဘန်တို့ အာဏာရယူပြီးနောက်ပိုင်း ထောင်နဲ့ချီတဲ့ သတင်းသမားတွေ အလုပ်ပြုတ်ကြပါတယ်။ အမျိုးသမီး သတင်းသမား ၈၀ ရာခိုင်နှုန်းကျော်ဟာ အလုပ်ကို စွန့်လွှတ်ခဲ့ရတယ်လို့ နယ်စည်းမထား သတင်းသမားများ အဖွဲ့က ဖော်ပြပါတယ်။ မီဒီယာရေးရာ ကျွမ်းကျင်သူ Elisa Lees Munoz က အခုလို ပြောပါတယ်။

"လူမြင်ကွင်းကို ထွက်ကြတဲ့အမျိုးသမီးတွေကို ပစ်မှတ်ထားကြတဲ့၊ သူတို့ အခွင့်အရေးတွေကို ခြိမ်းခြောက်ခံရတဲ့ လူမှု အသိုင်းအဝိုင်းတွေနဲ့ အာဖဂန်နစ္စတန်၊ အီရန်လိုနိုင်ငံတွေက မီဒီယာကဏ္ဍမှာ ပါဝင်ဆောင်ရွက်ဖို့ အခြေအနေ မပေးတာကို တွေ့ရပါတယ်။ ဒါကြောင့်လည်း ဒီ အသံတွေ လစ်ဟင်းနေတာပါ။"

Enikass ရုပ်သံမှာတော့ Momand က မျက်မှောက်ရေးရာနဲ့ ဖျော်ဖြေရေး သတင်း တင်ဆက်ခဲ့ပါတယ်။ အမျိုးသမီး ရေးရာတွေကို အလေးပေးတဲ့ အစီအစဉ်တွေကို သူမက အားသာပါတယ်။ ဒါပေမဲ့လည်း သတင်းတင်ဆက်ဖို့ မဖြစ်နိုင်တော့ဘူးလို့ သူမက ပြောပါတယ်။

"အဲဒီမှာ ဆက်ရှိနေကြတဲ့ သတင်းသမားတွေလည်း ပြဿနာပေါင်းစုံ ရင်ဆိုင်နေရပါတယ်။ သူတို့အပေါ် တားမြစ်ကန့်သတ်ချက်တွေကလည်း နေ့စဉ်၊ အပတ်စဉ်၊ လစဉ် လတိုင်း ချမှတ်နေတာပါ။ အသက်ရှုချောင်ဖို့အတွက် နိုင်ငံတွင်းကနေ မဖြစ်မနေ ထွက်ပြေးကြရမှာပါ။"

လုံခြုံတဲ့ နေရာရှာဖို့ Momand နဲ့ အကိုဖြစ်သူတို့ အာဖဂန်နစ္စတန်ကနေ ထွက်ခွာခဲ့တာပါ။ ဒါပေမဲ့လည်း ပါကစ္စတန်ဘက်က နိုင်ငံတွင်း အထောက်အထားမဲ့ ဒါမှမဟုတ်လည်း ဗီဇာရက်လွန်နေထိုင်တဲ့ အာဖဂန်တွေကို အတင်းအကျပ် နေရပ်ရင်းကို ပြန်ပို့နေပါတယ်။ Momand ကတော့ နေထိုင်ခွင့် ဗီဇာ ရှိပေမဲ့ ရှေ့ရေးက မရေမရာဖြစ်နေတယ်လို့ ပြောပါတယ်။

"စိတ်အေးချမ်းလိုတဲ့အတွက် ပါကစ္စတန်ကို လာခဲ့တာပါ။ အနည်းဆုံးတော့ ကျမ ရင်ဆိုင်နေရတဲ့ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်မှုတွေ၊ ဖိစီးမှုတွေကနေ အဝေးကို ထွက်လာတာပါ။ ဒါပေမဲ့လည်း ဒီမှာလည်း အေးအေးဆေးဆေး မရှိပါဘူး။"

ခိုလှုံစရာ နေရာသစ် ရှာလိုတယ်လို့ Momand က ပြောပါတယ်။ ဆုံးခန်းတိုင် ပညာသင်ကြားနိုင်ပြီး အာဖဂန် အမျိုးသမီးတွေအရေး ပိုပြီး ထုတ်ဖော် ပြောဆိုနိုင်မယ့် ငြိမ်းချမ်းစွာ နေထိုင်နိုင်မယ့် နေရာတခုကို ရှာဖွေလိုတယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG