စပိန်နဲ့ နော်ဝေးနိုင်ငံတို့က ပါလက်စတိုင်းကို သီးခြားနိုင်ငံတခုအဖြစ် ဒီကနေ့ မေလ ၂၈ ရက်နေ့မှာ အသိအမှတ်ပြုလိုက်ကြပြီဖြစ်ပြီး အိုင်ယာလန်နိုင်ငံကလည်း မကြာခင်မှာ အသိအမှတ်ပြုဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ မေလ ၁၀ ရက်နေ့က ပါလက်စတိုင်းကို သီးခြားနိုင်ငံအဖြစ် အသိအမှတ်ပြုကြောင်း ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ထောက်ခံမဲပေးခဲ့ကြတဲ့ အဖွဲ့ဝင် ၁၄၃ နိုင်ငံနဲ့အတူ စပိန်၊ နော်ဝေးနဲ့ အိုင်ယာလန်နိုင်ငံတို့ကလည်း ရပ်တည်လိုက်ကြတာပါ။ အစ္စရေးကတော့ ဒီလုပ်ရပ်အပေါ် အပြင်းအထန် ကန့်ကွက်ခဲ့ပါတယ်။
နိုင်ငံတကာအသိုက်အဝန်းအနေနဲ့ အစ္စရေး-ပါလက်စတိုင်း နှစ်နိုင်ငံ အတူဒွန်တွဲ တည်ရှိရေးအတွက် ဦးတည် လုပ်ဆောင်ကြဖို့ နော်ဝေး နိုင်ငံခြားရေးဝန်ကြီး Espen Barth Eide က တောင်းဆိုလိုက်တဲ့ တချိန်ထဲမှာဘဲ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်နေတဲ့ ပါလက်စတိုင်း အုပ်ချုပ်ရေးအဖွဲ့ကို ချီးကျူးလိုက်ပြီး အစ္စရေးဘက်က အပြုသဘောဆောင်တဲ့ ထိတွေ့ ဆက်ဆံမှုမရှိတဲ့အပေါ် ပြစ်တင် ဝေဖန်လိုက်ပါတယ်။
စပိန်ဝန်ကြီးချုပ် Pedro Sánchez ကတော့ သီးခြား ပါလက်စတိုင်းနိုင်ငံအဖြစ် ဒီကနေ့ အသိအမှတ်ပြုလိုက်ခြင်းဟာ အစ္စရေးနဲ့ ပါလက်စတိုင်းအကြား ငြိမ်းချမ်းရေး ဆက်လက် တည်ရှိရေးအတွက် ရည်ရွယ်ကြောင်း ပြောပါတယ်။
အနာဂတ်မှာ ငြိမ်းချမ်းရေးတည်ရှိရေးနဲ့ ပါလက်စတိုင်းနဲ့ အစ္စရေးတို့ အတူ ဒွန်တွဲနေထိုင်ပြီး အစ္စရေးနိုင်ငံလည်း ငြိမ်းချမ်းရေးနဲ့ လုံခြုံမှုရှိစေမယ့် အဖြေဟာ ပါလက်စတိုင်းကို သီးခြားနိုင်ငံတခုအဖြစ် အသိအမှတ်ပြုတဲ့ နည်းလမ်းသာရှိတယ်လို့ သူက ပြောပါတယ်။
အခုလို ပါလက်စတိုင်း သီးခြားနိုင်ငံကို အသိအမှတ်ပြုခြင်းဟာ အစ္စရေးနဲ့ နှစ်နိုင်ငံ အတူဒွန်တွဲနေထိုင်ရေးဆိုတဲ့ မူဝါဒကို မလိုလားတဲ့ ဟာမတ်စ်အဖွဲ့ရဲ့ ရပ်တည်ချက်ကို လုံးဝ ဆန့်ကျင်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ စပိန်ဝန်ကြီးချုပ်က ပြောကြားလိုက်ပြီး အစ္စရေးကို ဆန့်ကျင်တဲ့ လုပ်ရပ်မဟုတ်ကြောင်း ပြောပါတယ်။
Forum